လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသည့် ပုဂ္ဂလိက ပုံနှိပ်မီဒီယာကဏ္ဍနှင့် ပတ်သက်၍ “ယိုင်နဲ့နေသော ပုဂ္ဂလိကပုံနှိပ်မီဒီယာ” အမည်ဖြင့် စကားဝိုင်း ပြုလုပ်

လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသည့် ပုဂ္ဂလိက ပုံနှိပ်မီဒီယာကဏ္ဍနှင့် ပတ်သက်၍ “ယိုင်နဲ့နေသော ပုဂ္ဂလိကပုံနှိပ်မီဒီယာ” အမည်ဖြင့် စကားဝိုင်း ပြုလုပ်
Published 16 August 2018

လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသည့် ပုဂ္ဂလိက ပုံနှိပ်မီဒီယာကဏ္ဍနှင့် ပတ်သက်၍ “ယိုင်နဲ့နေသော ပုဂ္ဂလိကပုံနှိပ်မီဒီယာ” အမည်ဖြင့် စကားဝိုင်းကို သြဂုတ် ၁၅ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ စကားဝိုင်းတွင် ရန်ကုန်တိုင်းမ်၊ Tomorrow ဂျာနယ်၊ The Voice ဂျာနယ်၊ ဒီမိုကရေစီတူဒေးသတင်းစာ၊ TODAY မီဒီယာတို့မှ ဦးကိုကို (စက်မှုတက္ကသိုလ်)၊ ဦးကျော်မင်းဆွေ၊ စာရေးဆရာမာဂျေ၊ ဒေါက်တာသာထွန်းဦးတို့က စကားဝိုင်းတွင် ဆွေးနွေး ပြောကြားခဲ့ကြသည်။

လက်ရှိ အစိုးရအနေဖြင့် ဒီမိုကရေစီ ခေါင်းစဉ်အောက်တွင် Democratically မလုပ်ပါက အာဏာရှင်ထက်ပို၍ လူထုစိတ်ပျက် အလိုမကျဖြစ်မည်ကို စိုးရိမ်ကြောင်း၊ The Voice ဂျာနယ်၏ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ဆွေးနွေးပြောကြားသည်။

“ပြန်ကြားရေးတို့၊ ပုဂ္ဂလိက သတင်းစာတို့ ရှင်သန်ရပ်တည်ရေးကို ပြောနေတာက ကျွန်တော်တို့ရဲ့ အကျိုးစီးပွားသက်သက်ကို ပြောနေတာမဟုတ်ဘူး။ စတုတ္ထမဏ္ဍိုင် ရှင်သန်ရပ်တည်ဖို့ဆိုတာ အစိုးရကို အနိမ့်ဆုံး Check & Balance လုပ်မဲ့ Professional ပီသတဲ့ သတင်းမီဒီယာတွေ ဂျာနယ်လစ်တွေက မပြောဘဲနေ ဒီတိုင်းပြည်က အဲဒါက အသံတိတ်သွားပြီ။ ဒီမိုကရေစီ ဆိတ်သုဉ်းသွားပြီ။ ဒီမိုကရေစီ ဆိတ်သုဉ်းသွားရင် ပြည်သူက စိတ်ပျက်မှု၊ အလိုမကျမှု သိပ်များလာရင် ဒီတိုင်းပြည်ရဲ့ ဖွံ့ဖြိုးမှုပါ ဒုက္ခရောက်သွားနိုင်ပါတယ်။ ဒီမိုကရေစီပေါ်မှာ ပြည်သူလူထုက စိတ်ပျက်သွားရင် ဒီမိုကရေစီဆိုတာ ဘာထူးမှာလဲကွာ၊ မဆလ ဦးနေဝင်းအစိုးရနဲ့ အတူတူပဲကွာ၊ တချို့ထင်သွားရင် သီအိုရီကို နားမလည်တဲ့သူ၊ ဒီမိုကရေစီရဲ့ သဘောသဘာဝကို အခြေခံကျကျကို နားလည်တဲ့သူဆိုရင်တော့ ပြဿနာမရှိဘူး။ ကျွန်တော်တို့ တိုင်းပြည်မှာ ရာခိုင်နှုန်း ၈၀ ပြည်သူတွေ အဲဒါကို နားလည်ပါ့မလား။ ဒီမိုကရေစီအစိုးရအောက်မှာ ဒီမိုကရေစနည်းကျ မဟုတ်တဲ့ ကိစ္စတွေများလာရင် ဦးနေဝင်းအစိုးရနဲ့ တူလာရင် ကျွန်တော်တို့ ပြည်သူတွေ စိတ်ပျက်လာရင် ဒီမိုကရေစီကို စိတ်ပျက်လာရင် တိုင်းပြည်နာတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ပုဂ္ဂလိကမီဒီယာတွေ ရှင်သန်ရပ်တည်ရေး တစ်ခုတည်းအတွက် ပြောနေတာမဟုတ်ဘူး။ အစိုးရရဲ့ ဂုဏ်သိက္ခာအတွက် အစိုးရ အရှက်ရမှာ စိုးလို့ပါ” ဟု ဦးကျော်မင်းဆွေက ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံ လက်ရှိအခြေအနေအရ ပုဂ္ဂလိကပုံနှိပ်မီဒီယာများသည် အရေးပေါ်ဌာနကို ရောက်ရှိနေပြီး Broadcasting များမှာလည်း ပြင်ပလူနာအဖြစ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း “ယိုင်နဲ့နေသော ပုဂ္ဂလိကပုံနှိပ်မီဒီယာ” စကားဝိုင်း ဆွေးနွေးပွဲတွင် Yangon Media Group မှ အမှုဆောင်အရာရှိချုပ် ဦးကိုကိုက ဆွေးနွေးပြောကြားသည်။

“အရင်တုန်းက ပုံနှိပ်မီဒီယာက ပြင်ပလူနာဌာနမှာ ရောက်နေတယ်။ အဲဒီကနေ အတွင်းလူနာဘက်ဖြစ်သွားတယ်။ အခုက ပုံနှိပ်မီဒီယာက ICU ဘက်ရောက်နေပြီ ဖုတ်လှိုက်ဖုတ်လှိုက်နဲ့ ICU ထဲမှာ အသက်ရှုဖို့ အောက်ဆီဂျင်ပေးထားသေးလို့ ဘယ်တော့သေမလဲမသိဘူး။ ဘုန်းကြီးကလည်း သရဏဂုံ တရားချဖို့အနားမှာ ရောက်နေတယ်။ ဘဝကူးကောင်းအောင်၊ Broadcasting ကတော့ သာယာနေလားဆိုတော့ ဆေးခန်းပြနေရပြီ။ Broadcasting က ပြင်ပလူနာဌာနမှာ ရောက်နေတယ်။ အခြေအနေမကောင်းရင် သူ ဆေးရုံတင်ရမှာ၊ ပုံနှိပ်မီဒီယာလို ICU တော့ မရောက်သေးဘူး။ ပုံနှိပ်ထက်စာရင် ဝေးသေးတယ်။ အခု ကျွန်တော်တို့ဒီမှာ focus လုပ်တာကတော့ ဆရာဝန်ပြနေတဲ့ သူကတော့ ခဏထားလိုက်ဦး။ လောလောဆယ် ICU ထဲရောက်နေတဲ့ဟာကို မသေခင်လေး ငါတို့ဝအောင်ပြောကြအောင်ဆိုပြီး ပြောတာပါ” ဟု ဦးကိုကိုက ပြောကြားသည်။

အဆိုပါ စကားဝိုင်းတွင် မြန်မာနိုင်ငံတွင်း ပုဂ္ဂလိကမီဒီယာများ၏ အခန်းကဏ္ဍ အနေဖြင့် အကျဖက်ကိုရောက်နေမှု၊ ဆိုရှယ်မီဒီယာများကြောင့် ပုံနှိပ်မီဒီယာများအပေါ် သက်ရောက်မှု၊ လက်ရှိပုံနှိပ်မီဒီယာများ အခက်အခဲ ကြုံနေရခြင်းများကို အစိုးရ အနေဖြင့် လျစ်လျူရှုထားမှု၊ ကြော်ငြာများသည် ပုံနှိပ်မီဒီယာများအပေါ် ထောက်ပံ့နိုင်မှု ရှိ၊ မရှိ စသည်တို့ကို ဆွေးနွေးပြောကြားခဲ့ပြီး လက်ရှိအစိုးရသည် တောင်းဆို၍လည်း မရသလို တိုက်ယူ၍လည်းမရသည့် အစိုးရဖြစ်ကြောင်း စကားဝိုင်းတွင် ဆွေးနွေးသူများက ဝေဖန်ပြောကြားခဲ့ကြသည်။

ထို့ပြင် လက်ရှိပုဂ္ဂလိကပုံနှိပ်မီဒီယာများ၏ အခန်းကဏ္ဍကို အလေးထား ဆောင်ရွက်မှု မတွေ့ရဘဲ ပုံနှိပ်မီဒီယာများ ဆက်လက် ရှင်သန်နိုင်ရန်အတွက် အစိုးရမှ ပံ့ပိုးကူညီရန် လိုအပ်ကြောင်း စကားဝိုင်းတွင် ဆွေးနွေးပြောကြားကြသည်။

အဆိုပါ “ယိုင်နဲ့နေသော ပုဂ္ဂလိကပုံနှိပ်မီဒီယာ” စကားဝိုင်း ဆွေးနွေးပွဲကို မီဒီယာ အသိုင်းအဝိုင်းက ပုဂ္ဂိုလ်များ၊ မီဒီယာစိတ်ဝင်စားသူအချို့ တက်ရောက်ခဲ့ပြီး ပြန်ကြားရေးဝန်ကြီးဌာနကို တရားဝင် ဖိတ်ကြားထားသော်လည်း တက်ရောက်ခြင်းမရှိကြောင်း စကားဝိုင်းမှ သိရသည်။

Most Read

Most Recent