ဖားကန့်ဒေသတွင် မိုင်းခွဲမှု၊ မြေစာပုံမြေထိန်း ပြိုကျမှုကြောင့် နှစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရ

ဖားကန့်ဒေသတွင် မိုင်းခွဲမှု၊ မြေစာပုံမြေထိန်း ပြိုကျမှုကြောင့် နှစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရ
Published 17 August 2018

ဖားကန့်တွင် မိုင်းခွဲမှု၊ မြေစာပုံမြေထိန်း ပြိုကျမှုကြောင့် သြဂုတ် ၁၆ ရက်က လူနှစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ရဲစခန်း မှတ်တမ်းများအရ သြဂုတ် ၁၆ ရက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် ဖားကန့်မြို့ မော်ဝမ်းကြီးကျေးရွာအနီး ကောင်းစုရတနာ ကျောက်မျက်ကုမ္ပဏီလုပ်ကွက် အမှတ် ၈ တွင် အမြင့်ပေ ၂၀၀ ခန့်ရှိ တောင်ကုန်းအား မိုင်းခွဲရာ ရေမဆေးကျောက် ရှာဖွေနေသူများအနက် မော်ဝမ်းရပ်ကွက်နေ အသက် ၂၀ နှစ်ရှိ ရခိုင်တိုင်းရင်းသား မောင်ဆန်းအား အလေးချိန် ၃၀ သားခန့်ရှိ ကျောက်တုံးတစ်တုံး ထိမှန်ပြီး ဦးခေါင်းယာဘက် ကြေမွကာ ဦးနှောက်များ ထွက်လျက် ဆေးရုံသို့ရောက်ရှိစဉ် သေဆုံးခဲ့ကြောင်း သိရသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဖားကန့်မြို့မရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် ၄၆/၂၀၁၈ ဖြင့် အမှုဖွင့်ရန် စီစဉ်နေကြောင်း သိရသည်။

နောက်ထပ်ဖြစ်စဉ် တစ်ခုမှာ သြဂုတ် ၁၆ ရက် နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က မော်ဝမ်းလေးကျေးရွာအနီး နဂါးကိုးကောင် ကျောက်မျက်ကုမ္ပဏီအတွင်း စီနိုက်ထရိတ် အမျိုးအစား ၁၀ ဘီးမြေသယ်ယာဉ် နှစ်စီးမှာ စွန့်ပစ်မြေစာ သွန်စဉ် မြေသားနံရံ ပြိုကျသဖြင့် ကားနှစ်စီး ရေထဲနစ်မြုပ်ခဲ့ပြီး ကုမ္ပဏီ ယာဉ်မောင်းဖြစ်သူ မော်ဝမ်းလေးရပ်ကွက်နေ အသက် ၃၂ နှစ်အရွယ်ရှိ စိုးမြင့်ဝင်းမှာ ရေအိုင်အတွင်း နစ်မြုပ်သေဆုံးခဲ့ကြောင်း သိရသည်။

ကုမ္ပဏီ ယာဉ်မောင်းဖြစ်သူ အသက် ၄၆ နှစ်အရွယ် ဦးထွန်းထွန်းကျော်မှာ ဝဲဘက် မျက်ခုံးပေါက်ပြဲ၊ ခြေမျက်စိပွန်းပဲ၊ လက်ဝဲလက် ပြင်ဖူးရောင်ဒဏ်ရာများဖြင့် ဖားကန့်ဆေးရုံသို့ ပို့ဆောင်ကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

ရေကန်အတွင်း မြေသယ်ကားနှစ်စီး နှင့် ယာဉ်မောင်း စိုးမြင့်ဝင်းအား ပြန်လည် ရရှိရေးအတွက် ကုမ္ပဏီတာဝန်ရှိသူများ၊ လူမှုအဖွဲ့အစည်းများက ဆောင်ရွက်နေကြောင်း သိရသည်။

ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု NLD ပါတီမှ ဦးရွှေသိန်းက “ဖားကန့်မှာက မတော်တဆမှုတွေနဲ့ လူ့အသက်တွေဆုံးတာက ဖြစ်နေကျပါ။ ဒီမှာက မိုင်းခွဲတာ မိုင်းအားလည်း ပြင်းတယ်။ ဥပဒေအရ သတ်မှတ်ပေးတဲ့ အချိန်တွေလည်း ရှိပါတယ်။ တချို့လည်း မလိုက်နာတာမျိုး ရှိတယ်။ ရေမဆေးတွေ ဘက်ကလည်း အန္တရာယ်ကင်းတဲ့ အနေအထားမှာ ရှိနေတာမျိုး မဟုတ်ဘဲ ဖြစ်တတ်တယ်။ မိုင်းကြောင့် ကိုယ်ခန္ဓာ ရှာမရတာ၊ ရုပ်လုံး မပေါ်တာတွေအထိ ကြုံဖူးတယ်။ ကျွန်တော်တို့ အုပ်စုမှာဆိုရင်လည်း မိုင်းဒဏ်ကြောင့် စေတီတွေ အက်ကြောင်းထင်တာ၊ အဆောက်အအုံတွေ အက်ကြောင်းထင်တာ၊ မိုင်းအားကလည်း တစ်ခါခွဲရင် ငလျင်လှုပ်သလို ဖြစ်သွားတာ။ အဲဒါတွေကြောင့် ကျေးရွာအများစုမှာ အငြင်းပွားတာတွေ ရှိတယ်။ ဟိုတိုင်ဒီတိုင်လုပ်မှ မဖြစ်စလောက်ငွေတွေနဲ့ လူအသက်တွေကို တန်ဖိုးဖြတ်ကြရတယ်။ အများကြီးပဲ ဖြစ်စဉ်တွေက။ မြေစာပုံမှာ လူအသက်ဆုံးတာတော့ ဒီအတိုင်းပဲ ပြီးနေကြတာ”ဟု ပြောကြားသည်။

ကျောက်စိမ်းတူးဖော်ရေးဌာန (လုံးခင်း) အနေဖြင့် ကုမ္ပဏီလုပ်ကွက်များ၏ ကျောက်မိုင်းခွဲချိန်ကို သုံးကြိမ်သာ သတ်မှတ်ထားပြီး တစ်ကြိမ်လျှင် အချိန်တစ်နာရီ ပေးထားကြောင်း၊ ယင်းအချိန်များမှာ နံနက် ၆ နာရီမှ ၇ နာရီအ တွင်း တစ်ကြိမ်၊ နံနက် ၁၁ နာရီမှ ၁၂ နာရီအတွင်း တစ်ကြိမ်၊ ညနေ ၄ နာရီမှ ၅ နာရီအတွင်း တစ်ကြိမ် တစ်နေ့လျှင် သုံးကြိမ်နှုန်းဖြင့် နေ့အချိန်တွင်သာ မိုင်းခွဲရန် ခွင့်ပြုထားကြောင်း သိရသည်။

Most Read

Most Recent