ရှမ်းပြည်နယ် နယ်စပ်ကုန်သွယ်ရေး အနိမ့်ကျဆုံးဖြစ်ခဲ့သဖြင့် Mobile Team ပြန်လည်ဖွဲ့စည်းရန် ပြင်ဆင်နေ

ရှမ်းပြည်နယ် နယ်စပ်ကုန်သွယ်ရေး အနိမ့်ကျဆုံးဖြစ်ခဲ့သဖြင့် Mobile Team ပြန်လည်ဖွဲ့စည်းရန် ပြင်ဆင်နေ
Published 17 August 2018

ရှမ်းပြည်နယ် နယ်စပ်ကုန်သွယ်ရေး အနိမ့်ကျဆုံးဖြစ်ခဲ့သဖြင့် Mobile Team ပြန်လည်ဖွဲ့စည်းခြင်း အပါအဝင် နည်းလမ်းသစ်များ ရှာဖွေသွားရန် ရှမ်းပြည်နယ်အစိုးရ ပြင်ဆင်နေခြင်းဖြစ်ကြောင်း သြဂုတ် ၃ ရက်တွင် သတင်းရရှိသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေးဝန်ကြီးရုံးခန်းတွင် သြဂုတ် ၃ ရက်၌ ပြည်နယ်တရားမဝင် ကုန်သွယ်မှုများ တားဆီး အရေးယူနိုင်ရေး အထူးအဖွဲ့ကော်မတီ လုပ်ငန်းစီမံချက်ရေးဆွဲခြင်း အစည်းအဝေး ကျင်းပခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးနှင့် သက်ဆိုင်သော ဌာနဆိုင်ရာ ပြည်နယ်ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

၂၀၁၄-၁၅ ခုနှစ်တွင် ပို့ကုန်သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၄၆ သန်း ရှိခဲ့ပြီး ၂၀၁၅-၁၆ ခုနှစ်တွင် ပို့ကုန်သွင်းကုန် အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၈၃ သန်း၊ ၂၀၁၆-၁၇ တွင် ကန်ဒေါ်လာ ၄ဒသမ ၄၈ သန်း ဖြစ်ကာ၊ ၂၀၁၇-၁၈ ခုနှစ်တွင် ကန်ဒေါ်လာ ၁ ဒသမ ၉ သန်းသာ ရရှိတော့သဖြင့် များစွာကျဆင်းခဲ့ရသဖြင့် သေချာစိစစ်၍ လုပ်ဆောင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့ ညွှန်ကြားချက်ဖြင့် ရှမ်းပြည်နယ် အစိုးရမှ ထိုသို့ အရေးပေါ် အစည်းအဝေး ကျင်းပရခြင်းဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးက ပြောကြားသည်။

“မြေပြင်မှာ အမှန်တကယ်ဖြစ်နေတဲ့ ကိစ္စရပ်တွေကို သိချင်တယ်။ ဘယ်လောက်ပဲ အခြေအနေဆိုးဆိုး တင်ပြပေးပါ။ ဘယ်လို ဆက်လက်ပြီး အကောင်အထည်ဖော်မလဲဆိုတာ နည်းလမ်းရှာမယ်။ သက်ဆိုင်ရာဌာန အသီးသီးက ဘယ်လိုနည်းလမ်းတွေ ရှာရမလဲ၊ ပြည်သူတွေကို လမ်းကြောင်းမှန်ရောက်အောင် ဘယ်လိုဆွဲတင်ရမလဲဆိုတဲ့ ကိစ္စရပ်လေးတွေ စဉ်းစားပေးဖို့ လိုပါတယ်။ ရှမ်းပြည်နယ်မှာ လှုပ်ရှားနေတဲ့ ကုန်သည်တွေမှာ ဘာအခက်အခဲတွေ ဖြစ်နေလဲ။ ရှမ်းပြည်နယ် အစိုးရက ဘာတွေဖြေလျှော့ပေးဖို့ လိုအပ်နေလဲဆိုတာ ဒီနေ့ ပွင့်လင်းစွာ တင်ပြပေးဖို့ လိုအပ်ပါတယ်” ဟု ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက ပြောကြားသည်။

ရှမ်းပြည်နယ် မူဆယ်ကုန်သွယ်ရေးသည် မြန်မာတစ်နိုင်ငံလုံး ကုန်သွယ်မှုပမာဏ၏ ရာခိုင်နှုန်း ၇၀ ခန့် ရှိသဖြင့် အကြီးဆုံး နယ်စပ်ကုန်သွယ်ရေးဖြစ်ကြောင်း၊ အမှန်တကယ်တွင် နယ်စပ်ကုန်သွယ်ရေးမှ ရရှိသော အခွန်ငွေကိန်းဂဏန်းအရ မှားယွင်းမှုများ ရှိနေကြောင်း၊ တရားမဝင်ကုန်သွယ်မှု တားဆီးရခြင်းမှာ (၁) နိုင်ငံတော်မှ ရသင့်ရထိုက်သော အခွန်အခများမရရှိခြင်း၊ (၂) ကုန်သွယ်မှုပမာဏ မှန်ကန်သော ကိန်းဂဏန်း မရသည့်အတွက် နိုင်ငံတော်၏ စီးပွားရေး မူဝါဒများ၊ စီမံကိန်းများရေးဆွဲရာတွင် အချက်အလက်များ မှားယွင်းနိုင်ခြင်း၊ (၃) အကျင့်ပျက်ခြစားမှုများ ရှင်သန်နေခြင်း၊ (၄) ပြည်သူများ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန် စားသုံးသူရေးရာရှုထောင့်မှကြည့်လျှင် ပစ္စည်းအတုများ ကုန်သွယ်ဝင်ရောက်လာသဖြင့် ကုန်ထုတ်လုပ်ငန်း များစွာထိခိုက်နိုင်ကြောင်း စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်က ပြောကြားသည်။

မူဆယ်ကုန်သွယ်ရေးသည် ပြည်ထောင်စုအစိုးရက တိုက်ရိုက်ကိုင်တွယ်ခြင်းဖြစ်ပြီး ပြည်နယ်အစိုးရက ဆောင်ရွက်ခွင့်မရကြောင်း၊ အောက်ခြေပြဿနာများကို ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရတို့ ပူးပေါင်း ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း၊ ယခင် အစိုးရလက်ထက်တွင်လည်း တရားမဝင် ကုန်သွယ်မှုများကို တားဆီးရန် မိုဘိုင်းအဖွဲ့များ ဖွဲ့စည်းခဲ့သော်လည်း အဂတိလိုက်စားမှုနှင့် အကျင့်ပျက်ခြစားခြင်းများကြောင့် အောင်မြင်မှုမရှိဘဲ ဖျက်သိမ်းခဲ့ရကြောင်း၊ ယခုအခါ ရှေ့ဆက်၍ တရားမဝင် ကုန်သွယ်မှုများ တားဆီးအရေးယူရေးအထူးအဖွဲ့ဖြင့် လုပ်ဆောင်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးစိုးညွန့်လွင်က ပြောကြားသည်။

“အပိုင်းနှစ်ပိုင်း သတ်မှတ်လိုက်မယ်။ တရားဝင်လမ်းကြောင်းမှာ တရားမဝင်ဖြစ်နေတဲ့ ဖြစ်ရပ်တွေရှိတယ်။ ဒီ တရားမဝင်ဖြစ်နေတဲ့ ဖြစ်ရပ်တွေကို မှန်မှန်ကန်ကန်နဲ့ ကျွန်တော်တို့ကို ရသင့်ရထိုက်တာရဖို့။ အကျင့်ပျက်ခြစားတာ အဂတိလိုက်စားတာ လျှော့ချဖို့က အပိုင်း (၁) လို့ သတ်မှတ်မယ်။ ဥပမာ နမူနာ တစ်ခုပေးမယ်။ တာချီလိတ် မယ်ယန်းဂိတ်ကို သွားစစ်တော့ ထိုင်းဘက်မှာလည်း ပို့ကုန်၊ သွင်းကုန်စာရင်းတွေ ရှိတယ်။ ထိုင်းဘက် စာရင်းတောင်းလိုက်တယ်။ ထိုင်းဘက်စာရင်းနဲ့ ကျွန်တော်တို့ဘက်က စာရင်းကွာနေတယ်။ ဘယ်လောက်ကွာနေလဲဆိုရင် ကာလတူငါးလအတွင်းမှာ ဒေါ်လာ သန်း ၁၀၀ ကွာတယ်။ ဒါအဖြေပဲ ဘယ်လိုဖြစ်တာလဲ။ တရားဝင်လမ်းကြောင်းကတောင် ဘာလို့ကိန်းဂဏန်းတွေ ဒီလောက် မှားနေလဲဆိုရင် ဒါအဖြေပဲ။ ဒီပြဿနာတွေကို ဖြေရှင်းရမယ်။ မူဆယ်ဘက်မှာလည်း ဘယ်လောက်ဖြစ်နေပြီလဲ။ တရားဝင်လမ်းကြောင်းကိုပဲ မှန်မှန်ကန်ကန် တိတိကျကျ မဖြစ်သေးတဲ့ ပြဿနာ။ အပိုင်း(၁)အနေနဲ့ စီမံချက်ဆွဲမယ်။ အပိုင်း (၂) အနေနဲ့ တရားမဝင် ကုန်သွယ်မှုအပေါက်တွေကို နည်းပညာလုံခြုံရေးအင်အား ဘယ်လိုထိန်းချုပ်မလဲ။ တရားမဝင်ကနေ တရားဝင်ဖြစ်လာအောင် ဘယ်လိုဥပဒေ၊ နည်းဥပဒေတွေနဲ့ ဖြေလျှော့ပေးမလဲ စဉ်းစားတာ အပိုင်း(၂) ဖြစ်သွားပြီ” ဟု စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်က ပြောကြားသည်။

တက်ရောက်လာသော အကောက်ခွန်ဌာနနှင့် စီးပွားကူးသန်းဌာနမှ ပြည်နယ်ညွှန်ကြားရေးမှူးတို့က ဂျာမနီနိုင်ငံလုပ် ခေတ်မီ X-Ray စက်သစ်ကြီးများ တပ်ဆင်သုံးစွဲရန်၊ ဌာနဆိုင်ရာများတွင် စာရွက်စာတမ်းများ ပြုလုပ်ချိန် ကြာမြင့်နေခြင်းတို့ကို ပြန်လည်သုံးသပ်ရန်၊ ဖမ်းဆီးရမိသော တရားမဝင်ကုန်စည်များကို ဖမ်းဆီးရာတွင် ဒဏ်ကြေးနှစ်ဆတပ်၍ အရေးယူခြင်းအားဖြင့် တရားဝင်ကုန်သွယ်ရေး လမ်းကြောင်းမှန်ကို ရောက်လာစေရန်နှင့် စာရင်းပြထားသည့် ကုန်စည်ထက်ပိုမိုတင်သည့် ကုန်ပစ္စည်းများကိုလည်း သိမ်းဆည်းခြင်းနှင့် ပြန်လည်ရောင်းချစေခြင်း စသည့်နည်းလမ်းများ အသုံးပြုနိုင်ရန် အကြံပြုတင်ပြကြသည်။

Most Read

Most Recent