၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဘတ်ဂျက်တွင်ဆောက်လုပ်ခဲ့ပြီး ပညာရေးဌာနသို့ မလွှဲအပ်ဖြစ်သေးသည့် ရမ်းဗြဲမြို့နယ် သရက်ချောင်း အလကနှစ်ထပ်ကျောင်းဆောင်သစ် အန္တရာယ်ဖြစ်နိုင်သည်ဟု ဆိုသဖြင့် ကွင်းဆင်းစစ်ဆေး

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဘတ်ဂျက်တွင်ဆောက်လုပ်ခဲ့ပြီး ပညာရေးဌာနသို့ မလွှဲအပ်ဖြစ်သေးသည့် ရမ်းဗြဲမြို့နယ် သရက်ချောင်း အလကနှစ်ထပ်ကျောင်းဆောင်သစ် အန္တရာယ်ဖြစ်နိုင်သည်ဟု ဆိုသဖြင့် ကွင်းဆင်းစစ်ဆေး
Published 18 August 2018

အန္တရာယ်ဖြစ်နိုင်သည်ဟုဆိုသဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ရသည့်သရက်ချောင်း အလက နှစ်ထပ်ကျောင်းဆောင်ကို တွေ့ရစဉ်

 

 

 

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ဘတ်ဂျက်တွင် ဆောက်လုပ်ခဲ့ပြီး ပညာရေးဌာနသို့ မလွှဲအပ်ဖြစ်သေးသည့် ရမ်းဗြဲမြို့နယ် သရက်ချောင်း အလက နှစ်ထပ်ကျောင်းဆောင်သစ် အန္တရာယ်ဖြစ်နိုင်သည်ဟုဆိုသဖြင့် ရခိုင်ပြည် နယ်လွှတ်တော်၊ ဆောက်လုပ်ရေး၊ ပို့ဆောင်ရေး၊ လမ်းပန်း၊ လျှပ်စစ်၊ စက်မှုလက်မှုရေး ရာကော်မတီမှ တာဝန်ရှိသူများ သြဂုတ် ၁၆ ရက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါကျောင်းအခြေအနေအား ရခိုင်ပြည်နယ် လွှတ်တော်၊ ဆောက်လုပ်ရေး၊ ပို့ဆောင်ရေး၊ လမ်းပန်း၊ လျှပ်စစ်၊ စက်မှုလက်မှုရေးရာကော်မတီဥက္ကဋ္ဌ ဦးသန်းနိုင် ဦးဆောင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့သည် မြို့နယ်အုပ်ချုပ်ရေးမှူး၊ လ/ထပညာရေးမှူးများနှင့်အတူ ကွင်းဆင်းပြီး အသေးစိတ်လေ့လာခြင်း၊ မေးမြန်းစုံစမ်းခြင်း၊ မှတ်တမ်းတင်ခြင်း၊ ညှိနှိုင်းဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါကျောင်းဆောင်တွင် စာသင်ခန်းတိုင်းလိုလို မိုးယိုနေပြီး မျက်နှာကြက် ပျက်စီးခြင်း၊ ကြမ်းခင်းများတွင် အက်ကြောင်းပေါ်ခြင်းနှင့် တံခါးစေ့မရခြင်းတို့ ဖြစ်ပေါ်နေသဖြင့် ကျောင်းသားကျောင်းသူများ စာမသင်ရဲဖြစ်နေကြောင်း သိရသည်။

ရခိုင်ပြည်နယ် လွှတ်တော်၊ ဆောက်လုပ်ရေး၊ ပို့ဆောင်ရေး၊ လမ်းပန်း၊ လျှပ်စစ်၊ စက်မှုလက်မှုရေးရာကော်မတီဥက္ကဋ္ဌ ဦးသန်းနိုင်က “ရမ်းဗြဲမြို့နယ်မှာ ဌာနဆိုင်ရာတွေ အကုန်လုံးနဲ့ တွေ့ဆုံတဲ့အခါ မြို့နယ်ပညာရေးမှူးက ၂၀၁၆-၂၀၁၇ ဘတ်ဂျက်မှာ ဆောက်ခဲ့တဲ့ကျောင်းဟာ အခုထိ ကျောင်းတက်လို့ မရဖြစ်နေပါတယ်။ အဲဒါကြောင့် လက်တွေ့ကွင်းဆင်း စစ်ဆေးပေးစေလိုပါတယ်လို့ တင်ပြတဲ့အတွက် ကျွန်တော်တို့က သွားပြီး စစ်ဆေးခဲ့ပါတယ်။ အဲဒီမှာတွေ့ရတာက ကျောင်းမျက်နှာကြက်တွေ၊ နောက်ပြီး First Floor မှာ အက်ကြောင်းဖြစ်နေတာတွေ တွေ့ရတယ်။ နောက်မျက်နှာကြက်ကိုလည်း သွပ်ကြိုးနဲ့ တွဲထားတယ်။ မျက်နှာကြက်တွေ ပျက်စီးနေတယ်။ မိုးယိုနေတာ အခန်းတိုင်းလိုလို လေးခန်းစလုံး မိုးယိုတယ်။ အဲဒါကြောင့် ကလေးတွေက စာမသင်ရဲဘူး။ မှန်တွေတပ် ထားတာတွေ ကွဲနေတယ်။ ပြတင်းတွေ၊ တံခါးတွေကလည်း ပိတ်လို့မရ စေ့လို့မရဖြစ်နေတယ်။ အဲဒါတွေကို တွေ့ရှိခဲ့ရပါတယ်” ဟု ပြောကြားသည်။

အဆိုပါ ကျောင်းဆောင်ဆောက်လုပ်ခဲ့သည့်ကုမ္ပဏီအား ကျောင်းဆောင်အား ပြန်လည်ပြုပြင်ရန် ညွှန်ကြားသွားမည်ဖြစ်ပြီး တွေ့ရှိချက်အစီရင်ခံစာအား ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြမည်ဖြစ်ကြောင်း  သိရသည်။ ထို့ပြင် အဆိုပါကျောင်းဆောင်အား ကျေးရွာရပ်မိရပ်ဖ၊ ကျောင်းကော်မတီ  နှင့် ဆရာ၊ ဆရာမတို့က လက်မခံဖြစ်နေကြကြောင်း သိရသည်။

“ကျွန်တော်တို့ကတော့ မြို့နယ်အုပ်ချုပ်ရေးမှူးကို ပြောခဲ့တယ်။ ကုမ္ပဏီကိုခေါ်ပြီးတော့ ပြန်လည်ပြုပြင်ပေးဖို့။ မလုပ်ပေးဘူးဆိုရင် ကျွန်တော်တို့အဖွဲ့ကို အကြောင်းကြားပေးဖို့ မှာခဲ့ပါတယ်။ ၂၀၁၆-၂၀၁၇ ဘတ်ဂျက်မှာ ဆောက်တဲ့ကျောင်းဟာ ၂၀၁၇- ၂၀၁၈ ကုန်သွားပြီ။ ပြီးတော့ ၂၀၁၈ ရဲ့ မီနီ ဘတ်ဂျက်တောင် နောက်လဆိုကုန်တော့မယ့်အနေအထားမှာ အခုအချိန်အထိ စာမသင်ရတဲ့အတွက်ကြောင့် အဲဒီ အလကကျောင်းဟာ ကျောင်းသား၂၁၀ ရှိတဲ့အတွက် အခန်းတွေလည်း မလုံမလောက်ဆိုတော့ ကျောင်းသားတွေ အခက်အခဲရှိပါတယ်။ ရွာကရပ်မိရပ်ဖတွေ၊ ကျောင်းကော်မတီတွေ၊ ဆရာ၊ ဆရာမတွေရော၊ ကျောင်းအုပ်ဆရာကြီးရော ဒီကျောင်းကို ကျွန်တော်တို့အနေနဲ့ လက်မခံလိုပါဆိုပြီးတော့ ကျွန်တော်တို့ကို ပြောဆို တင်ပြပါတယ်။ ကျွန်တော်တို့အဖွဲ့အနေနဲ့  ဒီဟာကို လွှတ်တော်မှာ လွှတ်တော်ဥက္ကဋ္ဌထံ အစီရင်ခံပြီး ဘာဆက်လုပ်ရမလဲဆိုတာကို လွှတ်တော်ဥက္ကဋ္ဌဆီကခွင့်ပြုချက်ရမှ ပြောလို့ရမှာပါ” ဟု ဦးသန်းနိုင်က ဆက်လက်ပြောကြားသည်။

အဆိုပါကျောင်းမှာ ၁၃၀x ၃၀ နှစ်ထပ် အဆောက်အအုံဖြစ်ပြီး ကျပ်သိန်း ၁၈၀၀ ခန့်ကို ပြည်ထောင်စုဘတ်ဂျက်ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent