ဆီးချိုသွေးချိုရောဂါဖြစ်နှုန်း တစ်ရှိန်ထိုး မြင့်တက်လာခြင်းကြောင့် လာမည့် ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာ့သေဆုံးမှု အများဆုံးရောဂါ နံပါတ် ၇ နေရာ၌ ရပ်တည်လာမည်ဖြစ်ကြောင်း WHO ခန့်မှန်း

ဆီးချိုသွေးချိုရောဂါဖြစ်နှုန်း တစ်ရှိန်ထိုး မြင့်တက်လာခြင်းကြောင့် လာမည့် ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာ့သေဆုံးမှု အများဆုံးရောဂါ နံပါတ် ၇ နေရာ၌ ရပ်တည်လာမည်ဖြစ်ကြောင်း WHO ခန့်မှန်း
Published 18 August 2018

မြန်မာ အပါအဝင် ကမ္ဘာ့နိုင်ငံများတွင် ဆီးချိုသွေးချိုရောဂါဖြစ်နှုန်း တစ်ရှိန်ထိုးမြင့်တက်လာခြင်းကြောင့် လာမည့် ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာ့ သေဆုံးမှုအများဆုံး ရောဂါ နံပါတ်၇ နေရာ၌ရပ်တည်လာမည်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ခန့်မှန်းထားသည်။

ဆီးချိုသွေးချိုရောဂါသည် ကူးစက်ခြင်းကြောင့် မဟုတ်သော ရောဂါများအနက် အဖြစ်များသော ရောဂါတစ်မျိုးဖြစ်ပြီး ၂၁ ရာစုနှစ်တွင် စိန်ခေါ်မှုအများဆုံး ရောဂါများအနက် တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ ၂၀၁၄ ခုနှစ်၌ ကမ္ဘာပေါ်တွင် ဆီးချိုသွေးချို ရောဂါရှိသူ စုစုပေါင်း ၄၂၂သန်းခန့် ရှိသည်ဟု International Diabetes Federation (IDF) မှ ခန့်မှန်းထားပြီး ရောဂါဖြစ်သည့် ဦးရေသည် အရွယ်ရောက်ပြီး လူဦးရေ၏ ၈ ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်း၊ တွေ့ရှိရပြီး မြန်မာနိုင်ငံ၏ ဆီးချိုသွေးချိုဖြစ်ပွားနှုန်း နှင့် ကူးစက်ခြင်းကြောင့်မဟုတ်သော ရောဂါများဖြစ်စေနိုင်သော အကြောင်းအချက်များ လေ့လာခြင်းစစ်တမ်းအရ အသက် ၂၅ နှစ်မှ ၆၄ နှစ်အတွင်းရှိသူများကို လေ့လာရာ ဆီးချိုသွေးချို ရောဂါမှာ ၁၀ ရာခိုင်နှုန်းကျော်ရှိ ကြောင်း တွေ့ရှိခဲ့ရသည်။

“လက်ရှိ မြန်မာနိုင်ငံရဲ့ ဆီးချို သွေးချို ဖြစ်နိုင်ခြေရှိတဲ့အကြို လူနာဦးရေက အမှန်တကယ် ရောဂါဖြစ်သူ ဦးရေထက်နှစ်ဆလောက် ပိုများနေတယ်။နိုင်ငံဖွံ့ဖြိုးတိုးတက်မှု၊ လူ တွေရဲ့နေထိုင်စားသောက်မှု၊ လူနေမှု ပုံစံပြောင်းလဲမှုတွေကြောင့် သွေးတိုး၊  ဆီးချို သွေးချို၊ အဝလွန်၊ နှလုံးသွေးကြောပိတ်၊ လေဖြတ်၊ ကင်ဆာရောဂါနဲ့နာတာရှည် အဆုတ်ရောင်ရောဂါလို စတဲ့ကူးစက်ခြင်းကြောင့် မဟုတ်တဲ့ရောဂါတွေ ဖြစ်ပွားနှုန်းက ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာတင်မကဘူး။ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာပါ တစ်နေ့တခြား တိုးပွားလာတယ်။ ဒီရောဂါတွေရဲ့ ဖြစ်ပွားမှုနှုန်း သာမက  နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်ပွားမှုကလည်း သိသိသာသာကို တိုးလာပါတယ်” ဟု   ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဆီးချို သွေးချိုရောဂါကာကွယ်ထိန်းသိမ်းရေး စီမံချက်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံ၏ ဆီးချိုသွေးချို ရောဂါ ဖြစ်ပွားမှုသည် လေ့လာချက်များအရ ၁၀ ဒသမ ၅ ရာခိုင်နှုန်းရှိပြီး ယင်းပမာဏသည် ကမ္ဘာဖြစ်ပွားမှုနှုန်း၊ ဒေသတွင်းဖြစ်ပွားမှု နှုန်းထက် မြင့်မားလျက်ရှိနေသည်ကိုတွေ့ရကြောင်း၊ လက်ရှိအချိန်တွင်သွေးတွင်း သကြားဓာတ်သည် ဆီးချိုသွေးချိုရောဂါဟု သတ်မှတ်လောက်အောင် မမြင့်သော်လည်း လူနေမှုပုံစံမပြင်ပါက သိပ်မကြာမီ ကာလတွင် ဆီးချိုသွေးချိုလည်း ဖြစ်လာမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ဆီးချိုသွေးချို အကြို လူနာဦးရေသည် တခြားနိုင်ငံများထက်ပိုများနေကြောင်း၊ နိုင်ငံအများစုတွင်  Prediabetes ဖြစ်ပွားမှုသည် ဆီးချိုသွေးချို လူနာဦးရေ၏ ထက်ဝက်မျှသာရှိသော်လည်း မြန်မာနိုင်ငံတွင် ဆီးချိုသွေးချိုလူနာ ဦးရေ ထက်နှစ်ဆခန့်ဖြစ်နေကြောင်း သိရသည်။

Most Read

Most Recent