ပခုက္ကူမြို့နယ် ကမ္မမြို့နှင့် အနီးတစ်ဝိုက် ကျေးရွာများတွင် ကလေးခိုးယူခံရသည့်ဖြစ်စဉ်များ ဖြစ်ပွားနေသည့်အတွက် ဒေသခံများစိုးရိမ်နေ

ပခုက္ကူမြို့နယ် ကမ္မမြို့နှင့် အနီးတစ်ဝိုက် ကျေးရွာများတွင် ကလေးခိုးယူခံရသည့်ဖြစ်စဉ်များ ဖြစ်ပွားနေသည့်အတွက် ဒေသခံများစိုးရိမ်နေ
Published 18 August 2018

ပခုက္ကူမြို့နယ် ကမ္မမြို့နှင့်အနီးတစ်ဝိုက် ကျေးရွာများတွင် ယခုသြဂုတ်လဆန်းပိုင်းမှစ၍ ကလေးခိုးယူခံရသည့် ဖြစ်စဉ်များ ဖြစ်ပေါ်နေသည့်အတွက် ဒေသခံများ စိုးရိမ်နေပြီး သက်ဆိုင်ရာမှ စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

သြဂုတ် ၄ ရက်၊ ၁၃ ရက်နှင့် ၁၆ ရက်များတွင် ပခုက္ကူမြို့နယ် ကမ္မမြို့နှင့် အနီးတစ်ဝိုက်ကျေးရွာများတွင် ကလေးခိုးယူမှု သုံးကြိမ်ဖြစ်ပွားရာ မိဘများနှင့် ပတ်ဝန်းကျင်မှ အချိန်မီ သိရှိသည့်အတွက် ကလေးဆုံးရှုံးမှု မရှိကြောင်း သိရသည်။

သြဂုတ် ၄ ရက် ညနေ ၃ နာရီခန့်က ပခုက္ကူမြို့နယ် ကမ္မမြို့ အမှတ် (၈) ရပ်ကွက်နေ ဦးလှထွန်း ဒေါ်သန်းဆင့်တို့၏ လေးလသားအရွယ် မိန်းကလေးအား အမျိုးသမီးတစ်ဦးက ခိုးယူထွက်ပြေးမှုဖြစ်ပွားရာ ဒေ သခံများက ကလေးခိုးယူသူအား ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှ ကလေးခိုးယူသူ မခင်သန်းနွဲ့ (ခ) မပိန် (၂၃)နှစ်အား ကမ္မရဲစခန်းတွင် (ပ)၄၄/၂၀၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၆၃ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

သြဂုတ် ၁၃ ရက် ည ၉ နာရီခန့်က ပခုက္ကူမြို့နယ် ချောင်းဆုံကျေးရွာတွင် ဦးမင်းကို နေအိမ်၌ မိသားစုအိပ်မောကျစဉ် လေးနှစ်အရွယ် သားဖြစ်သူအား အမျိုးသားတစ်ဦးက ခိုးယူသွားရာ မိဘများသိရှိပြီး ရွာခံများနှင့် လိုက်လံရှာဖွေရာ ကလေးခိုးသူက ကလေးအား ရွာပြင်တွင်ချထား၍ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

သြဂုတ် ၁၆ ရက် ည ၈ နာရီခွဲခန့်က ပခုက္ကူမြို့နယ် အနောက်တောကျေးရွာတွင် တစ်နှစ်ခွဲအရွယ် မိန်းကလေးတစ်ဦးအား လူတစ်ဦးက ပွေ့ချီထွက်ပြေးရာ မိဘများ သိရှိသွားပြီး နောက်မှလိုက်ရာ ကလေးအား ချထား၍ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

“ပထမဖြစ်စဉ်မှာ အမျိုးသမီးမိတယ်။ အမှုဖွင့်တယ်။ နောက်အမှုမှာ အမျိုးသား ဖြစ်သွားတယ်။ အဖွဲ့လိုက်ဖြစ်နေပြီလားဆိုတာ အသေးစိတ်သိမှရတော့မယ်။ စုံစမ်းရတော့မယ်။ ဒီတိုင်းထားလို့ မရပါဘူး။ ရဲတပ်ဖွဲ့ကလည်း လှည့်ကင်းတွေနဲ့ ပတ်ရမယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ရပ်မိရပ်ဖတွေ ပူးပေါင်းဆောင်ရွက်ရမယ်။ ကလေးခိုးကိစ္စကို ဖော်ထုတ်နိုင်ဖို့ ရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီး လှည့်ကင်းတွေလိုအပ်ရင် ကင်းပုန်းဝပ် စောင့်ရမယ်” ဟု ပခုက္ကူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ဆောင်က ပြောကြားသည်။

Most Read

Most Recent