<

တောင်​ပြုန်းပွဲ​တော်​ကာလအတွင်း မန္တ​လေး-မတ္တရာလမ်းပိုင်းတွင်​ ရထားခရီးစဉ်​ အစုန်​၊ အဆန်​ ခြောက်ခေါက်​တိုး၍​ ပြေးဆွဲမည်

တောင်ပြုန်းပွဲတော်ကာလအတွင်း ပုံမှန်ပြေးဆွဲနေသည့် မန္တလေး-မတ္တရာရထားကို တွေ့ရစဉ်

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်ရှိ တောင်ပြုန်းပွဲတော် ကျင်းပသည့်ကာလအတွင်း သွားလာရေး အဆင်ပြေစေရန်အတွက် မြန်မာ့မီးရထားမှ မန္တလေး-မတ္တရာလမ်းပိုင်း ရထားခရီးစဉ်များကို ပုံမှန်ထက် တိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်​။

တောင်ပြုန်းပွဲကျင်းပချိန် ကာလအတွင်း မန္တလေး-မတ္တရာလမ်းပိုင်းတွင်​ ရထားနှစ်စင်းဖြင့် အစုန်၊ အဆန်ရထားခရီးစဉ်များ ပြေးဆွဲပေးသွားမည်ဖြစ်ကာ တစ်ရက်လျှင် မန္တလေးမှ တောင်ပြုန်းခရီးစဉ်ကို အစုန်ရထား ခြောက်ခေါက်​၊ အဆန်​ရထား ခုနစ်ခေါက် ​​ပြေးဆွဲသွားမည်​ဖြစ်​​ကြောင်း၊ အထူးရထား​ပြေးဆွဲ​ပေးခြင်းကို ပွဲ​တော်​စတင်​သည့်​ရက်​ဖြစ်သည့်​ သြဂုတ်​ ၁၉ ရက်​မှစ၍ သြဂုတ်​ ၂၆ ရက်​အထိ​ ပြေးဆွဲသွားမည်​ဖြစ်​​ကြောင်း သိရသည်​။

“ပွဲတော်ကာလအတွင်းမှာ ပုံမှန်ထွက်နေတဲ့ မန္တလေး-မတ္တရာရထားခရီးစဉ်ကို ခေါက်ရေတိုးပြီး ပြေးဆွဲပေးမှာ ဖြစ်​တယ်​။ နှစ်​စဉ်​မှာ ​ပြေးဆွဲ​လေ့ရှိတဲ့အတိုင်း တိုးချဲ့ပြေးတဲ့​ခေါက်​​ရေ​တွေကို သူရဲ​ဈေးဘူတာက​နေ မတ္တရာဘူတာအထိ အ​ခြေစိုက် ​​ပြေးဆွဲမှာဖြစ်​ပြီး ပုံမှန်​ရထားတစ်​စင်း​​ ပြေးဆွဲနေတာက​နေ နှစ်စင်းနဲ့​ ပြေးဆွဲသွားမှာပါ။ အဲဒီလို ​ပြေးဆွဲတဲ့အခါမှာ ခရီးသည်​စီးနင်းမှု များပြား​လေ့ရှိတာ​ကြောင့်​ တွဲဆိုင်း​တွေကိုလည်း လက်​ရှိမှာ လူစီးတွဲ ခုနစ်တွဲနဲ့ ​ပြေး​နေတာက​နေ ပွဲ​တော်​တွင်းမှာဆိုရင်​ လူစီးတွဲ ၁၀ တွဲထိ တိုးချိတ်​ပြီး ​ပြေးမှာပါ။ မတ္တရာရထားက မန္တ​လေးဘူတာကြီးက​နေ ထွက်​တာက​တော့ ပုံမှန်​အတိုင်း မနက်​လေးနာရီ​ကျော်​မှာထွက်​မယ့်​ ခရီးစဉ်​ပဲရှိမှာ ဖြစ်​တယ်​။ လက်​မှတ်​​ရောင်းချခြင်းကိုလည်း အဆင်​​ပြေ​အောင်​ သူရဲ​ဈေးဘူတာမှာ ​နောက်​ထပ်​၀န်​ထမ်း​တွေနဲ့ လက်​မှတ်​ရုံ သီးသန့်​​ဆောင်​ရွက်​​ပေးထားမှာဖြစ်​တယ်​” ဟု မန္တ​လေး သူရဲ​ဈေးဘူတာရုံပိုင်​ကြီးက ​ပြောကြားသည်​။

တောင်ပြုန်းပွဲတော် အထူးရထားအဖြစ် မန္တလေး-မတ္တရာလမ်းပိုင်းတွင် တစ်ရက်လျှင် နှစ်ခေါက်ပြေးဆွဲနေသော ပုံမှန်ရထား ခရီးစဉ်အား ပွဲ​တော်​ရက်​အတွင်း အစုန်​၊ အဆန်​ ခြောက်​ခေါက်​တိုး၍ တစ်ရက်​လျှင် ​​အစုန်​၊ အဆန်​ရထားစုစု​ပေါင်း ၁၃​​ ​ခေါက်​ ​ပြေးဆွဲသွားမည်​ဖြစ်​ကြောင်းသိရကာ ရထားလက်​မှတ်​ခနှုန်းထားများကို ပုံမှန်​ရက်​​ဈေးနှုန်းများအတိုင်း ရထားစထွက်​ချိန်​နှင့်​ နာရီဝက်​ကွာတွင် ​​ရောင်းချ​ပေးသွားမည်​ဖြစ်​​ကြောင်း သိရသည်​။

ထွက်ခွာပြေးဆွဲပေးမည့် အထူးရထား ခရီးစဉ်အချိန်များမှာ အဆန်ရထားခရီးစဉ်များအဖြစ် မ-၄၁ ရထားအား မန္တလေးဘူတာကြီးမှ နံနက် ၄ နာရီ ၄၅ မိနစ်၊ ထို့​နောက်​ သူရဲ​ဈေးဘူတာမှ အဆန်​ရထားများအဖြစ်​ နံနက်​ ၆ နာရီ ၅၀ မိနစ်​တွင်​ A1 ရထား၊ နံနက်​ ၉ နာရီတွင်​ မ-၄၃ ရထား၊ နံနက်​ ၁၁ နာရီတွင်​ A3 ရထား၊ ​မွန်းလွဲ ၁ နာရီ ၁၅ တွင်​ မ-၄၅ ရထား၊ မွန်းလွဲ ၃ နာရီ ၃၀ တွင်​ A5 ရထား၊ ည ၇ နာရီ ၂၅ တွင်​ A7 ရထားများ ထွက်ခွာ ​ပြေးဆွဲသွားမည် ​ဖြစ်သည်​။

မန္တ​လေး-မတ္တရာလမ်းပိုင်းတွင်​ ပုံမှန်​ရက်​များ၌ ရထားစီးခရီးသည်​ဦး​ရေ တစ်​ရက်​လျှင်​ ၂၀၀ ​ကျော်​ခန့်​သာရှိပြီး တောင်ပြုန်းပွဲ​တော်​ကာလအတွင်း ရထားစီး၍ သွားလာသူ များပြားခြင်း​ကြောင့်​ အထူးရထားအဖြစ်​ စီစဉ်​​ပြေးဆွဲ​ပေး​ခြင်းဖြစ်​​ကြောင်း၊ ပြီးခဲ့သည့်​ ၂၀၁၆ ခုနှစ်​ ပွဲ​တော်​ကာလ ရထားစီးနင်းမှု စာရင်းများအရ တစ်​ရက်​လျှင်​ ရထားစီးခရီးသည်​ ၂၀၀၀ ၀န်းကျင်​ရှိပြီး စည်​ကားသည့်​ ရက်​များတွင်​ စီးနင်းသည့်​ခရီးသည်​ ၄၀၀၀ ခန့်ရှိ​ကြောင်း သိရသည်​။

August 16, 2018














Copy Protected by Chetan's WP-Copyprotect.