<

ဗီယက်နမ်နိုင်ငံသို့ ၀င်ရောက်မည့် မုန်တိုင်းမှ အကြွင်းအကျန် တိမ်တိုက်များကြောင့် မြန်မာနိုင်ငံ တောင်ပိုင်းဒေသများတွင် မိုးကြီးနိုင်

ဗီယက်နမ်နိုင်ငံသို့ ၀င်ရောက်မည့် မုန်တိုင်းမှ မုန်တိုင်းအကြွင်းအကျန် တိမ်တိုက်များကြောင့် မြန်မာနိုင်ငံ တောင်ပိုင်းဒေသများတွင် မိုးကြီးနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဦးကျော်မိုးဦးက ပြောကြားသည်။

“ဗီယက်နမ်ကမ်းခြေမှာ ဖြစ်နေတဲ့ မုန်တိုင်းအကြွင်းအကျန် တိမ်တိုက်တွေက မနက်ဖြန်လောက်ဆိုရင် ဒီဘက်ကို ရောက်တော့မှာ။ အဲဒီအချိန်ကျရင် မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွေပေါ့။ အထူးသဖြင့် မွန်၊ ကရင်၊ တနင်္သာရီ၊ ပဲခူးတိုင်းဒေသကြီးတွေမှာ မိုးပိုလာမယ့် အနေအထားရှိတယ်” ဟု ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။

မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ သြဂုတ် ၁၆ ရက် ထုတ်ပြန်ချက်၌ ကယားပြည်နယ်တွင် နေရာကွက်ကျား၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် အရှေ့ပိုင်းတို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီး နှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာသွန်းခဲ့ပြီး မွန်ပြည်နယ်တွင် ဒေသအလိုက်နှင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် နေရာကွက် မိုးကြီးခဲ့ကြောင်း သိရသည်။

မှတ်သားဖွယ်ရာ မိုးရေချိန်များ အနေဖြင့် ရန်ကုန် (ဒဂုံမြို့သစ်မြောက်ပိုင်း) တွင် ၄ ဒသမ ၅၃ လက်မ၊ ကျိုက္ခမီမြို့တွင် ၃ ဒသမ ၉၀ လက်မ၊ ချောင်းတုံမြို့တွင် ၃ ဒသမ ၇၈ လက်မ၊ ဇောင်းတူမြို့တွင် ၃ ဒသမ ၃၉ လက်မ၊ မုဒုံမြို့တွင် ၃ ဒသမ ၁၅ လက်မ၊ ဖျာပုံမြို့တွင် ၃ ဒသမ ၀၇ လက်မ၊ ရန်ကုန်မြို့လယ်တွင် ၂ ဒသမ ၈၉ လက်မ၊ လောင်းလုံမြို့တွင် ၂ ဒသမ ၆၀ လက်မ၊ ကျိုက်မရောမြို့တွင် ၂ ဒသမ ၅၆ လက်မ၊ ထားဝယ်မြို့တွင် ၂ ဒသမ ၅၂ လက်မ၊ ကြာအင်းဆိပ်ကြီးမြို့တွင် ၂ ဒသမ ၃၄ လက်မ၊ မာန်အောင်မြို့တွင် ၂ ဒသမ ၂၀ လက်မ၊ ကွမ်းခြံကုန်းမြို့တွင် ၂ ဒသမ ၀၉လက်မ၊ ဟိုင်းကြီးကျွန်းမြို့တွင် ၂ ဒသမ ၀၁ လက်မနှင့် ရန်ကုန် (ကမ္ဘာအေး)တွင် ၁ ဒသမ ၉၇ လက်မစီ ရွာသွန်းခဲ့ကြောင်း သိရသည်။

ထို့ပြင် ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလား ပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေကြောင်း သိရသည်။

ထူးခြားသည့် မိုးလေ၀သအခြေအနေသည် တောင်တရုတ် ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်းဘက် ဘင်ကာသည် တုံကင်ပင်လယ်ကွေ့သို့ ရောက်ရှိခဲ့ပြီး ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၏ အရှေ့-အရှေ့ တောင်ဘက် မိုင် ၁၃၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး အနောက်တောင်ဘက်သို့ ဆက်လက်ရွေ့လျားမည် ဖြစ်ကြောင်း မိုးဇလမှ ထုတ်ပြန်ထားသည်။

သြဂုတ် ၁၇ ရက် မိုးရွာသွန်းနိုင်မှု အခြေအနေသည် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် နေရာကျဲကျဲ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ကချင်ပြည်နယ်တွင် ဒေသအလိုက်နှင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့် ဖြစ်ကြောင်း သိရသည်။

August 16, 2018














Copy Protected by Chetan's WP-Copyprotect.