လမ်းတံတား ဥပဒေပုဒ်မ ၂၂၊ ၂၃ ဖြင့် အမှုဖွင့် ဖမ်းဆီးခံထားရသည့် ဒေသခံ သုံးဦးနှင့် အာမခံဖြင့် အမှုရင်ဆိုင်နေသည့် အသက် ၇၀ ကျော် အဘွားအိုတို့ကို ပုသိမ်ကြီးမြို့နယ် တရားရုံးတွင် လေးကြိမ်မြောက် ရုံးထုတ်ပြီး တရားလိုပြ သက်သေ ရွာသားတစ်ဦးအား စစ်ဆေး

လမ်းတံတား ဥပဒေပုဒ်မ ၂၂၊ ၂၃ ဖြင့် အမှုဖွင့် ဖမ်းဆီးခံထားရသည့် ဒေသခံ သုံးဦးနှင့် အာမခံဖြင့် အမှုရင်ဆိုင်နေသည့် အသက် ၇၀ ကျော် အဘွားအိုတို့ကို ပုသိမ်ကြီးမြို့နယ် တရားရုံးတွင် လေးကြိမ်မြောက် ရုံးထုတ်ပြီး တရားလိုပြ သက်သေ ရွာသားတစ်ဦးအား စစ်ဆေး
Published 17 August 2018

ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉၊ လမ်းတံတား ဥပဒေပုဒ်မ ၂၂၊ ၂၃ တို့ဖြင့် အမှုဖွင့် ဖမ်းဆီးခံထားရသည့် ဒေသခံများအား သြဂုတ် ၁၆ ရက်က ရုံးထုတ်လာသည်ကို တွေ့ရစဉ်

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ဒဟတ္တောကျေးရွာအုပ်စု အောင်သပြေကျေးရွာအနီးတွင် တည်ဆောက်လျက်ရှိသည့် တစ်နေ့လျှင် တန်ချိန် ၅၀၀၀ ကျ ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်းအား ကန့်ကွက် ဆန္ဒထုတ်ဖော်မှုကြောင့် ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉၊ လမ်းတံတား ဥပဒေပုဒ်မ ၂၂၊ ၂၃ တို့ဖြင့် အမှုဖွင့် ဖမ်းဆီးခံထားရသည့် ဒေသခံများအား သြဂုတ် ၁၆ ရက်က ပုသိမ်ကြီးမြို့နယ် တရားရုံး၌ အသီးသီး ရုံးထုတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရုံးချိန်းများအနက် လမ်းတံတား ဥပဒေပုဒ်မ ၂၂၊ ၂၃ ဖြင့် အမှုဖွင့် ဖမ်းဆီးခံထားရသည့် ဒေသခံ သုံးဦးနှင့် အာမခံဖြင့် အမှုရင်ဆိုင်နေရသည့် အသက် ၇၀ ကျော်အရွယ် အဘွားအိုတို့ကို သြဂုတ် ၁၆ ရက် မွန်းလွဲပိုင်း၌ လေးကြိမ်မြောက် ရုံးထုတ်ပြီး တရားလိုပြ သက်သေ ရွာသားတစ်ဦးကို စစ်ဆေးခဲ့ကြောင်း သိရသည်။

“ကျွန်မတို့က တောင်သူတွေပါ အပြစ်မရှိပါဘူး။ ကိုယ့်ယာမြေထဲမှာပဲ အေးအေးဆေးဆေး လုပ်ကိုင် စားသောက်နေကြတာပါ။ အခု အကျဉ်းထောင်ထဲမှာ အမျိုးမျိုး ဒုက္ခတွေနဲ့ ရင်ဆိုင်နေရပါတယ်။ လုပ်ငန်းလည်း လုပ်ရတယ်။ ကျွန်မအမေဆိုရင် အသက် ၉၀ ရှိပါပြီ။ အခု ကျွန်မက ဖမ်းဆီးခံထားရတော့ ပြုစုပေးမယ့်သူလည်း မရှိဘူးဖြစ်နေတယ်။ ကျွန်မတို့ အမြန်ဆုံး အာမခံနဲ့ လွတ်မြောက်ချင်ပါတယ်” ဟု လမ်းတံတား ဥပဒေပုဒ်မ ၂၂၊ ၂၃ ဖြင့် အမှုဖွင့် ဖမ်းဆီးခံထားရသည့် ဒေါ်မြနှင့် ဒေါ်မြမြတို့က ဆိုသည်။

သြဂုတ် ၁၆ ရက်က ချိန်းဆိုခဲ့သည့် ရုံးချိန်းများတွင် ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံကို ကန့်ကွက် ဆန္ဒထုတ်ဖော်မှုကြောင့် ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ ဖြင့် ဒေသခံ ရွာသား ကိုးဦးကို တရားစွဲဆိုထားမှုနှင့် ပတ်သက်၍ တရားလိုရဲမှူး တစ်ဦးအား စတင် စစ်ဆေးခဲ့သည်။

ယင်းနောက် စီမံကိန်းအတွက် ဖောက်လုပ်မည့် လမ်းမြေပေါ်သို့ ကျူးကျော် ခြံခတ်သည်ဟုဆိုကာ လမ်းတံတား ဥပဒေပုဒ်မ ၂၂၊ ၂၃ အပါအဝင် ကုမ္ပဏီဘက်မှ ရွာသားများကို လမ်းပိတ်ဆို့မှုဖြင့် စွဲဆိုထားသည့် အမှုများကို ရုံးချိန်းချိန်းဆိုကာ ကုမ္ပဏီဘက်က စွဲဆိုထားသည့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၄၁ (မတရား တားဆီးကန့်ကွက်မှု)၊ ပုသိမ်ကြီးမြို့နယ် ကျေးလက် လမ်းတံတားဦးစီးဌာနမှ တရားလို ဒေါ်မင်းမင်းမြင့်က လမ်းနှင့်တံတားများ ဥပဒေပုဒ်မ ၂၂၊ ၂၃ (တိုင်းဒေသကြီး ဒေသန္တရ ဥပဒေ)တို့ဖြင့် စွဲဆိုထားသည့် အမှုများကို စစ်ဆေးခဲ့ကြောင်း သိရသည်။

“ဒီနေ့မှာတော့ လမ်းတံတား ဥပဒေပုဒ်မ ၂၂၊ ၂၃ နဲ့ စွဲဆိုထားတဲ့ အမှုနဲ့ပတ်သက်ပြီး တရားလိုပြ သက်သေ အောင်သပြေရွာက ဦးဆင်ပေါက်ကို စစ်ပါတယ်။ ကျွန်တော်တို့ သူ့ကို စစ်မေးတဲ့အခါမှာ လမ်းတံတား ဥပဒေ၊ လမ်းမကြီးများ ဥပဒေများ ဥပဒေမှာ ကျေးရွာချင်းဆက် လမ်းတွေကို ပေ ၅၀ သတ်မှတ် ပြဋ္ဌာန်းထားခြင်း ရှိသလား၊ မရှိဘူးလား။ ဒါတွေကို သိပါသလားလို့ မေးတဲ့အခါမှာ သူ ဒါနဲ့ပတ်သက်ပြီး မသိဘူးလို့ ထွက်ဆိုပါတယ်။ နောက်တစ်ချက်က ကျေးရွာချင်းဆက် လမ်းမှာ လမ်းမြေကို ပေဘယ်လောက် သတ်မှတ်ထားတယ်ဆိုတဲ့ ဆိုင်းဘုတ်သော် လည်းကောင်း၊ မကျူးကျော်ရဆိုတဲ့ ဆိုင်းဘုတ်သော် လည်းကောင်း၊ ပိုစတာသော် လည်းကောင်း ယနေ့ အချိန်အထိ ချိတ်ဆွဲထားခြင်း မရှိဘူးဆိုတာ မှန်တယ်ဆိုပြီး ထွက်ဆိုသွားပါတယ်။ ဒါကတော့ ယနေ့ စစ်ဆေးချက်အပေါ်မှာ ပြောတာပေါ့။ နောက်တစ်ခုက ကျွန်တော်တို့ ဒီနေ့မှာတော့ အာမခံ မလျှောက်ပါဘူး။ ယခင်က လျှောက်ထားတဲ့ အာမခံမိတ္တူ လျှောက်ထားဆဲ ဖြစ်တဲ့အတွက် အဲဒီမိတ္တူအပေါ်မှာ ပြန်ကြည့်ပြီးတော့ အာမခံရရှိရေးကို ဥပဒေနဲ့အညီ ဆောင်ရွက်သွားမှာပါ” ဟု ဒေသခံများဘက်မှ အခမဲ့ အမှုလိုက်ပါ ဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးစည်သူက ပြောကြားသည်။

အဆိုပါ လမ်းတံတား ဥပဒေပုဒ်မ ၂၂-၂၃၊ ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ တို့ဖြင့် အမှုဖွင့် တရားစွဲဆို ခံထားရသည့် အောင်သပြေကျေးရွာနှင့် သရက်ကိုင်းကျေးရွာတို့မှ ဒေသခံများ၏ အမှုရုံးချိန်းကို သြဂုတ် ၂၄ ရက်သို့ ပုသိမ်ကြီးမြို့နယ် တရားရုံးက ထပ်မံချိန်းဆိုခဲ့ကြောင်း သိရသည်။

Most Read

Most Recent