မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှု၏ ရာခိုင်နှုန်း ၈၀ ခန့်မှာ ကမ္ဘာ့စီးပွားရေးဈေးကွက် သက်ရောက်မှုဖြစ်ပြီး နှုန်းရှင်မဲ့ (Free Float) လဲလှယ်မှုစနစ် ကျင့်သုံးကာ တည်ငြိမ်စွာ ကြံ့ကြံ့ခံပြီး ရှေ့ဆက် လျှောက်ပါက ကျပ်ငွေနှင့် ဒေါ်လာတန်ဖိုး အလိုလိုပြန်လည် ညီမျှသွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ အထူးစီးပွားရေးအကြံပေး ရှောင်တာနယ် ပြောကြား

မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှု၏ ရာခိုင်နှုန်း ၈၀ ခန့်မှာ ကမ္ဘာ့စီးပွားရေးဈေးကွက် သက်ရောက်မှုဖြစ်ပြီး နှုန်းရှင်မဲ့ (Free Float) လဲလှယ်မှုစနစ် ကျင့်သုံးကာ တည်ငြိမ်စွာ ကြံ့ကြံ့ခံပြီး ရှေ့ဆက် လျှောက်ပါက ကျပ်ငွေနှင့် ဒေါ်လာတန်ဖိုး အလိုလိုပြန်လည် ညီမျှသွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ အထူးစီးပွားရေးအကြံပေး ရှောင်တာနယ် ပြောကြား
Published 16 August 2018

မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှု၏ ရာခိုင်နှုန်း ၈၀ ခန့်မှာ ကမ္ဘာ့စီးပွားရေးဈေးကွက် သက်ရောက်မှုဖြစ်ပြီး နှုန်းရှင်မဲ့ (Free Float) လဲလှယ်မှုစနစ် ကျင့်သုံးကာ တည်ငြိမ်စွာ ကြံ့ကြံ့ခံပြီး ရှေ့ဆက်လျှောက်ပါက ကျပ်ငွေ နှင့် ဒေါ်လာတန်ဖိုး အလိုလို ပြန်လည် ညီမျှသွားမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အထူးစီးပွားရေးအကြံပေး ရှောင်တာနယ်က သြဂုတ် ၁၅ ရက်တွင် ယင်း၏ Facebook စာမျက်နှာပေါ် ရေးသား ပြောကြားထားသည်။

Sean Turnell ၏ Facebook စာမျက်နှာပေါ်တွင် ဖော်ပြချက်အရ မြန်မာကျပ်ငွေနှင့် အမေရိကန်ဒေါ်လာ ငွေလဲလှယ်မှုနှုန်း အတက်အကျ ပြင်းထန်မှုနှင့် ပတ်သက်၍ နှုန်းရှင်မဲ့ (Free Float) လဲလှယ်မှုစနစ် ကျင့်သုံးပြီး တည်ငြိမ်စွာ ကြံ့ကြံ့ခံပြီး ရှေ့ဆက်လျှောက်ပါက သူ့အလိုလို ပြန်လည် ငြိမ်သက်သွားမည် ဖြစ်ကြောင်း ရေးသားထားသည်။

ထို့ကဲ့သို့ ပြောဆိုရခြင်းနှင့် ပတ်သက်ပြီး ရှောင်တာနယ်က အကြောင်းပြချက်များကို ရေးသားခဲ့သည်။

Sean Turnell ၏ ရေးသားချက်အရ လက်ရှိအချိန်တွင် အမေရိကန် ဒေါ်လာဈေးများ တက်လာရခြင်းမှာ ချမ်းသာသော ကမ္ဘာ့နိုင်ငံများနှင့် ကမ္ဘာတစ်ဝန်းတွင် ကြုံတွေ့နေရသော ဖြစ်စဉ်ဖြစ်ပြီး ဤကဲ့သို့ ဖြစ်ရခြင်းမှာ ကမ္ဘာ့စီးပွားရေး မတည်ငြိမ်မှုများနှင့် စိုးရိမ်ပူပန်မှုများ ပေါ်ပေါက်လာခြင်းကြောင့် ဖြစ်ကြောင်းနှင့် စီးပွားရေး ထိခိုက်မှုများ ရှိလာပါက လူအများမှာ စိတ်ချယုံကြည်သော ပိုင်ဆိုင်မှုတွေအပေါ် အားကိုးကြသဖြင့် အမေရိကန်ဒေါ်လာဈေးနှုန်းသည် ကမ္ဘာ့ရွှေဈေးနှင့် အပြိုင်အဆိုင် မြင့်တက်နေသည်ကို တွေ့ရမည်ဖြစ်ကြောင်း ရေးသားထားသည်။

ဆက်လက်ပြီး လတ်တလော အချိန်အတွင်း မြန်မာကျပ်ငွေ ကျဆင်းမှု၏ နောက်ကွယ်တွင် ရာခိုင်နှုန်း ၈၀ မှာ ကမ္ဘာ့စီးပွားရေး ဈေးကွက်၏ သက်ရောက်မှုသာလျှင်ဖြစ်ပြီး အင်ဒိုနီးရှား ရူပီးရာ (ကျဆင်း) နှင့် အိန္ဒိယ ရူပီး (ကျဆင်း) အပါအဝင် တခြားနိုင်ငံများ၏ ငွေကြေးများနှင့် ယှဉ်ပါက မြန်မာကျပ်ငွေသည် သိသိသာသာ တန်ဖိုးကျဆင်းသွားခြင်း တွေ့ရှိရမည် ဖြစ်ကြောင်းနှင့် ထိုသို့ ကျဆင်းခြင်းမှာ မြန်မာနိုင်ငံ စီးပွားရေးဈေးကွက်သည် ငယ်ရွယ်ပြီး မြန်မာကျပ်ငွေမှာ ကမ္ဘာတစ်ဝန်းတွင် အားကိုးရသော ငွေသားတစ်ခုဟု ယုံကြည်မှုမရှိခြင်းကြောင့် ဖြစ်ကြောင်း ရေးသားထားသည်။

ထိုသို့ ယုံကြည်မှု မရှိခြင်းကြောင့် တခြားနိုင်ငံ ငွေသားများနှင့် ယှဉ်ခြင်းအားဖြင့် မြန်မာကျပ်ငွေ ပိုင်ဆိုင်ရခြင်းမှာ တခြားငွေသားများနှင့် ယှဉ်လိုက်ခြင်းအားဖြင့် အန္တရာယ်ပိုများကြောင်း၊ မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းက အဆင့်တူသော နိုင်ငံများထက် အနည်းငယ်ပိုများကြောင်း၊ အဆိုပါ အခြေအနေများကြောင့် ကျပ်ငွေနှုန်းကြေး ကျဆင်းခြင်းက ဖြစ်ကိုဖြစ်လာမည့် အရာဖြစ်ကြောင်း ရေးသားထားသည်။

ထို့ပြင် တရုတ်နိုင်ငံသို့ တင်သွင်းသည့် သကြားနှင့်ရေနံလုပ်ငန်းများ ပြန်လည် စတင်နေသောကြောင့် ကျပ်ငွေအပေါ် ဖိအားပေးမှု ရှိနေကြောင်း၊ တရုတ်ပြည်အား ပို့ကုန်အဖြစ် ပို့ပေးရမည်ဖြစ်သော သကြားနှင့် ရေနံများအား သွင်းကုန်အဖြစ် အရင်တင်သွင်းရခြင်း ဖြစ်သောကြောင့် နိုင်ငံခြားငွေအား အရင်သုံးစွဲရကြောင်း၊ တရုတ်ပြည်သို့ အဆိုပါ သကြားနှင့် ရေနံကို ပို့ကုန်အဖြစ် ပို့ပေးပြီး ပြန်လည်ရရှိမည့် နိုင်ငံခြားငွေများမှာ မြန်မာနိုင်ငံဘက်သို့ ပြန်လည် ဝင်ရောက်ခြင်း မရှိဘဲ တစ်ဖက်နိုင်ငံမှ ဘဏ်များထဲတွင် သိမ်းဆည်းထားကြောင်း၊ မြန်မာပြည်တွင်း ဘဏ်များမှာလည်း အမေရိကန်ဒေါ်လာ ငွေသားများအား နိုင်ငံခြားဘဏ်များတွင် အမေရိကန်ဒေါ်လာ ဘဏ်စာရင်း ($US Nostro Accounts) ထဲများသို့ အပ်နှံမှုများတွင်လည်း အခက်အခဲများ ရှိကြောင်း၊ ထိုသို့ ပြဿနာများကြောင့် မြန်မာနိုင်ငံတွင် အမေရိကန် ဒေါ်လာငွေ နည်းပါးမှုများ ဖြစ်ကြောင်း ရေးသားထားသည်။

ဆက်လက်ပြီး ရှောင်တာနယ်က သူရေးသား ဖော်ပြခဲ့သော အခက်အခဲများ ရှိနေသော်လည်း အဆိုပါ အခက်အခဲများအား ဖြေရှင်းနိုင်ဖို့ ကြိုးစားရင်းနှင့် နိုင်ငံခြားငွေသားလဲလှယ်မှု ဈေးကွက်သည် ပြန်လည် တည်ငြိမ်သွားမည် ဖြစ်ကြောင်း၊ ၁၉၉၇-၉၈ တွင် ဖြစ်ပွားခဲ့သော အာရှစီးပွားရေးနှင့် ဘဏ္ဍာရေး အကျပ်အတည်းတွင် နိုင်ငံတစ်နိုင်ငံ၏ ငွေသားတန်ဖိုးများ လွန်စွာကျဆင်းခဲ့ပြီး အဆိုပါနိုင်ငံများသည် နိုင်ငံခြားငွေသား ကြွေးမြီများပြားလွန်းကြောင်းနှင့် လက်ရှိ အခြေအနေအရ မြန်မာနိုင်ငံသည် ပုဂ္ဂလိက ကဏ္ဍအပါအဝင် နိုင်ငံခြားငွေသားကြွေးမြီ နည်းပါးသေးသောကြောင့် ဤသို့ဖြစ်လာမည် မဟုတ်ကြောင်း ရေးသားခဲ့သည်။

မြန်မာနိုင်ငံအနေနှင့် နိုင်ငံခြားငွေသား သိုလှောင်ထားမှု နည်းပါးသောကြောင့် အမေရိကန်ဒေါ်လာ သုံးစွဲပြီး ကျပ်ငွေအား ဝယ်ယူ၍ ကျပ်ဈေးကို မြှင့်တင်မည်ဆိုပါက သိုလှောင်ထားသော အမေရိကန် ဒေါ်လာများ လျင်မြန်စွာ ကုန်သွားမည် ဖြစ်ကာ ဤကဲ့သို့ ဖြစ်ခဲ့ပါက မြန်မာနိုင်ငံသည် နှုန်းရှင်မဲ့စနစ်အား ကျင့်သုံးရမည်ဖြစ်ပြီး အစိုးရအနေဖြင့် မြန်မာကျပ်ငွေ တန်ဖိုးသည် မည်မျှလောက် ရှိရမည်ဟု သတ်မှတ်ချက် ချလိုက်ပါက မှောင်ခိုဈေးကွက်များ ချက်ချင်း ပေါ်ပေါက်လာမည် ဖြစ်ကြောင်း၊ သြစတြေးလျနိုင်ငံတွင် နှုန်းရှင်မဲ့စနစ် ကျင့်သုံးခြင်းအားဖြင့် ၁၉၈၃၊ ဒီဇင်ဘာမှစပြီး လွန်ခဲ့သည့် နှစ်သုံးဆယ်အတွင်း တည်တံ့ခိုင်မြဲခဲ့သော စီးပွားရေး တိုးတက်မှုကို ခံစားခဲ့ရကြောင်း ရှောင်တာနယ်က သူ၏ Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။

ဗဟိုဘဏ်က ထိန်းချုပ်ထားသော ငွေလဲဈေးကွက် (Manage Float) အဖြစ် ၂၀၁၂ ခုနှစ် ဧပြီမှ စတင် လုပ်ဆောင်ခဲ့ပြီး ဘဏ်များအနေဖြင့် ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းအပေါ် ပုဂ္ဂလိကဘဏ်များက အတိုးအလျော့ ရှစ်ကျပ်အဖြစ် (+/- 0.8) သတ်မှတ်ထားမှုအား ၂၀၁၈ ခုနှစ် သြဂုတ် ၁၃ ရက်တွင် ပယ်ဖျက်ခဲ့သည်။ အဆိုပါ ပယ်ဖျက်မှုကို Free Float အဖြစ် ရည်ညွှန်းနေသော်လည်း အမှန်တကယ် အခြေအနေအရမူ Manage Float ကိုသာ ကျင့်သုံးဆဲ ဖြစ်နေကြောင်း စီးပွားရေး ပညာရှင်များက ဝေဖန်ခဲ့သည်။ ထိုသို့ ဗဟိုဘဏ်၏ ပယ်ဖျက်မှုကြောင့် ဒေါ်လာဈေး ရုတ်ချည်းမြင့်တက်သွားပြီး သြဂုတ် ၁၃ ရက်တွင် ၁၄၇၅ ကျပ်သာ ရှိခဲ့ရာမှ သြဂုတ် ၁၅ ရက်တွင် ၁၅၂၀ ကျပ်သို့ မြင့်တက်ခဲ့သည်။ ဗဟိုဘဏ်၏ Free Float လုပ်ဆောင်မှုပုံစံမှာ လုပ်ဆောင်သင့်သည် မှန်သော်လည်း ကုန်သွယ်ရေး စစ်ပွဲကြောင့် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှု အခြားနိုင်ငံများ၏ ငွေကြေးကျဆင်းမှုထက် ဆိုးရွားနေသည့် လက်ရှိအခြေအနေတွင် လုပ်ဆောင်သင့်သည့် အချိန်အခါ မဟုတ်ကြောင်း စီးပွားရေးပညာရှင်များက သုံးသပ်သည်။

“ Free Float လုပ်တော့မယ် ဆိုရင် လုပ်တာတော့ မှန်ပါတယ်။ နိုင်ငံ တော်တော်များများကလည်း လုပ်နေတာပဲ။ ဒါပေမဲ့လို့ အခြေအနေ၊ အချိန်အခါကို ကြည့်ရသေးတာကိုး။ ကျွန်တော်ထင်တဲ့ အဓိကအကြောင်းရင်းက ဗဟိုဘဏ်မှာ အရန်ငွေပမာဏ နည်းလို့လည်း ဖြစ်ပါလိမ့်မယ်။ အရန်ငွေ နည်းတော့ တစ်နေ့ ဒေါ်လာ တစ်သိန်းလောက် ထုတ်ရောင်းပေးနေတာမျိုးက အဆင်မပြေဘူး။ ဈေးကွက် ကစားတာကိုလည်း မထိန်းနိုင်တာကြောင့် ဒီလို လုပ်လိုက်တာလို့ ကျွန်တော် ထင်တယ်။ ပြဿနာက ဒီလိုမျိုး ရုတ်ခြည်းလုပ်လိုက်တာက ဆိုးတာ။ လုပ်သင့်တယ်လို့တော့ ထင်တယ်။ ဒါပေမဲ့ ဒီအချိန်မှာတော့ မဟုတ်သေးဘူး။ ဈေးကွက်ထဲမှာ ဂယက် ရိုက်သွားတာပေါ့” ဟု မူဝါဒဆိုင်ရာ စီးပွားရေးပညာရှင် ဒေါက်တာ အောင်ကိုကိုက သုံးသပ်ပြောကြားသည်။

Most Read

Most Recent