မြန်မာ့ကမ်းလွန် ရေနံလုပ်ကွက်များတွင် ရဟတ်ယာဉ်လုပ်ငန်းလုပ်ကိုင်ခွင့်တင်ဒါအား နိုင်ငံတကာအဆင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရှင်းလင်း

မြန်မာ့ကမ်းလွန် ရေနံလုပ်ကွက်များတွင် ရဟတ်ယာဉ်လုပ်ငန်းလုပ်ကိုင်ခွင့်တင်ဒါအား နိုင်ငံတကာအဆင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရှင်းလင်း
Published 18 August 2018

ကမ်းလွန်ရေနံလုပ်ငန်းခွင်တွင် ရဟတ်ယာဉ်လုပ်ငန်း ဆောင်ရွက်နေသည့် Weststar ကုမ္ပဏီပိုင် ရဟတ်ယာဉ်တစ်စင်းအား တွေ့ရစဉ်

မြန်မာ့ကမ်းလွန်ရေနံလုပ်ကွက်များတွင် ရဟတ်ယာဉ်လုပ်ငန်းလုပ်ကိုင်ခွင့်တင်ဒါအား နိုင်ငံတကာအဆင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူက ရှင်းလင်းပြောကြားခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ ချမှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ကမ်းလွန်ရေနံလုပ်ကွက်တွေမှာ ရဟတ်ယာဉ်လုပ်ငန်းလုပ်ကိုင်ခွင့် တင်ဒါကို ရွေးချယ်ပြီးပါပြီ။ တင်ဒါရွေးချယ်တဲ့နေရာမှာ နည်းပညာပိုင်းအရ စိစစ်ရ တာတွေရှိလို့ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ အသိအမှတ်ပြုတာကိုလည်း ရယူဆောင်ရွက်ပါတယ်။ ကျွန်တော်တို့အနေနဲ့ နည်းပညာပိုင်းကို အရင်ဆုံးစိစစ်ပြီးမှ စီးပွားရေးတွက်ခြေကိုက်မှုကို စဉ်းစားရတာ ဖြစ်ပါတယ်။ တင်ဒါအောင်မြင်တဲ့ ကုမ္ပဏီကိုလည်း ရေနံကုမ္ပဏီသုံးခုကို ကြေညာပေးပြီး ဖြစ်ပါတယ်”  ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းကျော် (စီမံရေး) က ပြောကြားသည်။

မလေးရှားအခြေစိုက် Weststar ကုမ္ပ ဏီသည် မြန်မာ့ကမ်းလွန်ရေနံလုပ်ကွက်များတွင် ရဟတ်ယာဉ်လုပ်ငန်းလုပ်ကိုင်ခွင့်တင်ဒါ ရွေးချယ်ခံရပြီးဖြစ်သော်လည်း ယင်းတို့၏  Weststar ကုမ္ပဏီအား လုပ်ငန်းလုပ်ကိုင်ခွင့် မပေးဘဲ ယခင်ကုမ္ပဏီဖြစ်သည့် ပြင်သစ်အခြေစိုက် Heli Union ကုမ္ပဏီကိုသာ ဆက် လက်လုပ်ကိုင်ခွင့်ပေးနေကြောင်း သြဂုတ် ၁၆ ရက်က ရန်ကုန်မြို့ Park Royal Hotel ၌ သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်၍ ရှင်း လင်းပြောကြားခဲ့သည်။

မြန်မာ့ကမ်းလွန်ရေနံလုပ်ကွက်များတွင် ကမ်းလွန်ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေသည့် PTTEP နှင့် Pertonas တို့ကို ကိုယ်စားပြုနေသော Total ကုမ္ပဏီမှ ခေါ်ယူသည့် ရဟတ်ယာဉ်ငှားရမ်းပျံသန်းသည့် လုပ်ငန်းတင်ဒါအား ကုမ္ပဏီငါးခုမှ ပဏာမရွေးချယ်ခံရပြီး၊ ယင်းကုမ္ပဏီများအနက် Travira နှင့် Weststar ကုမ္ပဏီတို့ အား စစ်ဆေးခဲ့ပြီး Weststar ကုမ္ပဏီမှ ဈေးနှုန်းသက်သာခြင်း၊ အပိုဆောင်းဝန်ဆောင်မှုများ ပါဝင်ခြင်း၊ မျှော်မှန်းစတင်ရက်ထက် အချိန်နှစ်လပိုစောကာ လုပ်ငန်းစတင်နိုင်ရန် အာမခံပေးခြင်းတို့ကို ပြုလုပ်ပေးနိုင်သောကြောင့် PTTEP၊ Pertonas နှင့် Total ကုမ္ပဏီ သုံးခုမှ Weststar ကုမ္ပဏီအား တင်ဒါအောင် မြင်သည့်ကုမ္ပဏီအဖြစ် ရွေးချယ်ခဲ့ပြီး ၂၀၁၇ စက်တင်ဘာ ၁၅ ရက်တွင် တင်ဒါအောင်မြင်ကြောင်း အကြောင်းကြားစာအား Weststar ကုမ္ပဏီမှ လက်ခံရရှိခဲ့ကြောင်း သိရသည်။

“ကျွန်မတို့ Weststar ကုမ္ပဏီအနေနဲ့  တင်ဒါမှာတောင်းဆိုထားတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့အပြင် အပိုဆောင်းအနေဖြင့် သုံးစွဲရန် ရဟတ်ယာဉ်ငါးစင်းအထိ ငှားရမ်းပေးနိုင်မှာဖြစ်ပြီး ရှာ ဖွေကယ်ဆယ်ရေးဝန်ဆောင်မှုလုပ်ငန်းတွေအတွက် ရဟတ်ယာဉ်တစ်စင်းကို အခမဲ့ငှားရမ်းပေးသွားမှာပါ။ ဒါ့အပြင် ထားဝယ်လေဆိပ်မှာ Hanger အသစ်ကို ဆောက်လုပ်ပေးဖို့ အချက်တွေကိုပါ တင်ဒါမှာထည့်သွင်းကမ်း လှမ်းခဲ့တာဖြစ်ပါတယ်” ဟု Weststar Aviation Services မှ Local Representative ဒေါ်မေသန့်ဇင်က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ မြန်မာ့ကမ်းလွန်ရေနံလုပ်ကွက်များတွင် လက်ရှိရဟတ်ယာဉ်လုပ်ငန်းလုပ်ကိုင်နေသည့်ပြင်သစ်အခြေစိုက် Heli Union ကုမ္ပဏီမှ ရဟတ်ယာဉ်တစ်စင်း၏ တစ်လငှားရမ်းခနှုန်းထားမှာ အမေရိကန်ဒေါ်လာ ငါးသိန်းဖြစ်ပြီး Weststar ကုမ္ပဏီမှ တင်ဒါအောင်မြင်ခဲ့သည့် ရဟတ်ယာဉ်တစ်စင်း၏ တစ်လငှားရမ်းခနှုန်းထားမှာ အမေရိကန်ဒေါ်လာ  ၂၂၉၀၀၀ (နှစ်သိန်းနှစ်သောင်းကိုးထောင်) ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent