လွိုင်ကော်အကျဉ်းထောင်တွင် HIV ဝေဒနာရှင်အကျဉ်းသားငါးဦး ART ဆေးများ အမြန်ဆုံးရရှိရေးအပါအဝင် အကြောင်းအရာရှစ်ချက်ကို အလေးထားဂရုပြုဆောင်ရွက်ပေးရန် လူ့အခွင့်အရေးကော်မရှင် အကြံပြု

လွိုင်ကော်အကျဉ်းထောင်တွင် HIV ဝေဒနာရှင်အကျဉ်းသားငါးဦး ART ဆေးများ အမြန်ဆုံးရရှိရေးအပါအဝင် အကြောင်းအရာရှစ်ချက်ကို အလေးထားဂရုပြုဆောင်ရွက်ပေးရန် လူ့အခွင့်အရေးကော်မရှင် အကြံပြု
Published 18 August 2018

လွိုင်ကော်အကျဉ်းထောင်တွင် HIV ရောဂါသည်အကျဉ်းသားငါးဦး ART ဆေး အမြန်ဆုံးရရှိရေး အပါအဝင် အကြောင်းအရာ ရှစ်ချက်အား အလေးထားဂရုပြုဆောင်ရွက်ပေးရန် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင်အကြံပြုစာကို သြဂုတ် ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

သြဂုတ် ၈ ရက်မှ ၁၀ ရက်အထိ  မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ လွိုင်ကော်အကျဉ်းထောင်ကို ကြည့်ရှုစစ်ဆေးပြီး နောက်သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြံပြုစာတွင် မကြာသေးမီက တွေ့ရှိခဲ့ရသော  HIV ရောဂါသည် အကျဉ်းသား ငါးဦးအတွက် ART ဆေးများရရှိရေး သက်ဆိုင်ရာ ကျန်းမာရေးဦးစီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသဖြင့် အမြန်ဆုံးရရှိရေး ဆက်လက်ဆောင်ရွက်သင့်ကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် အကျဉ်းသားသုံးဦးကို မန္တလေးဗဟိုအကျဉ်းထောင်သို့ အမြန်ဆုံးပြောင်းရွှေ့ခြင်း (သို့မဟုတ်) လွိုင်ကော် အကျဉ်းထောင်၌ပင် စာမေးပွဲဖြေဆိုနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးသင့်ကြောင်း၊  ဘွဲ့ရအကျဉ်းသား၊ တက္ကသိုလ်ရောက်ရှိ အကျဉ်းသား ၅၆ ဦးကို အခြားစာမတတ် အကျဉ်းသား၊ အကျဉ်းသူများအား အတန်းပညာများ ပြန်လည်သင်ကြားပြသနိုင်ရေး စည်းရုံးတာဝန်ပေးဆောင်ရွက်သင့်ကြောင်းနှင့် စာကြည့်တိုက်တွင် စိတ်ကို ပြုပြင်ပြောင်းလဲစေနိုင်မည့် စာအုပ်စာပေ၊ ဥပမာ- ချစ်နိုင် (စိတ်ပညာ)၊ လယ်တွင်းသား စောချစ်၊ ဆရာဖေမြင့် စသည့် စာရေးဆရာကြီးများ ရေးသားသော စာအုပ်များ ထပ်မံဖြည့်ဆည်း ပေးသင့်ကြောင်းတို့ ပါရှိခဲ့သည်။

ထို့ပြင် အကျဉ်းထောင်အတွင်း အားကစားပြုလုပ်နိုင်ရန် နေရာတစ်ခု သတ်မှတ်၍ စီစဉ်ဆောင်ရွက်ပေးသင့်ကြောင်း၊ တိုက်ထဲရှိ အကျဉ်းသားများ လမ်းလျှောက်ချိန်၊ အားကစားပြုလုပ်ချိန်ကို ယခုထက် ပိုမိုပေးသင့်ကြောင်း၊ ဖယောင်းပုဆိုးစုတ်ပြဲနေသည့် အိပ်ဆောင်များ၌ ဖယောင်းပုဆိုးအသစ်များ လဲလှယ်ပေးသင့်ကြောင်းနှင့် အမျိုးသားအိပ်ဆောင်တစ်ရှိ အခန်းခြောက်ခန်းတွင်ရှိသော ဝင်ပေါက်တံခါးများမှာ အမြင့်သုံးပေ ခြောက်လက်မ၊ အလျားမှာ နှစ်ပေသာရှိသဖြင့် ခြောက်ပေအမြင့် ပြုပြင်သင့်ကြောင်း ပါရှိခဲ့သည်။

ထိုသို့ ကြည့်ရှုစစ်ဆေးရေးအဖွဲ့က ခေါ်ယူတွေ့ဆုံမေးမြန်းခဲ့သော အကျဉ်းသားများကို လက်တုံ့ပြန်မှုမခံရစေရေးအတွက် ကော်မရှင်ဥပဒေပုဒ်မ ၃၈ နှင့်  အညီအလေးထား ဆောင်ရွက်ပေးရန် ကော်မရှင်၏အကြံပြုစာတွင် ဖော်ပြပါရှိခဲ့သည်။

Most Read

Most Recent