<

ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်းများ အနေဖြင့် ပြည်ပအကူအညီရငွေ၊ ချေးယူငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းစီမံကိန်းများကို လျာထားချက်နှင့်အညီ အကောင်အထည်ဖော်နိုင်မှု မရှိသည့်အတွက် ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ဟု ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ အကြံပြု

သြဂုတ် ၉ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ခေတ္တရပ်နားနေစဉ် လွှတ်တော်ကိုယ်စားလှယ်များအား တွေ့ရစဉ်

ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်းများ အနေဖြင့် ပြည်ပအကူအညီရငွေ၊ ချေးယူငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများ၊ စီမံကိန်းများကို လျာထားချက်နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု မရှိသည့်အတွက် ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်ဟု ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက သုံးသပ်အကြံပြုထားသည်။

သြဂုတ် ၁၆ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက်အစီရင်ခံစာအား တင်သွင်းစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်းများ အနေဖြင့် ပြည်ပအကူအညီရငွေနှင့် ချေးယူငွေဖြင့် ဆောင်ရွက်သောလုပ်ငန်းများ၊ လုပ်ငန်းစီမံကိန်းများကို စီမံကိန်း လျာထားချက်နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုမရှိခြင်း၊ အကူအညီရငွေနှင့် ချေးယူရငွေများကို ဘတ်ဂျက်ခွင့်ပြုချက်နှင့်အညီ ထုတ်ယူသုံးစွဲနိုင်မှု မရှိခြင်းနှင့် စပ်လျဉ်းပြီး သဘောတူစာချုပ်ပါ Disbursement Plan နှင့်အညီ ထုတ်ယူသုံးစွဲနိုင်ရေးနှင့် ၎င်းထုတ်ယူသုံးစွဲငွေပါ လုပ်ငန်းများအတိုင်း ပြည်ပြည့်၀၀ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကြပ်မတ် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း သုံးသပ်အကြံပြုကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

နိုင်ငံတကာမှ ပေးအပ်သည့် ဖွံ့ဖြိုးမှုအစီအစဉ်များကို အသုံးပြုရာတွင် ပြည်သူများ ထိရောက်စွာ အကျိုးရှိစေရေးအတွက် မြန်မာနိုင်ငံနှင့် မိတ်ဖက်အဖွဲ့အစည်းများ အချင်းချင်း ညှိနှိုင်းခြင်း၊ ဖွံ့ဖြိုးမှု အကူအညီ ရယူခြင်းနှင့် အသုံးပြုခြင်းတို့ ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှုရှိခြင်း၊ ပြည်သူ့အကျိုးအတွက် ထိရောက်စွာ အသုံးပြုခြင်းနှင့် တာဝန်ခံခြင်းတို့ဖြင့် ဆောင်ရွက်နိုင်ရန် ဖွံ့ဖြိုးမှုအကူအညီများ ညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း၊ ၎င်းအဖွဲ့အနေဖြင့် ၂၀၁၆ မှ၂၀၁၈ ခုနှစ်အတွင်း ပြည်ထောင်စုဝန်ကြီးဌာန ၁၁ ခုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့နှစ်ခုတို့အတွက် နိုင်ငံအချင်းချင်းနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ အကူအညီ အထောက်အပံ့နှင့် နည်းပညာများ စီမံချက်များရရှိရန် အမေရိကန်ဒေါ်လာ ၃၅၀ ဒသမ ၇၇၄ သန်း တန်ဖိုးရှိ လုပ်ငန်းစီမံချက် ၁၁၂ ခု ဆောင်ရွက်နိုင်ရန် သဘောတူညီချက် မူဘောင်စာချုပ်များ၊ နားလည်မှု စာချွန်လွှာများ လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ပြင် အမျိုးသားစီမံကိန်းဥပဒေကို ကဏ္ဍအလိုက် အကောင်အထည်ဖော်ရာတွင် လယ်ယာကဏ္ဍကြီး အနည်းငယ် လျော့နည်းခဲ့သည်မှအပ စက်မှုကဏ္ဍနှင့် ၀န်ဆောင်မှု ကဏ္ဍတို့မှာ ရည်မှန်းချက်ထက် ကျော်လွန် အကောင်အထည် ဖော်နိုင်ခဲ့ကြောင်း၊ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုနှင့် ၀န်ဆောင်မှုတန်ဖိုး (GDP) မှာ ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ၅ ဒသမ ၉ ရာခိုင်နှုန်းရှိသည့်အတွက် ယခင်နှစ်များထက် လျော့နည်းခဲ့ကြောင်း၊ နိုင်ငံပိုင် အခန်းရင်းနှီးမြှုပ်နှံမှု အသုံးစရိတ်များတွင် လုပ်ငန်းစီမံကိန်းအချို့ကို နိုင်ငံတကာနှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ ချေးငွေထောက်ပံ့ငွေများဖြင့် သုံးစွဲခဲ့ပြီး အချို့လုပ်ငန်းစီမံချက်များသည် လျာထားချက်အတိုင်း ဆောင်ရွက်နိုင်မှု မရှိသေးဟု သုံးသပ်ကြောင်း ပြည်ထောင်စုစာရင်းစစ်ချုပ်မှလည်း သုံးသပ်ထားသည်။

ပြည်တွင်းကုမ္ပဏီများသို့ တင်ဒါစနစ်ဖြင့် လုပ်ငန်းအပ်နှံ ဆောင်ရွက်ခြင်းဖြစ်၍ တည်ဆောက်ရေးလုပ်ငန်းပြီးစီးရမည့်ကာလ၊ ပစ္စည်းပေးသွင်းရမည့်ကာလများကို သဘောတူစာချုပ်များတွင် အတိအလင်း ထည့်သွင်းချုပ်ဆိုထားပြီးဖြစ်ရာ ၎င်းကာလသတ်မှတ်ချက်အတွင်း ပြီးစီးအောင် ဆောင်ရွက်ရမည့် တာဝန်မှာ သက်ဆိုင်ရာ တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်သူ၊ ပစ္စည်းပေးသွင်းသူတို့၏ တာဝန်သာဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

August 16, 2018














Copy Protected by Chetan's WP-Copyprotect.