၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ခေါင်းဆောင်တစ်ဦးဖြစ်သူ မမီးမီး၏ ဈာပန ရေဝေးသုဿန်တွင်ပြုလုပ်

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ခေါင်းဆောင်တစ်ဦးဖြစ်သူ မမီးမီး၏ ဈာပန ရေဝေးသုဿန်တွင်ပြုလုပ်
Published 18 August 2018

၈၈ မျိုးဆက်  ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ခေါင်းဆောင်တစ်ဦးဖြစ်သူ မမီးမီး၏ဈာပနကို သြဂုတ်၁၇ ရက် မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ ရှိ ရေဝေးသုဿန်တွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဈာပနသို့ မမီးမီး၏မိသားစုဝင်များ၊ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ တာဝန်ရှိသူများ၊ မျိုးဆက်အသီးသီးမှ ကျောင်းသားများ၊ နိုင်ငံရေးပါတီအသီးသီးမှ တာဝန်ရှိသူများ၊ နိုင်ငံရေးအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ၊ နိုင်ငံရေးတတ်ကြွလှုပ်ရှားသူများ၊ တတ်ရောက်ခဲ့ပြီး လွမ်းသူ့ပန်းခွေချခြင်း၊ အမှတ်တရစကားပြောကြားခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမင်းကိုနိုင်က အမှတ်တရစကားပြောကြားခဲ့ပြီး နိုင်ငံရေးပါတီများ၊ သံရုံးများ၊ နိုင်ငံရေးအဖွဲ့အစည်းများ၊ မျိုးဆက်အသီးသီးမှကျောင်းသားများ၊ နိုင်ငံရေးအဖွဲ့အစည်းအသီးသီးမှ ပေးပို့သော သဝဏ်လွှာများ၊ လွမ်းသူ့ပန်းခွေ ချခြင်းများ ပြုလုပ်ခဲ့သည်။

သြဂုတ် ၁၃ ရက်က ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင်များ ပါဝင်သော မော်တော်ယာဉ်တစ်စီးသည် ပုသိမ်မြို့ အမှတ်(၆)ရပ်ကွက်ရှိ ကဗျာဆရာ ဦးအောင်ပွင့်၏ဇနီး နာရေးသို့ လာရောက်အားပေးကူညီခဲ့ပြီးနောက် ရန်ကုန်မြို့သို့ပြန်လည်ထွက်ခွာစဉ် ကျောက်ကုန်းမြို့အနီးတွင် လမ်းချော်၍ မော်တော်ယာဉ်တိမ်းမှောက်ရာမှ မမီးမီးမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး ပုသိမ်ပြည်သူ့ဆေးရုံကြီးသို့ သယ်ဆောင်လာစဉ် ညနေ ၄ နာရီခွဲအချိန်က လမ်းတွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

မမီးမီး(ခ)မသင်းသင်းအေးသည် ၁၉၇၂ခုနှစ်တွင် ရန်ကုန်မြို့၌မွေးဖွားခဲ့ပြီး အခြေခံပညာအထက်တန်းကို တာမွေမြို့နယ် အထက(၄)တွင် ပညာသင်ယူနေစဉ် ဒဿမတန်း ကျောင်းသူဘဝဖြင့် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံတွင် အကသ၊ မကဒ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။

ထို့နောက် ၁၉၈၉ခုနှစ် မတ်လတွင် ကိုဖုန်းမော် တစ်နှစ်ပြည့် လှုံ့ဆော်လှုပ်ရှားမှုကြောင့် အထက်တန်းကျောင်းသူဘဝဖြင့် အင်းစိန်ထောင်တွင် လေးလကြာ ထိန်းသိမ်းခံခဲ့ရပြီး ၁၉၉၀ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာမွေမြို့နယ် လူငယ်တာဝန်ခံ ကိုလှမိုးနှင့်အိမ်ထောင်ကျခဲ့ကာ သမီးတစ်ယောက်၊သားတစ်ယောက် ထွန်းကားခဲ့သည်။

ထို့အပြင် ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုများ၊၂၀၀၇တွင် ဖြစ်ပွားခဲ့သော နိုင်ငံရေး လှုပ်ရှားမှုများတွင်ပါဝင်ခဲ့ခြင်းကြောင့် ထောင်ဒဏ် (၆၅)နှစ်ချမှတ်ခံခဲ့ရပြီး အင်းစိန်ထောင်၊ ပုသိမ်ထောင်၊ မန္တလေးထောင်၊ ကသာထောင်၊ရွှေဘိုထောင်များတွင် အကျဉ်းချခံခဲ့ရကာ ၂၀၁၂ခုနှစ် ဇန်နဝါရီတွင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့်အတူပြန်လည်လွှတ်မြောက်ခဲ့ပြီး ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းတွင် အမျိုးသမီးဌာန ဒုတိယတာဝန်ခံအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။

Most Recent