ဆင်ပြတိုက်အား ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် ယခုနှစ်ကုန်တွင် ဖွင့်လှစ်မည်

ဆင်ပြတိုက်အား ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် ယခုနှစ်ကုန်တွင် ဖွင့်လှစ်မည်
Published 18 August 2018

ဆင်ပြတိုက်အား ရန်ကုန်တိရစ္ဆာန် ဥယျာဉ်တွင် ယခုနှစ်ကုန်တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ် ဝန်းကျင်ရန်ပုံငွေအဖွဲ့ (WWF)မှ သိရသည်။

အဆိုပါ ဆင်ပြတိုက်ဖွင့်လှစ်မှုမှာ မြန်မာနိုင်ငံအတွင်း ပထမဦးဆုံးအကြိမ်အနေဖြင့် ဖွင့်လှစ်မှုဖြစ်ပြီး ရန်ကုန် တိရစ္ဆာန်ဥယျာဉ် သဘာဝသမိုင်းပြတိုက်၊ သဘာသဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန၊ သစ်တောဦးစီးဌာန၊ မြန်မာ့သစ်လုပ်ငန်းနှင့် အခြားသော မိတ်ဖက်အဖွဲ့အစည်းများ၊ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ (WWF) တို့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

“ဆင်ပြတိုက်ကို ဖွင့်လှစ်ဖို့စီစဉ်ရတဲ့ အဓိကအကြောင်းရင်းကတော့ ကျွန်တော်တို့နိုင်ငံရဲ့ ယဉ်ကျေးမှုအရရော၊ ဂေဟစနစ်အရရော အရေးပါတဲ့အထဲမှာ ပါဝင်တဲ့ ဆင်တွေ မျိုးတုံးတော့မယ့် ပြဿနာနဲ့ ရင်ဆိုင်နေရတာကို အများပြည်သူသိရှိနိုင်အောင်ဖြစ်ပါတယ်။  အဲဒီကနေတစ်ဆင့် ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ဆင်တွေရဲ့ အစိတ်အပိုင်းတွေကနေ လုပ်ဆောင်ထားတဲ့ အသုံးအဆောင်တွေကို မဝယ်ယူမိနိုင်အောင်လို့ မက်ဆေ့ချ်ပေးဖို့ လည်းဖြစ်ပါတယ်။ ဆင်ပြတိုက်ကိုတော့ ယခုနှစ်ကုန်လာမယ့် ၂၀၁၉ အစပိုင်း လောက်ဖွင့်နိုင်ဖို့ ဆောင်ရွက်နေတယ်။ ဝင်ကြေးကတော့ အခမဲ့အနေနဲ့ ပြသဖို့ရည်ရွယ်ထားတယ်” ဟု (WWF) မှ အကြီးတန်း ဆက်သွယ်ဆက်ဆံရေးအရာရှိ ဦးစောလင်းထက်က သြဂုတ် ၁၇ ရက်တွင် ပြောကြားသည်။

ဆင်ပြတိုက်တွင် ဆင်ကျောက်ဖြစ်ရုပ်ကြွင်း မျိုးစိတ်ပေါင်း ၂၅ မျိုးနှင့် အရေအတွက်အားဖြင့် ၄၈ မျိုး၊ တောဆင်ရိုင်းသတ်ဖြတ်ခံရမှုနှင့် သက်ဆိုင်သောပုံများ၊ ဆင်အရိုး၊ ဆင်စွယ်များဖြင့် ပြုလုပ်ထားသော အသုံး အဆောင်ပစ္စည်း အမျိုးပေါင်း ၇၀၊ ဆင်အရိုး၊ ဆင်စွယ်များ၊ ဆင်စာအုပ်များနှင့် မှတ်တမ်းများ၊ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် တောဆင်ဖမ်းဆီးခြင်း စာချုပ်များအား ထားရှိပြသည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် တောရိုင်းဆင်များမှ တစ်ပတ်လျှင် တစ်ကောင်နှုန်းဖြင့် သတ်ဖြတ်ခံနေရပြီး ယခုချိန်တွင် နိုင်ငံအတွင်း တောရိုင်းဆင်ကောင်ရေ ၁၄၀၀ နှင့် ၂၀၀၀ ကြားတွင်သာ ကျန်ရှိသည်ဟု တရားဝင် ခန့် မှန်းထားသော်လည်း ယင်းပမာဏထက် လျော့နည်းနိုင်ကြောင်း VOICES FOR MOMOS(မိုမိုတို့အတွက် ရင်တွင်းစကားသံ လှုပ်ရှားမှုအဖွဲ့) ၏ ဖော်ပြမှုများအရ သိရသည်။

Most Read

Most Recent