နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ ရိုဆာရီယိုမယ်နာလို နေပြည်တော်၌ တွေ့ဆုံ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ ရိုဆာရီယိုမယ်နာလို နေပြည်တော်၌ တွေ့ဆုံ
Published 16 August 2018

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် လွတ်လပ်သောစုံစမ်းရေးကော်မရှင် ဥက္ကဋ္ဌ ရိုဆာရီယိုမယ်နာလိုတို့ တွေ့ဆုံစဉ်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ သံအမတ်ကြီး ရိုဆာရီယိုမယ်နာလိုသည် သြဂုတ် ၁၅ ရက် မွန်းလွဲပိုင်း၌ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ သံအမတ်ကြီး ရိုဆာရီယိုမယ်နာလိုတို့ တွေ့ဆုံရာတွင် ကော်မရှင်အနေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ ကော်မရှင်၏ လုပ်ငန်းတာဝန် သတ်မှတ်ချက် အတည်ပြုရေးကိစ္စ၊ ကော်မရှင်အား အထောက်အကူပြုမည့် အတွင်းရေးမှူးရုံးအဖွဲ့ ဖွဲ့စည်းရေးတို့နှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်မှုအရ သိရသည်။

အဆိုပါ တွေ့ဆုံမှုသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ပြည်ထောင်စုအစိုးရအဖွဲ့ ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်မှ အဖွဲ့ဝင်များဖြစ်သည့် ဦးမြသိန်း၊ သံအမတ်ကြီး ကင်ဇိုအိုရှီးမား၊ ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ ယင်းကော်မရှင်ကို ရခိုင်ပြည်နယ်၌ ARSA အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် လူ့အခွင့်အရေး ချိုးဖောက်ကြောင်း စွပ်စွဲချက်များ၊ ယင်းနှင့် ဆက်နွယ်သည့် ကိစ္စရပ်များကို စုံစမ်းစစ်ဆေးရန် ဇူလိုင် ၃၀ ရက်တွင် နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

လွပ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်တွင် ဥက္ကဋ္ဌအဖြစ် ကုလသမဂ္ဂ CEDAW ကော်မတီ၏ ဥက္ကဋ္ဌဟောင်းနှင့် လက်ရှိအဖွဲ့ဝင်ဖြစ်သော ဖိလစ်ပိုင်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်း သံအမတ်ကြီး ရိုဆာရီယို မယ်နာလိုဖြစ်ပြီး အဖွဲ့ဝင်များမှာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌဟောင်း ဦးမြသိန်း၊ လူသားချင်းစာနာထောက်ထားမှု ကိစ္စရပ်များဆိုင်ရာ ကုလသမဂ္ဂ ဒုတိယအတွင်းရေးမှူးချုပ်နှင့် အရေးပေါ် ကယ်ဆယ်ရေး ညှိနှိုင်းရေးမှူးဟောင်း၊ ကုလသမဂ္ဂဆိုင်ရာ ဂျပန်အမြဲတမ်းကိုယ်စားလှယ်ဟောင်းဖြစ်သူ သံအမတ်ကြီး ကင်ဇိုအိုရှီးမားနှင့် ယူနီဆက်အဆင့်မြင့် အရာရှိကြီးဟောင်းနှင့် ကုလသမဂ္ဂ ဝန်ထမ်းကောလိပ်ကျောင်းအုပ်ကြီးဟောင်း ပါမောက္ခဒေါက်တာအောင် ထွန်းသက်တို့ ပါဝင်သည်။

မြန်မာနိုင်ငံအစိုးရအနေဖြင့် ရခိုင်ပြည်နယ်တွင် ပြန်လည်သင့်မြတ်ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်နိုင်ရန် အမျိုးသားအစီအစဉ်တစ်ရပ် အနေဖြင့် ယင်းလွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတကရုံးက ကြေညာထားသည်။ ထို့ပြင် ကော်မရှင်အား ပြည်တွင်းနှင့် နိုင်ငံတကာမှ ဥပဒေနှင့် နည်းပညာကျွမ်းကျင်သူများက ပံ့ပိုးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ ကြေညာထားချက်အရ သိရသည်။

Most Read

Most Recent