ကမ္ဘာတစ်ဝန်းလုံးတွင် ဒေါ်လာဈေး ဆက်လက်မြင့်တက်နေပြီး မြန်မာကျပ်ငွေတန်ဖိုးကျဆင်းမှု ဆက်လက်ဖြစ်ပွားပါက အထွေထွေ ကျပ်တည်းမှုများရှိလာမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ အထူးစီးပွားရေးအကြံပေး ရှောင်တာနယ် ပြောကြား

ကမ္ဘာတစ်ဝန်းလုံးတွင် ဒေါ်လာဈေး ဆက်လက်မြင့်တက်နေပြီး မြန်မာကျပ်ငွေတန်ဖိုးကျဆင်းမှု ဆက်လက်ဖြစ်ပွားပါက အထွေထွေ ကျပ်တည်းမှုများရှိလာမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ အထူးစီးပွားရေးအကြံပေး ရှောင်တာနယ် ပြောကြား
Published 18 August 2018

ကမ္ဘာတစ်ဝှမ်းအတိုင်းအတာများနှင့်ယှဉ်၍ ဒေါ်လာဈေးများ ဆက်လက်မြင့်တက်နေပြီး မြန်မာကျပ်ငွေတန်ဖိုးကျဆင်းမှု ဆက်လက်ဖြစ်ပွားပါက အထွေထွေကျပ်တည်းမှုများ ရှိလာမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏အထူးစီးပွားရေးအကြံပေး ရှောင်တာနယ်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

သြဂုတ် ၁၇ ရက် ညပိုင်းက ရန်ကုန်မြို့ရှိ Novotel ဟိုတယ်တွင် ကျင်းပသည့် Dr.Sean Turnell ၏ “Myanmar’s Economy 2018 Progress, Troblems, Possibilities” ဆွေးနွေးပွဲတွင် နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏အထူးစီးပွားရေး အကြံပေး ရှောင်တာနယ်အား The Daily Eleven သတင်းစာက ဒေါ်လာဈေးအတက်နှင့် မြန်မာကျပ်ငွေတန်ဖိုးကျဆင်းမှု ဆက်လက်ဖြစ်ပေါ်ပါက အထွေထွေကျပ်တည်းမှုများ ဖြစ်ပွားနိုင်သလား။ ဖြစ်ပွားမည်ဆိုပါက မည်သည့်အချိန်အထိ ဖြစ်ပွားနိုင်သလဲဟု မေးမြန်းချက်မှုအပေါ် ရှောင်တာနယ်က ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“လက်ရှိ ဖြစ်ပွားနေတဲ့အခြေအနေများက ကမ္ဘာ့တစ်ဝန်းမှာ ဖြစ်ပျက်နေတဲ့အခြေအနေများအပေါ် အများကြီးမူတည်ပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ နိုင်ငံခြား ငွေလဲလှယ်မှုနှုန်း မြင့်မားခြင်းနဲ့ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေတာတွေအပေါ်ကို သက်ရောက်မှုရှိနိုင်တဲ့အကြောင်းအချက်တွေက များပြားလွန်းလှပါတယ်။ ဥပမာတစ်ခုပေးရရင်တော့ လက်ရှိ တူရကီနိုင်ငံမှာ ဖြစ်ပွားနေတဲ့ စီးပွားရေးအကျပ်အတည်းတွေက လက်ရှိ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းတွေအပေါ် သက်ရောက်မှုရှိသလို ကုန်သွယ်ရေးနဲ့ ပတ်သက်ပြီး တရုတ်နဲ့အမေရိကန်ကြားထဲမှာ နားလည်မှုတစ်ခုရယူနိုင်ခဲ့တာမျိုးရှိခဲ့ရင် အခြေအနေအကောင်းအဖြစ် ပြောင်းလဲတာလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရေရှည်အကျပ်အတည်းတွေ ဆက်ရှိနေဦးမယ်ဆိုရင် အထွေထွေကုန်ဈေးနှုန်းတွေ တက်လာခြင်း အပါအဝင် တခြားသောအကျပ်အတည်းတွေလည်း ရှိကိုရှိလာနိုင်တယ်” ဟု ရှောင်တာနယ်က ပြောကြားသည်။

မြန်မာကျပ်ငွေတန်ဖိုး သိသိသာသာ ကျဆင်းသွားခြင်းသည် မြန်မာနိုင်ငံစီးပွားရေးဈေးကွက်ကို ထိလွယ်ရှလွယ်ဖြစ်နေပြီး မြန်မာကျပ်ငွေမှာ ကမ္ဘာတစ်ဝန်းမှ အားကိုးရသော ငွေသားတစ်ခုဟု ယုံကြည်မှုမရှိခြင်းကြောင့် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းထက် အဆင့်တူသောနိုင်ငံများထက် ပိုများကြောင်း၊ တရုတ်နိုင်ငံသို့ တင်သွင်းသည့် သကြားနှင့် ရေနံလုပ်ငန်းများ ပြန်လည်စတင်ခဲ့သောကြောင့် ကျပ်ငွေအပေါ် ဖိအားပေးမှုရှိနေကြောင်း၊ ပို့ကုန်လုပ်ငန်းတချို့မှရရှိမည်ဖြစ်သော နိုင်ငံခြားငွေသားများမှာ မြန်မာပြည်သို့ ပြန်လည်ရောက်ရှိခြင်းမရှိဘဲ နိုင်ငံခြားဘဏ်အကောင့်များတွင်သာ သိမ်းဆည်းထားမှု များကြောင်း စသည့်အကြောင်းတရားများကလည်း မြန်မာ့စီးပွားရေးကဏ္ဍအပေါ် အတိုင်းအတာတစ်ခုအထိ သက်ရောက်နေကြောင်း Sean Tumell က ဆွေးနွေးပြောကြားသည်။

“မြန်မာ့စီးပွားရေးလုပ်ငန်းတွေက အခြားနိုင်ငံမှာလုပ်ကိုင်ရတဲ့ စီးပွားရေးလုပ်ငန်းတွေထက် ပြိုင်ဆိုင်မှုပြင်းထန်တဲ့ အခြေအနေနဲ့ စီးပွားရေးမတည်ငြိမ်တဲ့ အခြေအနေများရဲ့ ဒဏ်ကို ပိုပြီးတော့ ခံစားရတယ်ဆိုတာကို တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီတော့ သြစတြေးလျနဲ့၊ အမေရိကန်နိုင်ငံနဲ့၊ အီးယူနိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းရဲ့ ခံနိုင်ရည်ရှိမှုကို လျှော့တွက်လို့ မရဘူး” ဟု ရှောင်တာနယ်က ဆိုသည်။

NLD အစိုးရလက်ထက်တွင် အစိုးရကသာ စီးပွားရေးတိုးတက်နေသည်ဟု ပြောကြားနေသော်လည်း ပုဂ္ဂလိကလုပ်ငန်းရှင်များက စီးပွားရေး လုပ်ရကိုင်ရအဆင်မပြေဖြစ်ကာ စီးပွားရေးကျဆင်းနေကြောင်း အကြံပြုမှုများ ရှိလာသကဲ့သို့ ပြည်သူများအကြားတွင် ကုန်ဈေးနှုန်းမြင့်တက်မှုများ၊ ငွေကြေးဖောင်းပွမှုနှင့် ကျပ်ငွေတန်ဖိုးကျဆင်းမှုများကြောင့် စားဝတ်နေရေးအကျပ်အတည်း ဖြစ်ပေါ်နေသည်။

“အကျပ်အတည်းက အခုမှမဟုတ်ပါဘူး။ အရင်ကတည်းက ဖြစ်နေတာ။ ဒါပေမဲ့ သူ (ရှောင်တာနယ်) ပြောတာက လိုရင်းမရောက်ဘူး ဖြစ်နေတယ်။ အဖြေမပါဘူး။ ဝေ့လည်ကြောင်ပတ်ဖြစ်နေတယ်။ ကျွန်တော်တို့မြန်မာပြည်က လုပ်ငန်းရှင်တွေ ပြည်သူတွေ လိုချင်တာ ဒီအဖြေမဟုတ်ဘူး။ လက်ရှိ ဘယ်လိုဖြေရှင်းမလဲ။ တစ်ခုခုပေါ့။ တိုးတက်တဲ့နိုင်ငံတွေမှာတော့ Incentive တွေပေးနေပြီ။ ကျွန်တော်တို့ မြန်မာပြည်မှာတော့ Incentive ရထိုက်တဲ့ကံ မပါလာဘူးလား။ ပညာရှင်တွေကို လေးစားပါတယ်။သီအိုရီပိုင်းတော့ အရမ်းမှန်တယ်။ ဒါပေမဲ့ လက်ရှိမြင်တဲ့အတိုင်းပဲ။ လက်တွေ့ အခြေအနေပိုင်းမှာဆိုရင် အားလုံးမြင်တဲ့အတိုင်း လှုပ်လှုပ်လှုပ်လှုပ်ဖြစ်နေတယ်။ ဘယ်အချိန်မှာထပြီးပေါက်ကွဲလာမလဲ မသိဘူး။ စီးပွားရေးသမားတွေ ညည်းနေကြပြီ။ သူတို့ရဲ့နောက်ကွယ်မှာလူတွေ သောင်းချီရှိနေကြတယ်။ စီးပွားရေးသမားဆိုတာ အမြတ်အစွန်းရဖို့လုပ်တယ်ဆိုတာ မှန်ပေမယ့်လည်း သူတို့အကြောက်ဆုံးက လုပ်ငန်းရပ်တန့်သွားမှာကို အကြောက်ဆုံးပဲ။ ရှုံးတာမြတ်တာကို မကြောက်ဘူး။ အလုပ်ရပ်သွားမှာကို ကြောက်တယ်” ဟု ရွှေလင်ပန်းစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအေးသောင်းက ပြောကြားသည်။

NLD ပါတီတွင် ဗဟိုစီးပွားရေးကော်မတီရှိနေသကဲ့သို့ NLD အစိုးရအဖွဲ့ကို ဦးဆောင်နေသူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တွင်လည်း အထူးစီးပွားရေးအကြံပေးပုဂ္ဂိုလ်အဖြစ် Dr. Sean Turnell ရှိနေသည်။ ထို့ကြောင့် The Daily Eleven သတင်းစာက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အထူးစီးပွားရေးအကြံပေးရှောင်တာနယ်အား “မြန်မာ့စီးပွားရေးအခြေအနေသည် လာမည့်ကာလများတွင် ရှောင်တာနယ်ခန့်မှန်းတွက်ချက် အကြံပေးခဲ့သကဲ့သို့ ဖြစ်မလာခဲ့ပါက မည်ကဲ့သို့ တာဝန်ယူသွားမည်ကို မေးမြန်းရာ ရှောင်တာနယ်က သူသည် စီးပွားရေး အကြံပေးတစ်ဦးသာဖြစ်ကြောင်း၊ သူကဲ့သို့ နိုင်ငံခြားသား ပညာရှင်တစ်ဦးအနေဖြင့် အကြံပေးတိုင်း မြန်မာအစိုးရက တစ်သဝေမတိမ်း ခေါင်းညိတ် လိုက်နာမည်မဟုတ်ကြောင်း၊ ပြည်သူအတော်များများ၏အမြင်တွင် နိုင်ငံခြားသားပညာရှင်များက ပိုပြီး ပွင့်လင်းစွာပြောဆိုသည့်အတွက် ဆုံးဖြတ်ချက်အာဏာရှိသည်ဟု အထင်လွဲမှုများရှိကြောင်း၊ စီးပွားရေးကဏ္ဍတွင်  လုပ်ကိုင်နေသော မြန်မာနိုင်ငံသားစီးပွားရေး ပညာရှင်များရှိကြောင်းနှင့် ၎င်းတို့အဓိက ဦးဆောင်နေသည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ရှောင်တာနယ်က ထိုသို့ ဖြေကြားသော်လည်း NLD ပါတီ၏ စီးပွားရေးကော်မတီဝင်တစ်ဦးကမူ NLD အစိုးရ၏ လုပ်ရပ်များဖြစ်ပြီး တိုင်းပြည်၏ ငွေကြေးကဏ္ဍအပေါ် သက်ရောက်မှုကြီးမားသည့် NLD အစိုးရ၏ စီးပွား ရေးမူဝါဒ ၁၂ ချက် ထုတ်ပြန်မှုကိုလည်း ကြိုတင်တိုင်ပင်သိရှိခွင့်မရှိခဲ့ကြောင်း၊ တိုင်းပြည်ကို ဂယက်ရိုက်စေမည့် ငွေမည်းခဝါချမည့် Tax Amnesty သုံးရာခိုင်နှုန်းနှင့် ငါးရာခိုင်နှုန်းတို့တွင်လည်း ကြိုတင်သိရှိမှုမရှိခဲ့ကြောင်း နှင့် လက်ရှိကျပ် ငွေတန်ဖိုးကျဆင်းမှုတွင် ဗဟိုဘဏ်၏ လုပ်ဆောင်ချက်ဖြစ်သည့် ပုဂ္ဂလိကဘဏ်များအပေါ် ဈေးမကစားနိုင်စေရန် ဘောင်ကန့်သတ်ထားမှုဖြစ်သော Plus or Minus 0.08 ပယ်ဖျက်ခဲ့မှုတွင်လည်း ကြိုတင်တိုင်ပင်သိရှိရမှုမရှိကြောင်း ပြောကြားသည်။

 

 

Most Read

Most Recent