နိုင်ငံခြားငွေလဲနှုန်း အတက်ကြမ်းခြင်းကြောင့် သကြားနှင့်စက်သုံးဆီအား Re - export စနစ်ဖြင့် တင်ပို့ခွင့်လိုင်စင်ထုတ်ပေးခြင်းအား သြဂုတ် ၁၇ ရက်မှ စတင်ရပ်ဆိုင်း

နိုင်ငံခြားငွေလဲနှုန်း အတက်ကြမ်းခြင်းကြောင့် သကြားနှင့်စက်သုံးဆီအား Re - export စနစ်ဖြင့် တင်ပို့ခွင့်လိုင်စင်ထုတ်ပေးခြင်းအား သြဂုတ် ၁၇ ရက်မှ စတင်ရပ်ဆိုင်း
Published 18 August 2018

ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ - ကြည်နိုင်)

နိုင်ငံခြားငွေလဲနှုန်း အတက်ကြမ်းခြင်းကြောင့် သကြားနှင့်စက်သုံးဆီအား Re - export စနစ်ဖြင့်  တင်ပို့ခွင့်လိုင်စင်ထုတ်ပေးခြင်းအား သြဂုတ် ၁၇ ရက်မှ စတင်ရပ်ဆိုင်းလိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

“Re - export ပိတ်လိုက်ပါတယ်။ သကြား၊ ဒီဇယ်ကြောင့်မို့ ငွေဈေးတက်တယ်ဆိုပြီး ပြောကြတယ်။ သုံးသပ်ကြတယ်။ အဲဒီအတွက် Re - export လိုင်စင်ထုတ်ပေးတာကို ပိတ်ခိုင်းတယ်။ ဒါတွေကို ပို့ကုန်သွင်းကုန်လိုင်စင်ဌာနမှာ တရားဝင်ကြေညာထားပြီ ဖြစ်ပါတယ်။ ဒီနေ့(သြဂုတ်၁၇) ကစပြီး Re – export လိုင်စင်ထုတ်ပေးခြင်း မပြုဘူး။ အရင်ထုတ်ပေးပြီးသား ဥစ္စာတွေကတော့ သူ့ Process အတိုင်း ဆောင်ရွက်ခွင့်ရှိတယ်။ အသစ်သာ မပေးတော့တာ” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် ယင်းကဲ့သို့ Re - export တင်ပို့ခြင်းကို ၂၀၁၅ ခုနှစ် သြဂုတ်မှစတင်ကာ ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကာ Re - export စနစ်ဖြင့် တင်ပို့နိုင်ရန် သကြား၊ ကွမ်းသီး၊ နှမ်း၊ ဝါဂွမ်းတို့ကို ခွင့်ပြုပေးထားကြောင်း သိရသည်။

“လောလောဆယ်မှာ သကြားနဲ့ဒီဇယ်နဲ့ကို ပိတ်လိုက်တယ်။ အများဆုံးဖြစ်တဲ့အမည်တွေကို ပိတ်လိုက်တယ်” ဟု ညွှန်ကြားရေးမှူး ချုပ်ဦးရန်နိုင်ထွန်းက ဆိုသည်။

“Re - export လုပ်ကိစ္စကို ကန့်သတ်တယ်လို့ ကျွန်တော်တို့ ကြားပါတယ်။ စက်သုံးဆီရယ် သကြားရယ် နှစ်ခုပေါ့နော်။ အဲဒီနှစ်ခု  Re - export လုပ်တဲ့ကိစ္စကို ကန့်သတ်တယ်လို့ ကြားတာပါ” ဟု မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ဖြန့်ဖြူးရောင်းချသူများအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“အဓိကကတော့ နိုင်ငံခြားငွေသုံးစွဲမှုတွေ များတယ်ဆိုပြီးပိတ်တယ်လို့ ယူဆတယ်၊ အဲတော့ Re - export သွားတဲ့အခါမှာ ငွေကြေးသုံးစွဲရတာရှိတာပေါ့။ ငွေကြေးသုံးစွဲတယ်ဆိုတာ နိုင်ငံခြားကဝယ်တယ်။ ဝယ်ပြီးတော့မှ Re - export ပြန်လုပ်ရတာပေါ့နော်။ အဲဒီကြားထဲမှာ ငွေကြေးလည်ပတ်မှုတစ်ခုတော့ သွားရတာပေါ့။ သွားတဲ့အခါ သုံးရတဲ့ ငွေကြေးနဲ့ ကျွန်တော်တို့နိုင်ငံက ပြန်ရတဲ့ကိစ္စရှိတာပေါ့နော်။ သုံးရတဲ့ ငွေကြေးပမာဏက ဘယ်လောက်ရှိလဲ။ ကျွန်တော်တို့နိုင်ငံက အလကား ဒါကြီးကလုပ်နေတာ မဟုတ်ဘူးလေ။ အားလုံးနိုင်ငံခြားက တင်သွင်းပြီဆိုတာနဲ့  မော်တော်ကားမောင်းတဲ့သူတွေ တင်သွင်းတဲ့သူတွေက ပထမဦးဆုံး အကျိုးအမြတ် အထိုက်အလျောက်ရတာပေါ့လေ။ ပြီးရင် အလုပ်သမားတွေ အလုပ်ရတာပေါ့လေ။ နိုင်ငံတော်ကလည်း အကျိုးအမြတ်ရပါတယ်။ အခုတော့ ငွေကြေးဈေးတက်တယ်ဆိုတာဒါကြောင့်ဆိုပြီးပြောတာ ဟုတ်မ ဟုတ်ဆိုတာတော့ သေသေချာချာပြန်ပြီး စိစစ်ဖို့လိုလိမ့်မယ်လို့ ထင်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ယခုဘဏ္ဍာနှစ်ကြားကာလ နှစ်လခွဲအတွင်း ပြည်ပမှ စက်သုံးဆီတင်သွင်းမှုသည် ယခင်နှစ်ကာလတူထက် တန်ချိန်ကိုးသောင်းကျော် ပိုမိုတင်သွင်းထားကာ အမေရိကန်ဒေါ်လာသန်း ၂၅၀ ကျော် တန်ဖိုးအထိ ပိုမိုတင်သွင်းထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၁၈ ခုနှစ် ဇွန် ၁၅ ရက်အထိ ပြည်ပမှ စက်သုံးဆီတင်သွင်းမှုသည် တန်ဖိုးငွေ အမေရိကန်ဒေါ်လာ  ၈၈၅  ဒသမ ၃၁၀ သန်းအထိ တင်သွင်းထားပြီး ယခင်နှင့်ကာလတူက တန်ဖိုးငွေအမေရိကန်ဒေါ်လာ  ၆၂၉ ဒသမ ၅၃၀ သန်းသာတင်သွင်းထားသည့်အတွက် ယခုဘဏ္ဍာနှစ်ကြားကာလ နှစ်လခွဲအတွင်း စက်သုံးဆီတင်သွင်းမှုသည် အမေရိကန်ဒေါ်လာ ၂၅၅ ဒသမ ၇၈၀ သန်းအထိ ပိုမိုတင်သွင်းထားခြင်း ဖြစ်သည်။

၂၀၁၈ ခုနှစ် ဇွန် ၁၅ ရက်အထိ ဓာတ် ဆီတန်ချိန် ၄၂၀,၇၉၈ ဒသမ ၆၀၈ အထိ တင်သွင်းထားပြီး တန်ဖိုးအမေရိကန်ဒေါ်လာ ၂၉၄ ဒသမ ၃၀၇ သန်းအထိရှိပြီး ယခင် နှစ်ကာလတူက တန်ချိန် ၃၉၆,၀၆၂ အထိ သာ တင်သွင်းထားကာ တန်ဖိုးအမေရိကန်ဒေါ်လာ ၂၁၈ ဒသမ ၆၈၉ သန်းအထိသာရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၁၈ ခုနှစ် ဇွန် ၁၅ ရက်အထိ ဒီဇယ် ၄၉၀ ဒသမ ၉၂၀ သန်းအထိတင်သွင်းထားပြီး ယခင်နှစ်ကာလတူတွင်မှု တန်ဖိုးအမေရိကန်ဒေါ်လာ ၃၃၅ ဒသမ ၉၆၃ သန်းအထိ သာတင်သွင်းထားပြီး ယခုဘဏ္ဍာနှစ်ကြား ကာလနှစ်ခွဲတွင် တန်ဖိုးအမေရိကန်ဒေါ်လာ ၁၅၅ သန်းနီးပါးအထိ ပိုမိုတင်သွင်းထားကြောင်း သိရသည်။

Most Read

Most Recent