မောင်တောမြို့တွင် ချင်း (ဂျင်း) များဖြင့် ရောနှောတင်ဆောင်လာသော ကျပ်သိန်းပေါင်း ၈၀၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွ ဆေးပြား ၂၇ သိန်းကျော် စံချိန်တင် ဖမ်းဆီးရမိ

မောင်တောမြို့တွင် ချင်း (ဂျင်း) များဖြင့် ရောနှောတင်ဆောင်လာသော ကျပ်သိန်းပေါင်း ၈၀၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွ ဆေးပြား ၂၇ သိန်းကျော် စံချိန်တင် ဖမ်းဆီးရမိ
Published 18 August 2018

ချင်း (ဂျင်း) များဖြင့် ရောနှောတင်ဆောင်လာသော စိတ်ကြွ ဆေးပြားများအား တွေ့ရစဉ်

မောင်တောမြို့တွင် ချင်း (ဂျင်း) များဖြင့် ရောနှော တင်ဆောင်လာသော ကျပ်သိန်းပေါင်း ၈၀၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွ ဆေးပြား၂၇ သိန်းကျော်ကို သြဂုတ် ၁၇ ရက် ည ၇ နာရီ ကျော်က စံချိန်တင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

မောင်တောမြို့ ရွှေဇားကျေးရွာအုပ်စု ရွှေဇားတံတားအနီးတွင် တွေ့ရှိသည့် တစ်ဖက်နိုင်ငံသို့တင်ပို့မည့် ချင်း (ဂျင်း) များ တင်ဆောင်လာသော တေပါယာဉ်တစ်စီးအား ရပ်တန့်စစ်ဆေးရာမှ ချင်း (ဂျင်း) များဖြင့် ရောနှောတင်ဆောင်လာသော အဆိုပါ စိတ်ကြွ ဆေးပြား ပေါင်း ၂၇၆၆၀၀၀ ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ် ပြီး ယာဉ်မောင်းမှာ ထွက်ပြေးသွားကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မောင်တောခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ထွန်းမြင့်ထွန်းက“ ဒီကနေ့ညနေပိုင်းက ဆေးပြား သိန်း ၃၀ နီး ပါး ဖမ်းဆီးရမိပါတယ်။ တန်ဖိုးအားဖြင့်ဆိုရင် သိန်းပေါင်း ၈၃၀၀၀ နီးပါးရှိပါတယ်။ တရားခံကိုလည်း ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေပါတယ်” ဟု ပြောကြားသည်။

ဖြစ်စဉ်မှာ သြဂုတ် ၁၇ ရက် ညနေ ၇ နာရီ ၁၀ မိနစ်တွင် သတင်းအရ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ထွန်းမြင့်ထွန်းက အနီးကပ်ကြီးကြပ်၍ မောင်တောမြို့နယ် ရဲတပ်ဖွဲ့၊ မူး ယစ်တပ်ဖွဲ့စု (၄၆)၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သတင်းအရ မောင်တောမြို့နယ်ရွှေဇား ကျေးရွာအုပ်စု ရွှေဇားတံတားအနီးတွင် တွေ့ရှိသည့် တေပါယာဉ်ကို စစ်ဆေးရာ ဆာလာအိတ်များအတွင်း တစ်ဖက်နိုင်ငံသို့ပို့မည့် ချင်း (ဂျင်း) များဖြင့် ရောနှောထည့်ထားသော မြင်းချေးရောင်စက္ကူဖြင့် ထုပ်ထားသော တစ်ထုပ်လျှင် စိတ်ကြွ ဆေးပြား ၅၀၀၀၀ ပြားပါ ၅၅ ထုပ်၊ ဆေးပြား ၁၆၀၀၀ ပါ အထုပ်တစ်ထုပ် (စုစုပေါင်း မူးယစ်ဆေးဝါးအပြား ၂၇၆၆၀၀၀)  တစ်ပြား လျှင် ကာလတန်ဖိုး ကျပ် ၃၀၀၀ နှုန်းဖြင့် စုစုပေါင်း တန်ဖိုးကျပ် ၈၂၉၈၀၀၀၀၀၀ ကို သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်းနှင့် ဖြစ်စဉ်နှင့်ပတ်သက်၍ တရားခံအား စုံစမ်းရှာဖွေဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent