မြောက်ဦးပဋိပက္ခဖြစ်စဉ်နှင့်ပတ်သက်၍ လူမှုကွန်ရက်တွင် ဝေဖန်မေးခွန်းထုတ်ခဲ့သဖြင့် ပုဒ်မ ၁၀ ဖြင့် အမှုဖွင့်ဖမ်းဆီးခံထားရသူ ဦးအောင်သန်းဝေအား စစ်တွေမြို့နယ်တရားရုံးတွင် (၇) ကြိမ်မြောက်ရုံးထုတ်ပြီး ရဲနှစ်ဦးနှင့် ထွေအုပ်ဝန်ထမ်းတစ်ဦးကို ၎င်းအနေဖြင့် တရားစွဲဆိုမည်ဟုဆို

မြောက်ဦးပဋိပက္ခဖြစ်စဉ်နှင့်ပတ်သက်၍ လူမှုကွန်ရက်တွင် ဝေဖန်မေးခွန်းထုတ်ခဲ့သဖြင့် ပုဒ်မ ၁၀ ဖြင့် အမှုဖွင့်ဖမ်းဆီးခံထားရသူ ဦးအောင်သန်းဝေအား စစ်တွေမြို့နယ်တရားရုံးတွင် (၇) ကြိမ်မြောက်ရုံးထုတ်ပြီး ရဲနှစ်ဦးနှင့် ထွေအုပ်ဝန်ထမ်းတစ်ဦးကို ၎င်းအနေဖြင့် တရားစွဲဆိုမည်ဟုဆို
Published 18 August 2018

မြောက်ဦး ပဋိပက္ခဖြစ်စဉ်နှင့်ပတ်သက်၍ လူမှုကွန်ရက်တွင် ရေးသားဖော်ပြမှုဖြင့်  နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကာကွယ်ရေးဥပဒေပုဒ်မ ၁၀ ဖြင့် အမှုဖွင့်ခံရပြီး ဇွန် ၂၁ ရက် ညနေပိုင်း က ဖမ်းဆီးခံခဲ့ရသော ဦးအောင်သန်းဝေအား သြဂုတ် ၁၇ ရက်က (၇) ကြိမ်မြောက်အဖြစ် စစ်တွေမြို့နယ်တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး တရားလိုပြသက်သေတစ်ဦးဖြစ်သော ထွေအုပ်ဝန်ထမ်းတစ်ဦးအား စစ်ဆေးခဲ့ကြောင်းနှင့် ရာဇဝတ်မကင်းသော ခြောက်လှန့်မှုဆိုကာ တရားလိုက ပုဒ်မ ၅၀၆ ဖြင့် သြဂုတ် ၁၀ ရက် က ထပ်မံပြီး တရားစွဲဆိုခြင်း ခံထားရကြောင်း သိရသည်။

ဦးအောင်သန်းဝေ၏ လူမှုကွန်ရက် Facebook စာမျက်နှာတွင် “လူသတ်လက်နက်နဲ့ ရခိုင်ပြည်နယ်အတွင်းရေးမှူး (ဟောင်း) ဦးတင်မောင်ဆွေ၊ မြောက်ဦးလူသတ်မှု (တရားခံ)ဘယ်သူလဲ” ဆိုသည့် ပို့စ်ကို ဇွန် ၁၈ ရက်က ရေးသားဖော်ပြမှုကြောင့် နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ် ဆိုင်ရာ လုံခြုံမှုကာကွယ်ရေးဥပဒေပုဒ်မ ၁၀ တို့ဖြင့်အမှုဖွင့် ဖမ်းဆီးကာ တရားရုံးတွင် အမှု ဖွင့်ထားခြင်းဖြစ်ကြောင်း သိရသည်။

“ဒီနေ့စက်ရုံရပ်ကွက်က အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးကို စစ်ပါတယ်။ သူတို့ထွက်ဆိုထားတဲ့ ထွက်ဆိုချက်က အမှုတွဲမှာမပါဘူး။ ကျွန်တော့်မှာ တရားဝင်ကိုင်ဆောင်ထားတဲ့ MPT ဆင်းမ်ကတ်ပါတဲ့ ဟန်းဆက်ကို စစ်တွေ မြို့မရဲစခန်းက ဒုရဲမှူးလှဌေးနဲ့ ရဲအုပ်အေးခင်မောင်တို့က ကျွန်တော်အလိုမတူဘဲ အဓမ္မလုယူသွားခဲ့တယ်။ ဒါပေမဲ့ လုယူသွားတဲ့ ဖုန်းတွေဟာ အမှုတွဲမှာပါမလာဘူး။ ဒါဟာ လုယက်မှု ဖြစ်တယ်။ နောက်တစ်ချက်က နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကာကွယ်ရေး ဥပဒေပုဒ်မ ၁၀ ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် လာမယ့်အပတ်မှာ ကျွန်တော်က ရဲဝန်ထမ်းနှစ်ဦးနဲ့ ထွေအုပ်ဝန်ထမ်းတစ်ဦးကို နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကာကွယ်ရေး ဥပဒေပုဒ်မ ၁၀ ကို တရားဥပဒေနဲ့အညီဆောင်ရွက်ပေးဖို့ တရားစွဲဆိုသွားမှာဖြစ်ပါတယ်။ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက မြန်မာနိုင်ငံမှာရှိတဲ့ တရားစီရင်ရေးကို ပြည်သူလူထုယုံကြည်အားကိုး လက်ခံနိုင်သော တရားစီရင်ရေးဖြစ်အောင် တရားသူကြီးတွေကို လမ်းညွှန်မှုပေးထားတယ်လို့ သိရတယ်။ ဒါကြောင့် မတရားနည်းနဲ့ ဖမ်းဆီးထားတဲ့ အမှုတွဲတွေဟာ စွဲချက်မတင်ခင် လွတ်မြောက်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု ဦးအောင်သန်းဝေက ပြောကြားသည်။

အဆိုပါအမှုအား လာမည့် သြဂုတ် ၂၄ ရက်သို့ပြန်လည်ချိန်းဆိုခဲ့ကြောင်း သိရသည်။

Most Read

Most Recent