အက်သလက်တီကိုအား ရှုံးနိမ့်ပြီးနောက် အသင်းအနေဖြင့် များစွာတိုးတက်ရန် ကြိုးစားရဦးမည်ဟု လိုပယ်တယ်ဟီ ပြောကြား

အက်သလက်တီကိုအား ရှုံးနိမ့်ပြီးနောက် အသင်းအနေဖြင့် များစွာတိုးတက်ရန် ကြိုးစားရဦးမည်ဟု လိုပယ်တယ်ဟီ ပြောကြား
Published 16 August 2018

ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ လိုပယ်တယ်ဟီက ဥရောပစူပါဖလားပွဲစဉ်တွင် အက်သလက်တီကိုအသင်းအား ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းအနေဖြင့် များစွာတိုးတက်ရန် ကြိုးစားရဦးမည်ဟု ဝန်ခံပြောကြားခဲ့
ကြောင်း သိရသည်။အက်စ်တိုးရီးယားနိုင်ငံ၊ တယ်လင်မြို့တွင် ကျင်းပခဲ့သည့် ယင်းပွဲစဉ်တွင် ရီးယဲလ်မက်ဒရစ်အသင်းသည် အက်သလက်တီကိုအသင်းနှင့် သာမန်ပွဲချိန်အတွင်း (၂-၂)ဂိုးသရေကျနေရာ အချိန်ပိုဆက်ကစားခဲ့ရာ၌
အက်သလက်တီကိုအသင်းမှ ဆာအူးလ်၊ ကိုကေတို့က ဂိုးများထပ်မံသွင်းယူခဲ့ပြီး (၂-၄)ဂိုးရလဒ်ဖြင့် မြို့ခံပြိုင်ဘက်အား အရှုံးပေးခဲ့ရခြင်းဖြစ်သည်။ ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ လိုပယ်တယ်ဟီကမိမိတို့အသင်းမှာ များစွာတိုးတက်ရန် ကြိုးစားရဦးမည်ဖြစ်ကြောင်းနှင့် အက်သလက်တီကိုအသင်းမှာ ချန်ပီယံဆုနှင့်ထိုက်တန်ကြောင်း ပြောကြားခဲ့သည်။

Photo: AFP

လိုပယ်တယ်ဟီက '' ဒီပွဲမှာ ကျွန်တော်တု့ိကစားပုံ ကောင်းမွန်ခဲ့ပါတယ်။ ဒါပေမဲ့ချန်ပီယံဆုအတွက် လုံလောက်တဲ့ခြေစွမ်းမျိုးတော့ မဟုတ်ပါဘူး။ အက်သလက်တီကိုအသင်းအတွက်တော့ ဂုဏ်ယူပါတယ်။
ဒီနိုင်ပွဲဟာ သူတို့နဲ့ထိုက်တန်တယ်လို့ ထင်ပါတယ်။ ပြိုင်ဘက်အသင်းကို (၄)ဂိုးပေးပြီးရှုံးနိမ့်ခဲ့ရတာကို ကျွန်တော်တို့ မပျော်ရွှင်နိုင်ပါဘူး။ ဒါက ပုံမှန်ဖြစ်စဉ်မျိုးလည်း မဟုတ်ပါဘူး။ ကျွန်တော်တု့ိအသင်းအနေနဲ့
နေရာစုံမှာ များစွာတိုးတက်ဖို့ လိုအပ်နေပါသေးတယ်။ တစ်ဦးချင်းအမှားတွေကို ပြင်ဆင်ဖို့တင်မဟုတ်ဘဲတစ်သင်းလုံးအမှားကင်းကင်းနဲ့ကစားနိုင်အောင် ကြိုးစားသွားရမှာပါ'' ဟုပြောကြားခဲ့သည်။ရီးယဲလ်မက်ဒရစ်အသင်းသည် အသင်းအတွက် ဂိုးအများဆုံးသွင်းယူပေးထားသည့် ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုထွက်ခွာသွားပြီးနောက် ၎င်း၏နေရာကို အစားထိုးရန် ကစားသမားခေါ်ယူခြင်းမရှိသေးရာယခုရှုံးပွဲကြောင့် ပရိသတ်များ၏ဝေဖန်မှုများနှင့် ပိုမိုရင်ဆိုင်နေရကြောင်း သိရသည်။

Photo: Getty Images

ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ပြီးခဲ့သည့် (၃)ရာသီဆက်ဗိုလ်စွဲခဲ့သော ရီးယဲလ်မက်ဒရစ်အသင်းသည် ယခုရာသီတွင်မူ လာလီဂါချန်ပီယံဖြစ်ရေးကိုသာ အာရုံစိုက်ကစားသွားဖွယ်ရှိနေပြီး လူငယ်ကစားသမားများကိုသာ
ခေါ်ယူအားဖြည့်ထားသည်။ နည်းပြသစ်လိုပယ်တယ်ဟီကလည်း မိမိတို့အသင်းအနေဖြင့် ပြီးခဲ့သည့်ရာသီက အဆင့်(၃)နေရာသာရပ်တည်နိုင်ခဲ့သော လာလီဂါပြိုင်ပွဲကို အဓိကအာရုံစိုက်သွားမည်ဖြစ်သော်လည်း
(၃)ရာသီဆက်ဗိုလ်စွဲခဲ့သည့် ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း အောင်မြင်မှုရရန် ကြိုးစားသွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

အက်သလက်တီကိုအသင်းနည်းပြ ဆီမြွန်နီသည် ယင်းပွဲစဉ်တွင် UEFA ၏ (၄)ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံထားရသောကြောင့် ပွဲကြည့်စင်မှသာ ကြည့်ရှုခဲ့ရပြီး ချန်ပီယံဖြစ်ပြီးနောက် ယခုရာသီလာလီဂါပြိုင်ပွဲမှာ ချန်ပီယံဆုအတွက် များစွာခက်ခဲလိမ့်မည်ဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့ကြောင်း သိရသည်။

 

 

Most Read

Most Recent