ခန္တီးမြို့နယ် တိုက်တီးကျေးရွာသား ရာခိုင်နှုန်း ၅၀ ခန့် ရာသီတုပ်ကွေး ဖျားနာနေ၍ ကျန်းမာရေးအဖွဲ့ သွားရောက်ကုသခဲ့ရ

ခန္တီးမြို့နယ် တိုက်တီးကျေးရွာသား ရာခိုင်နှုန်း ၅၀ ခန့် ရာသီတုပ်ကွေး ဖျားနာနေ၍ ကျန်းမာရေးအဖွဲ့ သွားရောက်ကုသခဲ့ရ
Published 17 August 2018

တိုက်တီးကျေးရွာတွင် ကျန်းမာရေးအဖွဲ့က ဆေးဝါးကုသမှုပေးနေစဉ်

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် တိုက်တီးကျေးရွာတွင် ရွာသူရွာသား ရာခိုင်နှုန်း ၅၀ ခန့် ရာသီတုပ်ကွေးဖျားနာမှု ဖြစ်ပွားခဲ့ပြီး ဆေးဝါးကုသရန် ကျန်းမာရေးအဖွဲ့ စေလွှတ်ပေးခဲ့ရကြောင်း သိရသည်။

တိုက်တီးကျေးရွာအုပ်ချုပ်ရေးမှူး၏ အကြောင်းကြားချက်အရ ခန္တီးမြို့နယ်ဆေးရုံမှ ကျန်းမာရေးအဖွဲ့နှင့် တပ်နယ်မှ ကျန်းမာရေးအဖွဲ့တို့ကို စေလွှတ်ပေးခဲ့ရကြောင်း ခန္တီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆင့်၏ ပြောကြားချက်အရ သိရသည်။

“လွန်ခဲ့တဲ့နှစ်ရက်လောက်က အဲဒီက အုပ်ချုပ်ရေးမှူးကနေပြီး လူကြုံနဲ့ ကျွန်တော်တို့ကို လှမ်းပြီးအကြောင်းကြားတော့ သူတို့အကြောင်းကြားချက်ရပြီး နောက်ရက်မှာ ဒီကကျန်းမာရေးအဖွဲ့စီစဉ်ပြီး လွှတ်ပေးလိုက်တာ။ ရွာလုံးကျွတ်ဖျားတာတော့ မဟုတ်ဘူး။ ရာခိုင်နှုန်း ၅၀ လောက် ဖျားနာကြတာပေါ့။ ဟိုမှာက ကျန်းမာရေးဆေးပေးခန်းနဲ့ ကုသပေးနိုင်တဲ့လူ မရှိဘူးလေ။ ခန္တီးဆေးရုံက ကျန်းမာရေးအဖွဲ့ ၁၈ ယောက်နဲ့ တပ်နယ်က ကျန်းမာရေးဆေးအဖွဲ့တွေ ရှစ်ယောက် လွှတ်ပေးလိုက်တာပေါ့။ ဆေးရုံက ကျန်းမာရေးအဖွဲ့တွေတော့ မနေ့ ည ၇ နာရီလောက်က ပြန်ရောက်လာပြီ။ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ ဆေးတပ်ဖွဲ့တွေတော့ အခြေအနေ စောင့်ကြည့်ဖို့ ကျန်နေရစ်တယ်” ဟု ဦးခင်မောင်ဆင့်က ပြောကြားသည်။

ရာသီတုပ်ကွေးဖျားနာမှုဖြစ်ပြီး လူအသေအပျောက် မရှိကြောင်းနှင့် တိုက်တီးကျေးရွာအနီးတဝိုက်ရှိ ကျေးရွာများတွင် ကျန်းမာရေး အသိပညာပေးခြင်းများ ဆက်လက် လုပ်ဆောင်နေကြောင်း သိရသည်။

“ရိုးရိုးရာသီတုပ်ကွေးပါပဲ။ မိုးကလည်း အဆက်မပြတ်ရွာတော့ ဖျားတာနာတာ များတာပေါ့ဗျာ။ အခြေအနေကောင်းပါတယ် အသေအပျောက်လည်း မရှိပါဘူး။ အခုတော့ အားလုံးသက်သာသွားပါပြီ။ တိုက်တီးတစ်ရွာတည်းပါပဲ ကျန်တဲ့ရွာတွေမပါဘူး။ ဒါပေမဲ့ တိုက်တီးက ကျဲဆန်ဆိုတဲ့ရွာကို မနေ့ကသွားပြီး ဆေးဝါးစမ်းသပ်မှုတွေ လုပ်ပေး၊ ကျန်းမာရေးဟောပြောပွဲတွေ လုပ်ပေးခဲ့တယ်” ဟု ဦးခင်မောင်ဆင့်က ဆိုသည်။

တိုက်တီးကျေးရွာသည် ခန္တီးမြို့မှ မိုင် ၅၀ ခန့်ကွာဝေးပြီး ချင်းတွင်းမြစ်အထက်ပိုင်းဒေသရှိ ကျေးရွာဖြစ်သည်။ ထိုကျေးရွာတွင် နာဂတိုင်းရင်းသားများနှင့် ရွှေ့ပြောင်းအလုပ်သမားများ နေထိုင်ကြပြီး ရေကြောင်းခရီးဖြင့်သာ သွားလာ၍ရကာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောဒေသဖြစ်ကြောင်း သိရသည်။

Most Read

Most Recent