ကချင်ပြည်နယ်၌ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ သြဂုတ် ၁၄ ရက်အတွင်း မူးယစ်ဆေးဝါး ကျပ်သိန်းပေါင်း တစ်သိန်းကိုးထောင်ကျော်ဖိုး ဖမ်းဆီးရမိ

ကချင်ပြည်နယ်၌ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ သြဂုတ် ၁၄ ရက်အတွင်း မူးယစ်ဆေးဝါး ကျပ်သိန်းပေါင်း တစ်သိန်းကိုးထောင်ကျော်ဖိုး ဖမ်းဆီးရမိ
Published 17 August 2018

ကချင်ပြည်နယ်တွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ သြဂုတ် ၁၄ ရက်အထိ မူးယစ်ဆေးဝါး ကျပ်သိန်းပေါင်း တစ်သိန်းကိုးထောင်ကျော်ဖိုး ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ပြည်နယ်ရဲတပ်ဖွဲ့ မှတ်တမ်းများအရ နယ်မြေရဲနှင့် အထူးမူးယစ်တပ်ဖွဲ့က ဖမ်းဆီးရမိမှု အမှုပေါင်း ၁၃၅၂ မှု၊ ကျား-တရားခံ ၁၅၅၇ ဦး၊မ-တရားခံ ၃၃၇ ဦး (ပေါင်း ၁၈၉၄ ဦး) ဖမ်းဆီး အရေးယူခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ ဖမ်းဆီးနိုင်မှုမှာ နိုင်ငံတော်သမ္မတကြီး လမ်းညွှန်ပြီးနောက်ပိုင်း တိုးတက်လာခဲ့ပြီး ပြည်သူများ ပူးပေါင်း ပါဝင်မှုမှာလည်း အင်တိုက်အားတိုက် ပါဝင်လာကြောင်း ပြည်နယ် ရဲတပ်ဖွဲ့ ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လွင်မောင်သိန်းက ဆိုသည်။

ပြည်နယ်ရဲတပ်ဖွဲ့ ဒုပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လွင်မောင်သိန်းက“မူးယစ်ဖမ်းတဲ့အခါ နယ်မြေရဲနဲ့ အထူးမူးယစ် ဖမ်းတာဆိုပြီး နှစ်မျိုးရှိပါတယ်။ အခုသြဂုတ် ၁၄ ရက်စာရင်းအရ အမှုပေါင်း ၁၃၅၂ မှုနဲ့ ကျား-တရားခံ ၁၅၅၇ ဦး၊ မ-တရားခံ ၃၃၇ ဦး (ပေါင်း ၁၈၉၄ ဦး) ရှိတယ်။ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုက တန်ဖိုးငွေကျပ် ၁၀၉၆၈၈၅၀၂၁၅ ကျပ် ဆိုတော့ သိန်းပေါင်း တစ်သောင်းကိုးထောင် ကျော်ပါတယ်။ လွန်ခဲ့နှစ်ကလည်း စီမံချက်တွေ၊ အမျိုးသားရေးတာဝန်အဖြစ် ဖမ်းဆီးတယ်။ ဒီနှစ်မှာ ပြည်သူလူထု ပါဝင်လာတဲ့အတွက် သာမန်နှစ်တွေထက် များနေပါတယ်။ ဆက်တိုက်လည်း ရောင်းသူ၊ သယ်သူတွေ တန်ဖိုးအများကြီးနဲ့ မိနေတယ်။ ဆက်ပြီးလည်း ဖမ်းဆီးနေပါတယ်။ နိုင်ငံတော်သမ္မတ မိန့်မှာချက်၊ ပြည်ထဲရေးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရဲချုပ်တွေက အမျိုးသားရေးတာဝန်အနေနဲ့ လမ်းညွှန်တာ ဆောင်ရွက်တာတွေကြောင့်ပါ။ အဓိကတော့ ပြည်သူလူထု ပူးပေါင်း ပါဝင်ခြင်းပါပဲ။ အလွန်ဝမ်းမြောက်စရာ ဖြစ်ပါတယ်”ဟု ပြောကြားသည်။

ဖမ်းဆီးရရှိမှု စာရင်းများအရ ဘိန်းဖြူ၊ ဘိန်းမည်း၊ ဆေးပြား၊ ဘိန်းဆီခဲ၊ အဆင့်နိမ့်ဘိန်း၊ ဘိန်းရည်များဖြစ်ကြောင်း သိရပြီး ဘိန်းဖြူ အများဆုံးဖြစ်ကာ ဆေးပြားနှင့် ဘိန်းမည်းမှာ ဒုတိယနှင့် တတိယအများဆုံး ဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး ဆောင်ရွက်ရာတွင် အရာရှိနှင့် တပ်သားများကို လာဘ်ပေးလာဘ်ယူမှုများနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့စည်းကမ်းများနှင့် ဖော်ထုတ် အရေးယူဆောင်ရွက်ရမိခြင်းများ ရှိခဲ့ကြောင်း ပြောကြားသည်။

ကချင်ပြည်အတွင်းသို့ ဝင်ရောက်လာသော မူးယစ်ဆေးဝါးလမ်းကြောင်း ခြောက်ခုရှိပြီး ယင်းတို့မှာ ဘိန်းဖြူ၊ ဘိန်းမည်း၊ စိတ်ကြွဆေးပြားများကို ရှမ်းပြည်နယ် ကွတ်ခိုင်-နန်းခမ်း- ဗန်းမော်-ဝိုင်းမော်-မြစ်ကြီးနား- ဖားကန့် လမ်းကြောင်း၊ လွယ်ဂျယ်-ဗန်းမော်-ဝိုင်းမော်-မြစ်ကြီးနား-ဖားကန့် လမ်းကြောင်း၊ ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းမှ ဝင်ရောက်လာသည့် မူးယစ်ဆေးဝါးများမှာ စစ်ကိုင်းတိုင်း အင်းတော်မြို့ကိုဖြတ်၍ မိုးညှင်း-မိုးကောင်း-ဖားကန့် လမ်းကြောင်း၊ မူဆယ်မြို့မှ တရုတ်ပြည် ရွှေလီကိုကူး၍ ရွှေလီ-ကန်ပိုင်တည်-ဝိုင်းမော်-မြစ်ကြီးနား-ဖားကန့်လမ်းကြောင်း၊ ဘိန်းစိမ်းအများစု သယ်သည့် ချင်းတွင်းအထက် ဟုမ္မလင်း -ဆယ်ဇင်း-တာမခံ -ဖားကန့်လမ်းကြောင်း၊ ဆဒုံး-ဝိုင်းမော်-မြစ်ကြီးနား-ဖားကန့်လမ်းကြောင်းတို့ ဖြစ်သည်။

Most Read

Most Recent