ဧရာဝတီတိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု သိသာစွာ လျော့နည်းသွားခြင်း မရှိသော်လည်း သေဆုံးမှုနှုန်း သိသာစွာ ကျဆင်းခဲ့

ဧရာဝတီတိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု သိသာစွာ လျော့နည်းသွားခြင်း မရှိသော်လည်း သေဆုံးမှုနှုန်း သိသာစွာ ကျဆင်းခဲ့
Published 17 August 2018

ဧရာဝတီတိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူဦးရေမှာ ယမန်နှစ်များနှင့် နှိုင်းယှဉ်ပါက သိသာစွာ လျှော့နည်းသွားခြင်း မရှိသော်လည်း ရောဂါကြောင့် သေဆုံးသူဦးရေမှာ သိသာစွာ ကျဆင်းသွားခဲ့ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံမှ သတင်းရရှိသည်။

၂၀၁၇ ခုနှစ်အတွင်း သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူ ဦးရေမှာ ၃၀၂၈ ဦးရှိခဲ့ပြီး သွေးလွန်တုပ်ကွေးရောဂါကြောင့် ၃၃ ဦးအထိ သေဆုံးခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ သြဂုတ်လဆန်းပိုင်းထိ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူ ဦးရေမှာ ၂၂၁၀ ရှိခဲ့ပြီး ခုနစ်ဦးသာ အသက်ဆုံးပါးခဲ့ကြောင်း၊ ၂၀၁၇ခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားခဲ့သည့် အသက် ၁၅ နှစ်အထက် ဦးရေမှာ ၇၀ သာ ရှိခဲ့သော်လည်း ယခု ၂၀၁၈ ခုနှစ်အတွင်းတွင်မူ ၉၄ ဦးအထိ မြင့်တက်ခဲ့ကြောင်း၊ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှု အများဆုံးမြို့နယ်များမှာ ဟင်္သာတမြို့နယ်၊ ပုသိမ်မြို့နယ်၊ ဖျာပုံမြို့နယ်၊ လပွတ္တာမြို့နယ်တို့ဖြစ်ပြီး ယင်းမြို့နယ်များတွင် ရောဂါဖြစ်ပွားမှုနှုန်း ကျဆင်းရေးအတွက် စီမံကိန်းများဖြင့် ရေးဆွဲလုပ်ဆောင်နေလျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ ဧရာဝတီတိုင်းဒေသကြီးဟာ မြန်မာနိုင်ငံအတွင်းမှာဆိုလို့ရှိရင် လူဦးရေအများဆုံး တိုင်းတစ်တိုင်းလည်းဖြစ်တယ်။ သွေးလွန်တုပ်ကွေးနဲ့ ပတ်သက်ရင်လည်း အရင်နှစ်တွေကဆို အဖြစ်အများဆုံးနှင့် သေဆုံးမှုအများဆုံးဆိုတဲ့ တိုင်းထဲမှာပါပါတယ်။ ဒီနှစ်မှာဆိုလည်း ကျွန်တော်တို့တိုင်းဟာ တစ်နိုင်ငံလုံးမှာ အဖြစ်များဆုံး တိုင်းထဲမှာပါနေတုန်းပါပဲ။ ဒီနှစ် ၁ ရက် ၁ လ ၂၀၁၈ ကနေက ကျန်ခဲ့တဲ့အပတ်အထိ ဖြစ်ပွားမှုနှုန်းဟာ ၂၂၁၀ အထိ ဖြစ်ပွားခဲ့ပြီး သေဆုံးသူကတော့ ခုနစ်ယောက်သာ ရှိခဲ့ပါတယ်။ မနှစ်ကနဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင် မနှစ်ကတော့ ၃၀၂၈ ဦးရှိပြီးတော့ သေဆုံးသူက ၃၃ ဦးရှိပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာသီဟအောင်က ပြောကြားသည်။

Most Read

Most Recent