စစ်တွေမြို့၌ လက်လုပ်မိုင်းပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ဖမ်းဆီးခံထားရသူ နှစ်ဦးကို စွဲချက်တင် မတင် လာမည့်ရုံးချိန်းတွင် စီရင်ချက်ချမည်

စစ်တွေမြို့၌ လက်လုပ်မိုင်းပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ဖမ်းဆီးခံထားရသူ နှစ်ဦးကို စွဲချက်တင် မတင် လာမည့်ရုံးချိန်းတွင် စီရင်ချက်ချမည်
Published 17 August 2018

စစ်တွေတွင် လက်လုပ်မိုင်းပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ဖမ်းဆီးခံထားရသူ နှစ်ဦးကို လာမည့်သြဂုတ် ၂၃ ရက် ရုံးချိန်းတွင် စွဲချက် တင်၊ မတင် အမိန့်ချမှတ်မည်ဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၄ ရက်က စစ်တွေမြို့ လမ်းမကြီးတရားရုံးအနီးနှင့် မြေစာရင်းရုံး၊ ကမ်းနားလမ်းတို့တွင် မိုင်းသုံးလုံးပေါက်ကွဲခဲ့ပြီး မပေါက်ကွဲသေးသော မိုင်းသုံးလုံးကိုလည်း တွေ့ရှိဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။ ထိုပေါက်ကွဲမှုကြောင့် လူထိခိုက်မှုမရှိခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။ သို့သော်လည်း ယင်းပေါက်ကွဲမှုနှင့် ပတ်သက်ပြီး သံသယရှိသူများကို ဖမ်းဆီးခဲ့ရာ နောက်ဆုံးတွင် တရားစွဲဆိုခံထားရသူ ဦးအေးဝင်းနှင့် ဦးမောင်ဦးမြင့်တို့ နှစ်ဦးအား အကြမ်းဖက် တိုက်ဖျက်ရေးပုဒ်မများမှ အမှုအမှတ် ၂၉/၂၀၁၈ မှ ရာဇသတ်ကြီးပုဒ်မ ၅၀ (က) /(ဈ)၊ အမှုအမှတ် ၃၀/၂၀၁၈ မှ ရာဇသတ်ကြီးပုဒ်မ ၅၀ (ဈ) နှင့် အမှုအမှတ် ၃၁/၂၀၁၈မှ ရာဇသတ်ကြီးပုဒ်မ ၅၀ (ဈ) များဖြင့် တရားစွဲဆိုခဲ့ထားခြင်းဖြစ်ကာ သြဂုတ် ၁၅ ရက် ၂၁ ကြိမ်မြောက် ရုံးချိန်းတွင် စီရင်ချက်မပြီးသေးဟုဆိုကာ ရုံးချိန်းပြောင်းခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံထားရသူ ဦးအေးဝင်းက “ကျွန်တော်တို့ မတော်မတရားနဲ့ စွပ်စွဲဖမ်းဆီးခံထားရတာကို အမြန်ဆုံး လွှတ်ပေးစေချင်တယ်။ ဒါ ရိုးရိုးသားသားနဲ့ ရိုးရှင်းစွာ တောင်းဆိုလိုတယ်။ အခု ကျွန်တော်တို့ ကြားနေတာက ဖိအားဖိအားဆိုပြီးတော့ ကြားနေတယ်။ အဲဒီ ဖိအားဆိုတာ ဘာလဲဆိုတာကို သိချင်တယ်။ တကယ်တမ်းဆိုရင် တရားရေးမဏ္ဍိုင်ဟာ တရားရေးပိုင်းကပဲ ရှိနေရမယ်။ အုပ်ချုပ်ရေးပိုင်းက ဖိအားတွေ ဘာတွေဆိုတာ မလိုဘူး” ဟု တရားရုံးမှ အထွက်တွင် သတင်းထောက်များကို ပြောကြားသည်။

သြဂုတ် ၁၅ ရက်က စွဲချက်တင်သင့် မတင်သင့်ကို အမိန့်ချမှတ်မည်ဟု သိရှိထားသော်လည်း စီရင်ချက်မပြီးသေးသည့်အတွက် စွဲချက်တင်မတင်ကို အမိန့်ချမှတ်ခဲ့ခြင်း မရှိခဲ့ကြောင်း ဖမ်းဆီးခံထားရသူများဘက်မှ လိုက်ပါဆောင်ရွက်နေသော ရှေ့နေဒေါ်အေးနုစိန်က ပြောကြားသည်။

“တရားလိုကို အခုထိ မမြင်ရသေးဘူး။ ကျွန်တော်တို့ကို စခန်းကခေါ်ပြီး ရှာဖွေပုံစံမှာ လက်မှတ်ထိုးခိုင်းတယ်။ အဲဒါလောက်ပဲ သူတို့ဖြေခဲ့တယ်။ ကျွန်တော်တို့က မတရားနှိပ်စက်တယ်လို့ ထွက်ဆိုတာကို အမှုစစ်ရဲမှူးက ဘာပြောလဲဆိုလို့ရှိရင် ငါတို့ မတရားလည်း မနှိပ်စက်ခဲ့ဘူး။ ဘာမှလည်း မလုပ်ခဲ့ဘူးပြောတယ်။ ကျွန်တော်ကိုယ်တိုင် ညှဉ်းပန်းနှိပ်စက်ခံရလို့ ဆေးရုံကို သုံးကြိမ်တိုင်တိုင် ရောက်ခဲ့ပါတယ်။ နှိပ်စက်ခဲ့တာ၊ ထမင်းမစားရဘူး၊ ရေမသောက်ရဘူး။ ကျွန်တော်တို့ကို ညမအိပ် နေ့အိပ်ဘဲ စစ်ခဲ့ကြတယ်။ ကျွန်တော်တို့က ဘာမှအပြစ်မလုပ်ဘဲနဲ့။ မသင်္ကာတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ဒီလောက်နှိပ်စက်မယ်ဆိုရင် ဒါဟာ လုံးဝမလုပ်သင့်ဘူး။ မှန်မှန်ကန်ကန် လုပ်ပါလို့ပဲ ကျွန်တော်တို့ ပြောချင်တယ်” ဟု ဦးမောင်ဦးမြင့်က ပြောကြားသည်။

မိုင်းပေါက်ကွဲမှုနှင့်ပတ်သက်ပြီး ဖမ်းဆီးစစ်ဆေးခံခဲ့ရသူ ကိုးဦးရှိရာ ၎င်းတို့အနက် ဦးနိုင်စိုး၊ ဦးမောင်မြင့်ရွှေ၊ ဦးရွှေထွန်းအောင်နှင့် ဦးတင်မြင့်ရွှေတို့ကို မတ် ၂၆ ရက် ညတွင်လည်းကောင်း၊ မောင်သိန်းဦးကို ၂၇ ရက် နံနက်တွင်လည်းကောင်း စစ်တွေမြို့မရဲစခန်းက အာမခံဖြင့် လွှတ်ပေးခဲ့သည်။ ကျန်လေးဦးအနက် မောင်သန်းရွှေနှင့် မောင်မြင့်ကြည်တို့ကို စစ်တွေမြို့နယ် တရားရုံးက သြဂုတ် ၈ ရက်တွင် တရားမဝင် နယ်စပ်ဖြတ်ကျာ်မှု ၁၃ (၁) ဖြင့် ထောင်ဒဏ် ခြောက်လစီ ချမှတ်လိုက်ပြီး ဦးအေးဝင်းနှင့် ဦးမောင်ဦးမြင့်တို့ နှစ်ဦးမှာ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ သုံးခုဖြင့် အမှုကို ဆက်လက်အမှု ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent