ဗိုလ်ချုပ်ရုပ်တု မတည်ဆောက်ရန်နှင့် ကရင်နီသမိုင်းအမှန်စာရွက်များ ဖြန်ဝေမှုကြောင့် ပုဒ်မ ၅၀၅ (ခ)(ဂ) ဖြင့် ကရင်နီလူငယ်များအား ဒီးမော့ဆိုမြို့နယ်တရားရုံး၌ လေးကြိမ်မြောက် ရုံးထုတ်

ဗိုလ်ချုပ်ရုပ်တု မတည်ဆောက်ရန်နှင့် ကရင်နီသမိုင်းအမှန်စာရွက်များ ဖြန်ဝေမှုကြောင့် ပုဒ်မ ၅၀၅ (ခ)(ဂ) ဖြင့် ကရင်နီလူငယ်များအား ဒီးမော့ဆိုမြို့နယ်တရားရုံး၌ လေးကြိမ်မြောက် ရုံးထုတ်
Published 17 August 2018

ဗိုလ်ချုပ်ရုပ်တု မတည်ဆောက်ရန်နှင့် ကရင်နီသမိုင်းအမှန်စာရွက်များ ဖြန်ဝေမှုကြောင့် ပုဒ်မ ၅၀၅ (ခ)(ဂ) ဖြင့် ကရင်နီလူငယ်များအား ဒီးမော့ဆိုမြို့နယ်တရားရုံး၌ လေးကြိမ်မြောက် ရုံးထုတ်လာစဉ်

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် တရားရုံးတွင် ဗိုလ်ချုပ်ရုပ်တု မတည်ဆောက်ရန်နှင့် ကရင်နီသမိုင်း အမှန်စာရွက်များ ဖြန့်ဝေမှုဖြင့် ပုဒ်မ ၅၀၅(ခ)(ဂ) ဖြင့် သြဂုတ် ၁၆ ရက် လေးကြိမ်မြောက်ရုံးချိန်းတွင် အာမခံမယူဘဲ ထောင်ချုပ်ဖြင့် တရားရင်ဆိုင်နေသော လူငယ်လေးဦးမှာ အာမခံပြန်လည် လျှောက်ထားရာ အာမခံရရှိပြီး ဝရမ်းထုတ်မည်ဟူဆိုသော လူငယ်သုံးဦးကိုမူ အချက်အလက် မသေချာသောကြောင့် မထုတ်ဖြစ်သေးကြောင်း သိရသည်။

“ဖားဆောင်းရယ်၊ ဘောလခဲရယ် နှစ်မှုမှာ သူတို့ အာမခံရမထားဘူး။ အဲဒီတော့ လွိုင်ကော်နဲ့ဒီးမော့ဆိုမှာ ရပြီးနော်။ ကျွန်မကတော့ သူတို့ကိုပြောခဲ့တာ ကျွန်မတို့သည် အများအကျိုးအတွက် နိုင်ငံအကျိုးအတွက် လုပ်နေတဲ့သူတွေဖြစ်တယ်။ ကျွန်မတို့ အခွင့်အရေးတစ်ခုရရင် ရတဲ့အခွင့်အရေးကို ကျွန်မတို့ ဆုပ်ကိုင်ရမယ်။ ပြီးရင်နောက်မရသေးတဲ့ အခွင့်အရေးကိုရအောင် ကျွန်မတို့ ဆက်လုပ်မယ်။ ဆက်လုပ်ရင်းနဲ့ ပေါင်းစပ်သွားမယ်။ နေရာတကာမှာပေါ့နော် ကျွန်မတို့နိုင်ငံရေးလုပ်တဲ့သူတွေ နေရာတကာမှာ ခေါင်းမာပြီးတော့ ဟိုမှာမရလို့ ဒီမှာမလျှောက်ဘူးဆိုတဲ့ သဘောမထားပါနဲ့လို့ ကျွန်မသူတို့ကို ပြောပြခဲ့တယ်။ သူတို့လုပ်ရပ်တွေ သူတို့ ဆန္ဒတွေနဲ့ ကျွန်မတို့ တိုင်းရင်းသားဒေသက ပြည်သူလူထုအနေနဲ့ ထပ်တူပဲရှိတယ်ဆိုတာ ပြောပြခဲ့တယ်။ နောက်ထပ် ဖားဆောင်းတို့ ဘောလခဲတို့မှာ အာမခံမရတာကို ကျွန်မတို့ထပ်လျှောက်မယ်။ ပယ်ချင်ပယ် ပယ်လို့ရှိရင် ကျွန်မတို့ရဲ့အခွင့်အရေးက သူ့ထက်မြင့်တဲ့ ခရိုင်တရားရုံးကို တက်နိုင်တယ်။ ပြည်နယ်လွှတ်တော်ကို တက်နိုင်တယ်။ အဲဒီအခွင့်အရေးတွေ ကျွန်မတို့မှာရှိတယ်။ ကျွန်မတို့ရတဲ့ အခွင့်အရေး ဆုပ်ကိုင်မယ်။ မရသေးတဲ့ အခွင့်အရေးအတွက် ဆက်ပြီးလုပ်မယ်” ဟု တရားစွဲခံ ကရင်နီလူငယ်များအတွက် ရှေ့နေအဖြစ် ကူညီလိုက်ပါ ဆောင်ရွက်ပေးမည့် မြန်မာနိုင်ငံ တရားမျှတရေး၏ ဦးဆောင်ကော်မတီဝင်နှင့် မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေအသင်း၏ အတွင်းရေးမှူး တရားလွှတ်တော် ရှေ့နေဒေါ်ခင်မိုးမိုးက ပြောကြားသည်။

ထို့ပြင် အာမခံရသည့် ဒီးဒီပါ လေးဦးအပြင် ကျန်လူငယ် ခွန်းဂျွန်သန်းပါ သုံးဦးအား ယခုရုံးချိန်းတွင် တရားခွင်သို့ မလာရောက်ပါက တရားသူကြီးမှ ဖမ်းဝရမ်းထုတ်မည်ဟု ဆိုသော်လည်း အချက်အလက် မသေချာသောကြောင့် ဝရမ်းမထုတ်ဖြစ်သေးကြောင်း သိရသည်။

“နိုင်ငံတော်အာဏာသိမ်းဖို့ နိုင်ငံတော်ပုန်ကန်ဖို့ နိုင်ငံတော် အကြမ်းဖက်ဖို့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ စွဲတယ်။ နောက်ပြီးတော့ မပါတဲ့ လူလည်းစွဲပေါ့။ ဒီထဲမှာလှုပ်ရှားတဲ့ လူတွေ နီးစပ်တဲ့ လူတွေပါ စွဲတယ်ပေါ့။ ဒီလိုလုပ်ခြင်းအားဖြင့် ပြည်နယ်အစိုးရရဲ့ ဂုဏ်သိက္ခာလည်း ကျဆင်းတယ်။ ပြည်နယ်ရဲ့သိက္ခာလည်း ကျဆင်းတာပေါ့။ ဒီအပေါ်မှာ နိုင်ငံတော်သမ္မတနဲ့
အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်တို့ ဒီအပေါ်မှာ အလေးအနက် ပြန်သုံးသပ် စဉ်းစားပေးဖို့ လိုပါတယ်” ဟု တရားစွဲခံရသော ကယားပြည်ကျောင်းသားသမဂ္ဂအတွင်းရေးမှူး ခွန်းမျိုးလှိုင်ဝင်းက ပြောကြားသည်။

ပုဒ်မ ၅၀၅ (ခ) (ဂ) ဖြင့် လွိုင်ကော်၊ ဒီးမော့ဆို၊ ဘောလခဲ၊ ဖားဆောင်းမြို့နယ်အသီးသီးတွင် ကရင်နီလူငယ် ကိုးဦးမှာ တရားရင်ဆိုင်နေကြရကြောင်း သိရသည်။

Most Read

Most Recent