မိုရန်ဒီတံတားပြိုကျမှုကြောင့် ဂျီနိုအာမြို့ခံကလပ်များ၏ စီးရီးအေပွဲစဉ်များ ရွှေ့ဆိုင်း

မိုရန်ဒီတံတားပြိုကျမှုကြောင့် ဂျီနိုအာမြို့ခံကလပ်များ၏ စီးရီးအေပွဲစဉ်များ ရွှေ့ဆိုင်း
Published 17 August 2018

စီးရီးအေကလပ်များဖြစ်သည့် ဂျီနိုအာအသင်းနှင့် ဆမ်ဒိုးရီးယားအသင်းတို့အခြေစိုက်ရာ ဂျီနိုအာမြို့ရှိ မိုရန်ဒီတံတားပြိုကျမှုကြောင့် လာမည့်ရက်သတ္တပတ်တွင် ကစားမည့် ယင်းအသင်းများ၏လိဂ်ပွဲစဉ်များကို ရက်ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။

Photo:AFP

အဆိုပါတံတားသည် ပြီးခဲ့သည့်အင်္ဂါနေ့နံနက်ပိုင်းက ပြိုကျခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ လူပေါင်း (၃၈)ဦးသေဆုံးခဲ့သည်ဟု သတင်းထုတ်ပြန်ထားပြီး သေဆုံးသူအရေအတွက်မှာ ပိုတိုးလာနိုင်သေးကြောင်း သိရသည်။ သို့ဖြစ်ရာ စီးရီးအေအဖွင့်ပွဲစဉ်များတွင် ယင်းဖြစ်ရပ်အတွက် ပွဲမကစားမီ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် (၁)မိနစ်ခန့် ငြိမ်သက်ဆုတောင်းမှုများပြုလုပ်သွားမည်ဖြစ်သည်။

Photo: AFP

လာမည့် စနေ့ညတွင် စတင်ကျင်းပမည့် ၂၀၁၇-၁၈ ဘောလုံးရာသီစီးရီးအေပြိုင်ပွဲတွင် ဂျီနိုအာအသင်းသည် အေစီမီလန်အသင်းအား အဝေးကွင်းတွင် သွားရောက်ရင်ဆိုင်ရမည်ဖြစ်ပြီး ဆမ်ဒိုးရီး ယားအသင်းမှာလည်း ဖီအိုရင်တီးနားအသင်းကို အိမ်ကွင်း၌ ဧည့်ခံကစားရမည်ဖြစ်သည်။ သို့ရာတွင် မိုရန်ဒီတံတားပြိုကျခဲ့မှုကြောင့် ဂျီနိုအာမြို့ခံအသင်းများဖြစ်သည့် ဂျီနိုအာနှင့် ဆမ်ဒိုးရီးယားတို့က ၎င်းတို့
ကစားမည့်ပွဲစဉ်များကို ရွှေ့ဆိုင်းပေးရန် စီးရီးအေပြိုင်ပွဲကျင်းပရေးတာဝန်ရှိသူများထံတောင်းဆိုခဲ့ခြင်းဖြစ်ပြီးယခုအခါ ယင်းပွဲစဉ်(၂)ပွဲအားရွှေ့ဆိုင်းသွားမည်ဖြစ်သော်လည်း ကျန်ပွဲစဉ်များကိုမူ အပြောင်းအလဲမရှိဘဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Photo: AFP

စီးရီးအေပြိုင်ပွဲကျင်းပရေးတာဝန်ရှိသူများသည် ဆမ်ဒိုးရီးယား-ဖီအိုရင်တီးနား၊ အေစီမီလန်- ဂျီနိုအာ တို့ယှဉ်ပြိုင်မည့် စီးရီးအေရာသီအဖွင့်ပွဲစဉ်(၂)ပွဲကို ရွှေ့ဆိုင်းလိုက်ကြောင်း အတည်ပြုထုတ်ပြန်ခဲ့ပြီး လာမည့်ရက်ပိုင်းအတွင်း အဆိုပါပွဲစဉ်များ ပြန်ကစားမည့်ရက်ကို ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ကိုယ်ပိုင်ဝက်ဘ်ဆိုက်တွင် ရေးသားဖော်ပြခဲ့သည်။

 

Most Read

Most Recent