မသန်စွမ်းများအား ဝေပုံကျရာခိုင်နှုန်းဖြင့် အလုပ်ခန့်ထားနိုင်ရေး အစိုးရ၊ အလုပ်ရှင်နှင့် မသန်စွမ်းများ ဆွေးနွေးနိုင်ပါက ပီပြင်စွာဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

မသန်စွမ်းများအား ဝေပုံကျရာခိုင်နှုန်းဖြင့် အလုပ်ခန့်ထားနိုင်ရေး အစိုးရ၊ အလုပ်ရှင်နှင့် မသန်စွမ်းများ ဆွေးနွေးနိုင်ပါက ပီပြင်စွာဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
Published 18 August 2018

သြဂုတ် ၁၇ ရက်က နေပြည်တော်ရှိ ဇဗ္ဗူသီရိဟိုတယ်တွင် ပြုလုပ်သည့် မသန်စွမ်းသူများအား အလုပ်ခန့်ထားခြင်း၊ မြန်မာနိုင်ငံရှိ အလုပ်ရှင်များအတွက် လက်စွဲစာအုပ်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို တွေ့ရစဉ်

မသန်စွမ်းများအား ဝေပုံကျ ရာခိုင်နှုန်းဖြင့် အလုပ်ခန့်ထားနိုင်ရေး အစိုးရ၊ အလုပ်ရှင်နှင့် မသန်စွမ်းများ ဆွေးနွေးနိုင်ပါက ပီပြင်စွာဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

“မသန်စွမ်းများနဲ့ ပတ်သက်လို့ရှိရင်တော့ ဝေပုံကျရာခိုင်နှုန်းဆိုတာ ဖြစ်ပေါ်လာတယ်။ ဝေပုံကျရာခိုင်နှုန်းဆိုတဲ့ နာမည်လေးလည်း ရှိတယ်။ ဒါကိုလည်း အလုပ်ရှင်များလည်း သိပါတယ်။ အလုပ်လုပ်ကြမယ့် မသန်စွမ်း အလုပ်လုပ်မယ့်သူများလည်း သိပါတယ်။ အဲဒီတော့ ဝေပုံကျရာခိုင်နှုန်းကိစ္စကို အကျေအလည်လေး ဆွေးနွေးလိုက်လို့ရှိရင် ပိုပြီးတော့ ပီပီပြင်ပြင် အလုပ်ရှင်များ ဖော်ဆောင်နိုင်လိမ့်မယ်လို့ ယူဆပါတယ်” ဟု ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားသည်။

နေပြည်တော်ရှိ ဇဗ္ဗူသီရိဟိုတယ်တွင် သြဂုတ် ၁၇ ရက်ကပြုလုပ်သည့် မသန်စွမ်းသူများအား အလုပ်ခန့်ထားခြင်း၊ မြန်မာနိုင်ငံရှိ အလုပ်ရှင်များအတွက် လက်စွဲစာအုပ် နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်းအခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် မသန်စွမ်းများဆိုင်ရာ ငွေကြေးရန်ပုံငွေတစ်ရပ် ထူထောင်ရန် အစိုးရအနေဖြင့် ကျပ်သိန်း ၃၀၀၀ မçတည်ထားပြီး မသန်စွမ်းများအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများအား အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

၎င်းက “အလုပ်အကိုင်အခွင့်အလမ်းရရှိဖို့ စဉ်းစားတဲ့အခါမှာ သုံးဦးသုံးဖလှယ် ပြန်ရောက်လာတယ်။ အစိုးရနဲ့ဆိုင်တာရှိတယ်။ လုပ်ငန်းရှင်နဲ့ဆိုင်တာ ရှိတယ်။ မသန်စွမ်းများကိုယ်တိုင် ပါဝင်ရမယ့် ကိစ္စရှိတယ်။  ဒီသုံးချက်ကို စဉ်းစားလိုက်တဲ့အခါမှာ အစိုးရအနေနဲ့ရော အားကြိုးမာန်တက်ဆောင်ရွက်နေပြီ။ လုပ်ငန်းရှင်များကလည်း လုပ်ငန်းရှင်များနဲ့ပတ်သက်တဲ့၊ အလုပ်သမားနဲ့ပတ်သက်တဲ့ ဥပဒေတွေ၊ အခွင့်အရေးတွေ ဒါတွေကို ကိုင်စွဲပြီးတော့မှ လုပ်ငန်းရှင်တွေက အကောင်အထည်ဖော် ဆောင်ရွက်နေတာဖြစ်တယ်။ လုပ်ငန်းရှင်များဘက်မှ စဉ်းစားကြည့်ရင်လည်း သူတို့မှာလည်း အခက်အခဲတွေ အများကြီးရှိတယ်” ဟု ပြောကြားသည်။

မသန်စွမ်းများအား ဝေပုံကျရာခိုင်နှုန်း အလုပ်ခန့်ထားရေးအတွက် အစိုးရ၊ လုပ်ငန်းရှင်နှင့် မသန်စွမ်းများအား အစည်းအဝေး ခေါ်ယူရန်ရှိပြီး ဝေပုံကျရာခိုင်နှုန်း အလုပ်ခန့်ထားရေးသည် အစိုးရအနေဖြင့် သတ်မှတ်ပေး၍မရကြောင်း ညွှန်ကြားရေးမှူး ဦးစွမ်းရည်ရက ဆိုသည်။

၎င်းက “အလုပ်ရှင်တွေက ခန့်ထားမှုမရှိရင် ဥပမာဆိုရင် ကျွန်တော်တို့ ဒဏ်ငွေ ပေးတာရှိတယ်။ ထောင်ဒဏ်တစ်နှစ်က အများဆုံးပဲ။ ဒဏ်ငွေကတော့ အများကြီးတော့ မဟုတ်ဘူး။ မသန်စွမ်းသူတွေကို နားလည်လာအောင် ပြစ်ဒဏ်နဲ့ လက်စွဲစာအုပ်အရ အခြားနည်းလမ်းတွေနဲ့ ကုမ္ပဏီတွေလည်း ကန့်သတ်ထားတာရှိတယ်။ ကုမ္ပဏီတွေက မခန့်နိုင်ဘူးဆိုရင် ထောင်ဒဏ်၊ ငွေဒဏ်ထက်ကို သူတို့ကို ဘယ်လိုအထောက်အကူပြုနိုင်သလဲဆိုတာမျိုးကို နောက်ပိုင်း စီစဉ်သွားဖို့ရှိပါတယ်” ဟု ဆက်လက်ပြောကြားသည်။

 

Most Read

Most Recent