သံလွင်မြစ်ရေချိန် စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနေပြီး ဘားအံမြို့တွင် ရေဘေးကယ်ဆယ်ရေးစခန်းများ တိုးမြှင့်ဖွင့်လှစ်ထား

သံလွင်မြစ်ရေချိန် စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနေပြီး ဘားအံမြို့တွင် ရေဘေးကယ်ဆယ်ရေးစခန်းများ တိုးမြှင့်ဖွင့်လှစ်ထား
Published 18 August 2018

ဘားအံမြို့ ရေဘေးကယ်ဆယ်ရေးစခန်းများတွင် ဆက်လက်ခိုလှုံနေသူများအား သြဂုတ် ၁၇ ရက်က တွေ့ရစဉ်

ဇူလိုင် ၂၁ ရက်မှစတင်၍သံလွင်မြစ်ရေသည် ၎င်း၏ စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာအထက်သို့ ရောက်ရှိခဲ့ပြီး ရေကြီးရေ လွှမ်းမိုးမှုဖြစ်ပေါ်ခဲ့ကာသြဂုတ် ၁၇ ရက်အထိ စိုးရိမ်ရေမှတ်အထက်တွင် ရှိသောကြောင့် ဘားအံမြို့တွင် ရေဘေးကယ်ဆယ်ရေးစခန်းများ တိုးမြှင့်ဖွင့်လှစ်ထားရကြောင်း သိရသည်။

“မြစ်ရေချိန်က ကျဆင်းရင် တစ်လက်မ လောက်ကျဆင်းပြီး မိုးရွာရင်ပြန်ပြီး မြင့်တက်လာတာလေ။ ရေလွှမ်းမိုးမှုကာလကလည်း တစ်လနီးပါးရှိလာပြီးဆိုတော့ လူတွေအားလုံး စိတ်ဓာတ်ကျဆင်းချင်တော့တယ်။ ဒီလို ရေကြီးမှုက တစ်ခါမှလည်းမတွေ့ကြုံဖူးဘူးလေ။ နှစ်စဉ်ရေကြီးကာလတွေက အလွန်ဆုံး သီတင်းနှစ်ပတ်လောက်ပဲ ကြာတတ်တယ်။ပြီးရင်ပြန်လည်ကျဆင်းသွားတာပဲ။ အခုက တစ်လနီးပါးလည်း ကြာလာပြီ။ ရေကျရိပ် မမြင်သေးဘူး” ဟု ဘားအံမြို့ရွှေယာဉ်မျှော်ဘုရား ကယ်ဆယ်ရေးစခန်းမှ ရေဘေးခိုလှုံသူ တစ်ဦးက ပြောကြားသည်။

ကရင်ပြည်နယ်အတွင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ဇူလိုင် ၂၁ ရက်မှစတင်၍ စိုးရိမ်ရေမှတ်အထက်သို့ကျော်လွန်ရောက် ရှိကာ ဘားအံမြို့မြေနိမ့်ရပ်ကွက်အတွင်း ရေကြီးရေလွှမ်းမိုးမှု ဖြစ်ပေါ်ခဲ့ပြီး သြဂုတ် ၈ ရက် ၌စိုးရိမ်ရေအမှတ်အထက် ၈၃၁ စင်တီမီတာသို့အနည်းငယ်ကျဆင်းမှုကြောင့် ရေဘေးခိုလှုံသူတချို့ နေအိမ်များသို့ပြန်လည်နေထိုင်ခဲ့ပြီး ယင်းနေ့ ည ၁၂ နာရီတွင် မြစ်ရေချိန် ၇ စင်တီမီတာမြင့်တက်လာသဖြင့်ကယ်ဆယ် ရေးစခန်းများသို့ပြန်လည်ခိုလှုံခဲ့ရကြောင်း သိရသည်။

“စာသင်ကျောင်းတချို့ကို ကယ်ဆယ်ရေးစခန်းကနေ ပြန်လည်ရုပ်သိမ်းပြီးကလေးတွေကို စာသင်ကြားစေပါတယ်။ ဒါကြောင့် ဘားအံမြို့နယ်အတွင်း ကယ်ဆယ်ရေးစခန်း ၁၃ ခုကနေ ရှစ်ခုအထိ လျော့နည်းလာရာကနေ အခု ဒုတိယအကြိမ်ရေပြန်တက်လာလို့ ကယ်ဆယ်ရေးစခန်း နှစ်ခုကိုထပ်မံတိုးမြှင့်ဖွင့်လှစ်ပေးရပါတယ်” ဟု ဘားအံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဘားအံမြို့တွင် သြဂုတ် ၁၃ ရက်မှစတင်၍ သံလွင်မြစ်ရေ ဒုတိယအကြိမ်ပြန်လည် မြင့်တက်မှုကြောင့် ရေဘေးကယ်ဆယ်ရေးစခန်းများ ထပ်မံတိုးမြှင့်ဖွင့်လှစ်ခဲ့ရာ ပြည်နယ် မိုးလုံလေလုံ အားကစားရုံကယ်ဆယ်ရေးစခန်း၌ အိမ်ထောင်စု ၂၁၄ စု (ကျား+မ) ၁၀၃၂ ဦး၊ ရွှေယာဉ်မျှော်ဘုရားကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု ၃၈၆ စု၊ (ကျား+မ)၂၁၅၂ ဦး၊ အစ္စလာမ္မစ်ကျောင်းတွင် အိမ်ထောင်စု ၁၆၆ စု(ကျား+မ)၈၀၉ ဦး၊ ဗလီဝတ်ပြုကျောင်းတွင် အိမ်ထောင်စု ၇၇ စု(ကျား+မ) ၄၀၂ ဦး၊ အမှတ် ၃ ရပ်ကွက် ဆိုင်ကလုံးစင်တာတွင် အိမ်ထောင်စု ၅၃ စု၊ (ကျား+မ) ၂၅၆ ဦး၊ မဲ ဘောင်ဘုန်းတော်ကြီးကျောင်းတွင် အိမ်ထောင်စု ၁၃၂ စု၊ (ကျား+မ) ၅၈၈ ဦး၊ ဓမ္မပီယ ဘုန်းတော်ကြီးကျောင်းတွင် အိမ်ထောင်စု ၈၁ စု၊ (ကျား+မ)၃၈၇ ဦး၊ အ.ထ.က ၃ အား ကစားရုံတွင် အိမ်ထောင်စု ၂၃၁ စု၊ (ကျား+မ) ၁၂၉၃ ဦး၊ ပြည်နယ်ကမ္မဋ္ဌာန်းကျောင်းတွင် အိမ်ထောင်စု ၆၈ စု၊(ကျား+မ)၃၀၀ ဦး၊ လှာကာဘုန်းတော်ကြီးကျောင်းတွင်အိမ်ထောင်စု ၂၇ စု၊ (ကျား+မ) ၁၄၅ ဦးတို့ရေဘေးခိုလှုံ နေရဆဲဖြစ်ကြောင်း သိရသည်။

သံလွင်မြစ်ရေသည် သြဂုတ် ၁၇ ရက် နံနက် ၁၀ နာရီ တိုင်းထွာချက်အရစိုးရိမ်ရေမှတ် ၈၈၁ စင်တီမီတာသို့ရောက်ရှိနေပြီး မိုးအားကောင်းမွန်ပါက ဆက်လက်မြင့်တက်ဖွယ ်အခြေအနေရှိကြောင်း ပြည်နယ် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။

 

 

Most Read

Most Recent