စက်သုံးဆီဈေး သုံးလနီးပါးအတွင်း တစ်လီတာ ၇၅-၈၅ ကျပ်ကြား ဈေးတက်ပြီး ဒီဇယ် တစ်လီတာ ကျပ် ၉၆၀၊ အောက်တိန်း 92 Ron တစ်လီတာ ကျပ် ၉၃၀ အထိ ရောက်ရှိ

စက်သုံးဆီဈေး သုံးလနီးပါးအတွင်း တစ်လီတာ ၇၅-၈၅ ကျပ်ကြား ဈေးတက်ပြီး ဒီဇယ် တစ်လီတာ ကျပ် ၉၆၀၊ အောက်တိန်း 92 Ron တစ်လီတာ ကျပ် ၉၃၀ အထိ ရောက်ရှိ
Published 17 August 2018

သြဂုတ်လအတွင်း ကမ္ဘာ့ရေနံဈေး ကျဆင်းသော်လည်း ဒေါ်လာဈေး မြင့်တက်ခြင်းကြောင့် ပြည်တွင်း စက်သုံးဆီဈေးနှုန်း တစ်လီတာ ၇၅-၈၅ ကျပ်ကြား ဈေးတက်ခဲ့ပြီး မေ ၁၈ ရက် ဈေးနှုန်းနှင့် နှုင်းယှဉ်ပါက ရှစ်ရာခိုင်နှုန်းကျော်မှ ၁၀ ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့ကြောင်း စက်သုံးဆီ အရောင်းဆိုင်များထံမှ သိရသည်။

ပြည်တွင်းဈေးကွက်တွင် ၂၀၁၈ ခုနှစ် သြဂုတ် ၁၆ ရက်တွင် မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းမှ သတ်မှတ်ထားသော စက်သုံးဆီ လက်လီဈေးများမှာ ဒီဇယ်တစ်လီတာ ကျပ် ၉၆၀ (တစ်ဂါလန် ၄၃၅၈ ကျပ်)၊ ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၉၇၀ (တစ်ဂါလန် ၄၄၀၃ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ကျပ် ၉၃၀ (တစ်ဂါလန် ၄၂၂၂ ကျပ်)၊ အောက်တိန်း 95 Ron တစ်လီတာ ၉၇၀ ကျပ် (တစ်ဂါလန် ၄၄၀၃ ကျပ်) ဖြစ်သည်။

၂၀၁၇ ခုနှစ် အောက်တိုဘာ ဒုတိယပတ်မှ၍ ကမ္ဘာ့ရေနံဈေးနှုန်း သိသိသာသာ စတင်မြင့်တက်ခဲ့ပြီး ၂၀၁၇ ခုနှစ် သြဂုတ်လဆန်းပိုင်းက ၄၉ ဒေါ်လာဝန်းကျင် ရှိသော ကမ္ဘာ့ရေနံဈေးသည် အောက်တိုဘာ လဆန်းပိုင်းတွင် ၅၁ ဒေါ်လာ၊ နိုဝင်ဘာ လဆန်းတွင် ၅၅ ဒေါ်လာ၊ ဒီဇင်ဘာ လဆန်းတွင် ၅၈ ဒေါ်လာ၊ ဇန်နဝါရီလဆန်းတွင် ၆၁ ဒေါ်လာ၊ ဖေဖော်ဝါရီလဆန်းတွင် ၆၄ ဒေါ်လာ၊ ဧပြီလကုန်ပိုင်းတွင် ၆၈ ဒေါ်လာ၊ မေ ၂၁ ရက်တွင် ၇၂ ဒေါ်လာ၊ ဇူလိုင် ၁၀ ရက်တွင် ၇၄ ဒေါ်လာအထိ ဆက်လက် မြင့်တက်ခဲ့ပြီး သြဂုတ် ၇ ရက်တွင် ၆၉ ဒေါ်လာ၊ သြဂုတ် ၁၆ ရက်တွင် ၆၅ ဒေါ်လာဝန်းကျင်အထိ ကျဆင်းခဲ့သည်။

နိုင်ငံခြားငွေလဲနှုန်းသည် ဇွန်လမှ၍ သိသိသာသာ မြင့်တက်ခဲ့ပြီး ဇွန် ၁၁ ရက်တွင် ၁၃၄၆ ကျပ်ဝန်းကျင် ဖြစ်ပေါ်နေသော ဒေါ်လာဈေးသည် သြဂုတ် ၁၆ ရက်တွင် ကျပ် ၁၅၆၀ အထိ မြင့်တက်ခဲ့သည်။

ပြည်တွင်းဈေးကွက်အတွင်း ရောင်းချလျက်ရှိသော စက်သုံးဆီဈေးနှုန်းသည် ကမ္ဘာ့စက်သုံးဆီဈေးနှုန်း၊ နိုင်ငံခြားငွေလဲနှုန်းနှင့် သယ်ယူပို့ဆောင်ရေး စရိတ်အပေါ် အခြေခံပြီး ဈေးနှုန်းအပြောင်းအလဲ ဖြစ်ပေါ်ခြင်း ဖြစ်သည်ဟု စက်သုံးဆီ တင်သွင်းနေသည့် လုပ်ငန်းရှင်များက ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၀ ရက်ဈေးနှင့် နှိုင်းယှဉ်ပါက ကမ္ဘာ့ရေနံဈေးသည် ၁၂ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပြီး ဒေါ်လာဈေးသည် နှစ်လကျော်အတွင်း ၁၆ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းက ထုတ်ပြန်ထားသော သြဂုတ် ၁၅ ရက်တွင် ပြည်ပမှ ဝယ်ယူရသည့် စက်သုံးဆီဈေးနှုန်း (တစ်စည်) MOPS Price များမှာ 92 Ron ၈၃ ဒသမ ၇၅ ဒေါ်လာ၊ 95 Ron ၈၆ ဒသမ ၅၀ ဒေါ်လာ၊ ဒီဇယ် ၈၆ ဒသမ ၂၃ ဒေါ်လာ၊ ပရီမီယံဒီဇယ် ၈၇ ဒသမ ၀၅ ဒေါ်လာတို့ ဖြစ်သည်။

ပြည်တွင်းဈေးကွက်တွင် ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်တွင် ဖြစ်ပေါ်သော စက်သုံးဆီ လက်လီဈေးများမှာ ဒီဇယ် တစ်လီတာ ကျပ် ၅၀၀ (တစ်ဂါလန် ၂၂၇၀ ကျပ်)၊ ပရီမီယံ ဒီဇယ် တစ်လီတာ ကျပ် ၅၄၀ (တစ်ဂါလန် ၂၄၅၁ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ကျပ် ၅၅၀ (တစ်ဂါလန် ၂၄၉၇ ကျပ်)၊ အောက်တိန်း 95 Ron တစ်လီတာ ၆၅၀ ကျပ် (တစ်ဂါလန် ၂၉၅၁ ကျပ်) ဖြစ်ရာ ၂၀၁၈ ခုနှစ် သြဂုတ် ၁၆ ရက်ဈေးနှုန်း နှိုင်းယှဉ်ပါက ၂၈ လ ကျော်အတွင်း ဒီဇယ် ၉၂ ရာခိုင်နှုန်း၊ ပရီမီယံဒီဇယ် ၇၉ ရာခိုင်နှုန်း၊ 92 Ron ၆၉ ရာခိုင်နှုန်း၊ 95 Ron ၄၉ ရာခိုင်နှုန်း ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent