နိုင်ငံခြားငွေလဲနှုန်း စံချိန်တင် မြင့်တက်မှုကြောင့် ဆေးဝါးဈေးကွက်တွင် ဆေးဝါးအများစု ဈေးမြင့်တက်လျက်ရှိပြီး ကုမ္ပဏီအချို့က အရောင်းအဝယ်များ ပိတ်ထားဟု ဆေးဝါးရောင်းချသူများဆို

နိုင်ငံခြားငွေလဲနှုန်း စံချိန်တင် မြင့်တက်မှုကြောင့် ဆေးဝါးဈေးကွက်တွင် ဆေးဝါးအများစု ဈေးမြင့်တက်လျက်ရှိပြီး ကုမ္ပဏီအချို့က အရောင်းအဝယ်များ ပိတ်ထားဟု ဆေးဝါးရောင်းချသူများဆို
Published 17 August 2018

ရွှေပြည့်စုံဈေးတွင် ရောင်းချနေသည့် ဆေးဝါး အရောင်းဆိုင်အချို့ကို တွေ့ရစဉ် (ဓာတ်ပုံ-လွင်မျိုးသူ)

နိုင်ငံခြားငွေလဲနှုန်း ဆက်တိုက် မြင့်တက်မှုကြောင့်ဆေးဈေးကွက်အတွင်း ဆေးဝါးအများစု ဈေးနှုန်းမြင့်တက်နေပြီး အချို့ဆေးကုမ္ပဏီများက အရောင်းအဝယ်များ ပိတ်ထားကြောင်း ရွှေပြည့်စုံဈေးရှိ ဆေးကုန်သည်များက ပြောကြားသည်။

“အဓိကကတော့ ကုမ္ပဏီတွေက ၁၅ ရက်တစ်ခါ ရာခိုင်နှုန်း တစ်မျိုးစီ ပြောင်းပြီး ဈေးနှုန်းချပြီး ရောင်းချပေးနေတယ်။ အရောင်းအဝယ်ကတော့ လုံးဝမရှိဘူး။ ဈေးနှုန်း တက်နေတာကတော့လက်ရှိ ကုမ္ပဏီတွေကနေပြီး ငွေဈေးပေါ်ကြည့်ပြီး ဈေးနှုန်းတွေ သုံးရက်တစ်ခါ၊ ငါးရက်တစ်ခါ ပြောင်းလဲမှုတွေတော့ ရှိတယ်။ ဆေးတွေကိုတော့ ကုမ္ပဏီတွေက ကန့်သတ်ချက်၊ အရေအတွက်နဲ့ နည်းနည်းပဲ ပေးတော့တယ်။ ရာခိုင်နှုန်းတင်ပြီး ရောင်းတာပေါ့။ ကြိုက်သလို ဝယ်ခွင့် မပေးဘူးပေါ့။ အမြဲတမ်း ဝယ်တဲ့သူကိုတောင် အရေအတွက် နည်းနည်းပဲပေးတယ်။ ဆေးဝါးလောက ကတော့ စီးပွားရေး ကျဆင်းနေတယ်” ဟု Golden Tamarind ဆေးဆိုင်ပိုင်ရှင် ဦးမြင့်လှိုင်က ပြောကြားသည်။

လက်ရှိ ဆေးဈေးကွက်အတွင်း ဒေါ်လာဈေး မြင့်တက်မှုကြောင့် ဆေးကုမ္ပဏီအချို့က ဆေးဝါးရောင်းချမှုကို ရပ်ဆိုင်းထားပြီး ဈေးနှုန်းအတက်အကျမှာ လှုပ်ခတ်လျက် ရှိနေကာ လက်ရှိတွင် သုံး ရာခိုင်နှုန်းမှ ခုနစ် ရာခိုင်နှုန်းအထိ မြင့်တက်လျက်ရှိကြောင်း သိရသည်။

“ငွေဈေး အတက်ကြမ်းတဲ့အပေါ်မှာ ကုမ္ပဏီကလည်း နိုင်ငံခြားက မှာယူရတဲ့နေရာမှာ ဈေးကြီးတယ်ဆိုတော့ သူတို့လည်း ဈေးနှုန်းတွေကို ပြင်ဆင်ပြီး ကျွန်တော်တို့ကို ဈေးနှုန်းတင်ပြီး ဖောက်သည် ပြန်ပေးတာပေါ့။ ဆေးရောင်းတဲ့ သက်တမ်းမှာတော့ ဒါမျိုးမကြုံဘူး။ ဒီလိုဈေးတွေ တက်လာတဲ့အတွက်ကြောင့် ကျွန်တော်တို့က ကုမ္ပဏီတွေဆီကနေ ဈေးမြင့်ဝယ်ရတော့ စားသုံးသူ ပြည်သူတွေကို ပြန်ရောင်းပေးတဲ့အခါ ဈေးနှုန်းတွေ တက်သွားနိုင်တာ ရှိတယ်။ အကျိုးရလဒ်က ဘယ်လိုဖြစ်သွားမလဲ ဆိုတော့ စားသုံးသူတွေ နစ်နာတယ်။ ရောင်းလိုအားတွေလည်း ကျသွားတယ်။ ဝယ်လိုအားတွေလည်း နည်းသွားတယ်။ အဲဒီလိုပုံစံမျိုး ဖြစ်သွားတယ်။ ကျွန်တော်တို့ကတော့ ရောင်းချတဲ့သူတွေရော၊ စားသုံးသူတွေရော အစစအရာရာ အဆင်ပြေမယ်လို့ မျှော်မှန်းပါတယ်”ဟု ဦးမြင့်လှိုင်က ပြောကြားသည်။

၂၀၁၆ ခုနှစ်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ တရားမဝင် ဆေးဝါး၊ ဆေးဝါးအတုနှင့် စံမမီဆေးဝါးများ တိုက်ဖျက်သည့် စီမံချက်ပြီးနောက် ဆေးဈေးကွက်အတွင်း ဆေးဝါးအများစုမှာ ရာခိုင်နှုန်း ၂၀ မှ ၅၀ အထိ မြင့်တက်ခဲ့ဖူးသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ် ဒေါ်လာ သန်း ၄၀၀ ခန့်အထိ ဆေးဝါးနှင့် ဆေးပစ္စည်းများကို ပြည်ပမှ တင်သွင်းနေရပြီး ပြည်တွင်းဆေးဝါး ထုတ်လုပ်မှုမှာ လိုအပ်ချက်၏ ၁၀ ရာခိုင်နှုန်းခန့်သာ ရှိကြောင်း သိရသည်။

“တရုတ်လိုင်းက ကုမ္ပဏီတွေကတော့ လိုသလောက် ရောင်းပေးတယ်။ ဈေးကတော့ တခြား နိုင်ငံခြားဆေးတွေနဲ့ မတူဘူး။ ဈေးနည်းနည်းပဲ တက်တယ်။ အစ်မတို့ ရောင်းတဲ့အခါမှာလည်း လိုသလောက် ရောင်းပေးတယ် တက်တဲ့ဈေးနဲ့ပေါ့။ အရင်က ၂၈၅၀ နဲ့ဝယ်တဲ့ဟာတွေက အခု ၃၁၅၀ နဲ့ ဝယ်ရတယ်။အစ်မတို့ ပြန်ရောင်းတဲ့ အခါမှာကျတော့ ၃၁၅၀ နဲ့ ဝယ်ထားတဲ့ဟာဆိုရင် ၃၂၀၀ နဲ့ ရောင်းပေးတယ်။ ပုံမှန်ပဲ အစ်မတို့ အမြတ်ယူတာက ၅၀ လောက်ပဲ။ ဆေးတွေကကျတော့ အများကြီးဈေးတက်ပြီး ရောင်းလို့ မရဘူးလေ။ ဈေးတက်တာက မကြာသေးဘူး။ တရုတ်လိုင်းဘက်ကကျတော့ တစ်ပတ်လောက်ပဲ ရှိသေးတယ်။ ဒါပေမဲ့ နိုင်ငံခြား ဆေးလိုင်းတွေကတော့ တက်တာကြာပြီ။ နိုင်ငံခြား ဆေးလိုင်းတွေကကျတော့ အရောင်းပိတ်ထားတာတွေ ရှိတယ်။ ကန့်သတ်ပြီး ရောင်းနေတာတွေ ရှိတယ်။ ဒေါ်လာဈေး တက်တယ်ဆိုတော့ ကုန်သွားလို့ရှိရင် မရောင်းရတော့မှာစိုးလို့ အချို့က ကန့်သတ် ရောင်းနေတာတွေ ရှိတယ်။ ဆေးအရောင်းအဝယ်က ကျတော့ ဒေါ်လာဈေး တက်ပြီးကတည်းက အရောင်းပါးတယ်။ အရင်ဝယ်နေကျ ၁၀ ဘူးဝယ်ရင် အခု ငါးဘူးပဲ ဝယ်တော့တယ်။ ကုမ္ပဏီတချို့က ဈေးတက်ပြီးသွားရင် ဈေးကျဖို့ အစီအစဉ် သိပ်မရှိတော့ဘူး။ သူတို့ကုမ္ပဏီက တစ်ထောင် တက်ထားတဲ့ ပစ္စည်းဆိုရင် ဒေါ်လာဈေးကျသွားရင်သူတို့က အဲဒီတစ်ထောင်ကို ဈေးမချတော့ဘဲ တစ်ထောင်နဲ့တန်းတူ ဆေးထပ်ပြီး ပေးတာတွေ ရှိတယ်” ဟု ရွှေပြည့်စုံဈေးတွင် ဆေးရောင်းချနေသော ကိုဖိုးလှဆေးဆိုင်မှ မမိုးမိုးက ပြောကြားသည်။

လက်ရှိတွင် ပြည်ပမှ တရားဝင် တင်သွင်းနေသည့် ဆေးဝါးများစွာ ရှိသကဲ့သို့ နယ်စပ်ဂိတ်များမှ တစ်ဆင့်သော် လည်းကောင်း၊ အကြောင်းအမျိုးမျိုးဖြင့် တရားမဝင် တင်သွင်းနေသည့် ဆေးဝါးများလည်း အမြောက်အမြား ရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ တင်သွင်းနေသည့် တရားမဝင် ဆေးဝါးအများစုမှာ အိမ်နီးချင်း ထိုင်း၊ တရုတ်၊ အိန္ဒိယနိုင်ငံများ၌ အခြေစိုက် ထုတ်လုပ်သည့် ဆေးကုမ္ပဏီများမှ ဆေးဝါးများ ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံသို့ ပြည်ပမှ ဆေးဝါးတင်သွင်းမှုများ သိသိသာသာ တိုးတက် မြင့်မားလာသည့်နည်းတူ နယ်စပ်ဒေသများမှ မမှန်မကန် တင်သွင်းလာသည့် အဆင့်မမီ ဆေးဝါးများကိုလည်း တွေ့ရှိနေရကြောင်း နှင့် အဆင့်မမီ ဆေးဝါးအများစုကို မြန်မာ-တရုတ် နယ်စပ်၊ မြန်မာ-အိန္ဒိယ နယ်စပ်များတွင် စစ်ဆေးတွေ့ရှိနေရကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သြဂုတ် ၁၆ ရက်တွင် လေလံဈေးကွက်မှ တစ်ဆင့် ဒေါ်လာလေးသန်း ထုတ်ရောင်းခဲ့ပြီး နိုင်ငံခြား ငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၅၆၀ အထိ စံချိန်တင် ဆက်လက် မြင့်တက်ခဲ့သော်လည်း မွန်းလွဲပိုင်းတွင် ကျပ် ၁၅၃၀ အထိ ပြန်လည် ကျဆင်းခဲ့ကြောင်း နိုင်ငံခြားငွေကြေးရောင်းဝယ်သူများထံမှ သိရသည်။

ဗဟိုဘဏ်က ၎င်း၏ ရည်ညွှန်း နိုင်ငံခြားငွေလဲနှုန်းကို သြဂုတ် ၁၆ ရက်တွင် ၁၄၉၈ ကျပ်အထိ မြှင့်တင်ခဲ့ပြီး သြဂုတ် ၁၅ ရက်နှုန်းထက် ၂၃ ကျပ် ပိုမိုများပြားသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း တစ်ရက်လျှင် ဒေါ်လာတစ်သိန်းသာ ထုတ်ရောင်းလျက်ရှိရာမှ နိုင်ငံခြားငွေ ရောင်းဝယ်ရာတွင် ဗဟိုဘဏ်၏ သတ်မှတ်ချက်ဘောင် ပယ်ဖျက်ပြီးနောက် သြဂုတ် ၁၅ ရက်တွင် ဒေါ်လာ ၁ ဒသမ ၆၅ သန်း၊ သြဂုတ် ၁၆ ရက်တွင် ဒေါ်လာ လေးသန်းအထိ လေလံဈေးကွက်၌ ထုတ်ရောင်းခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့ကုန်သွယ်ရေးစစ်ပွဲ တင်းမာမှုများအတွက် တရုတ်နှင့် အမေရိကန်အစိုးရတို့ ညှိနှိုင်းမည်ဆိုသော သတင်းကြောင့် ဒေါ်လာဈေး ဆက်တိုက် မြင့်တက်နေရာမှာ အားပြန်လျော့လာကာ ဆွေးနွေးမှု အဆင်ပြေပါက ထွန်းသစ်စနိုင်ငံများ၏ ငွေကြေးတန်ဖိုး ကျဆင်းမှုများအတွက် အသက်ရှူပေါက် ရနိုင်မည်ဖြစ်သည်။ သြဂုတ် ၆ ရက် မွန်းလွဲပိုင်းအထိ တူရကီငွေကြေး အကျပ်အတည်းနှင့် တရုတ်စီးပွားရေး ကျဆင်းမှုတို့အပေါ် ဈေးကွက်စိုးရိမ်မှုများ ဆက်ရှိနေမှုနှင့်အတူ ဒေါ်လာညွှန်းကိန်းမှာလည်း ၉၆ ပွိုင့်အကျော် အ မြင့်တန်းတွင် ဆက်ရှိနေသည်။ တရုတ်ယွမ်ငွေမှာ သြဂုတ် ၁၆ ရက်တွင် ဒေါ်လာနှင့် ယှဉ်လျှင် တစ်ဒေါ်လာ ၆ ဒသမ ၉၁ ယွမ် ဝန်းကျင် ဖြစ်နေကာ ကျပ် ၁၀၀ လျှင် ၀ ဒသမ ၄၆ ယွမ် ဝန်းကျင် ဖြစ်သည်။

Most Read

Most Recent