နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုအစိုးရ၊ တိုင်းအစိုးရအဖွဲ့ကို အင်တာနက်ပေါ်တွင် အကြည်ညိုပျက်အောင် ရေးသားသူများအား တရားစွဲဆိုရန် မကွေးတိုင်း NLD ပါတီဥက္ကဋ္ဌက ပါတီတွင်း ညွှန်ကြားစာထုတ်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုအစိုးရ၊ တိုင်းအစိုးရအဖွဲ့ကို အင်တာနက်ပေါ်တွင် အကြည်ညိုပျက်အောင် ရေးသားသူများအား တရားစွဲဆိုရန် မကွေးတိုင်း NLD ပါတီဥက္ကဋ္ဌက ပါတီတွင်း ညွှန်ကြားစာထုတ်
Published 16 August 2018

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြည်ထောင်စုအစိုးရ၊ တိုင်းအစိုးရ၏အဖွဲ့ကို အင်တာနက် စာမျက်နှာပေါ်တွင် အကြည်ညိုပျက်အောင် ရေးသားသူများအား တရားစွဲဆိုရန် မကွေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ တိုင်းအလုပ်အမှုဆောင် ဥက္ကဋ္ဌက လက်မှတ်ရေးထိုး၍ သြဂုတ် ၁၃ ရက် နေ့စွဲဖြင့် ပါတီတွင်း ညွှန်ကြားစာ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အဆိုပါ ညွှန်ကြားစာတွင် တရားစွဲဆိုရာ၌ မြို့နယ် အလုပ်အမှုဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် တိုင်းအလုပ်အမှုဆောင်အဖွဲ့၏ တာဝန်ပေးချက်အရ အလုပ်အမှုဆောင် အဖွဲ့ဝင်တစ်ဦးက တရားစွဲဆိုရန် ဖြစ်ကြောင်းနှင့် ဥပဒေပညာရှင်များနှင့် ညှိနှိုင်း၍ တရားစွဲရန်ဖြစ်ကြောင်း ရေးသားထားသည်။

ညွှန်ကြားစာ ထုတ်ပြန်မှုနှင့် ပတ်သက်၍ ဝေဖန်မှုများရှိနေပြီး မကွေးတိုင်းဒေသကြီး NLD ပါတီ တိုင်းအလုပ်အမှုဆောင်အဖွဲ့ဝင်များကို ဆက်သွယ်မေးမြန်းရာတွင် အဆိုပါစာ ထုတ်ပြန်မှုနှင့်ပတ်သက်၍ အများစုက မသိရှိကြောင်း ပြောကြားသည်။

“စာကိုတော့ ကျွန်တော်လည်း တွေ့တယ်။ စာထုတ်တာလည်း မသိဘူး။ တစ်ဆင့်ဖတ်ရတာပေါ့။ စာထဲမှာတော့ တိုင်းအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက် ဆိုတဲ့ဟာ မပါဘူးခင်ဗျ။ အခုရက်ပိုင်း လမ်းကြောင်းတွေ ရှိနေတော့ မကွေးကိုလည်း မရောက်ဖြစ်ဘူးပေါ့။ စာထုတ်တာလည်း မသိပါဘူး။ ကျွန်တော် ထင်တာကတော့ တိုင်းအလုပ်အမှုဆောင်အဖွဲ့ရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်ဆိုတဲ့ စာလည်း မပါတော့ ဒီစာက တစ်ဦးတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်နဲ့ ထုတ်ထားတဲ့စာလို့ပဲ ထင်မိပါတယ်။ ဒါနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်မယ်ဆိုရင်တောင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကနေပဲ ထုတ်ပြန်သင့်တယ်လို့ ထင်တာပဲ။ ဒါနဲ့ ပတ်သက်ပြီးတော့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကလည်း တိုင်းကို စာထုတ် ညွှန်ကြားထားတာမျိုး ဘာမျိုးလည်း မတွေ့ဖူးပါဘူး” ဟု မကွေးတိုင်းဒေသကြီး NLD ပါတီ ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်နိုင်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ယင်းညွှန်ကြားစာတွင် လက်မှတ်ရေးထိုးထားသည့် မကွေးတိုင်းဒေသကြီး NLD ပါတီ အလုပ်အမှုဆောင်ဥက္ကဋ္ဌ ဦးသိန်းဇော် က “အကြမ်းပြောရရင် ပါတီအတွင်း ညွှန်ကြားစာပါ။ အဲဒါကို အွန်လိုင်းပေါ် တက်သွားတာပါ။ တိုင်းအလုပ်အမှုဆောင်က ထုတ်တာပါ။ ဒါကို အွန်လိုင်းတင်လို့လည်း မရပါဘူး” ဟု ပြောကြားသည်။

ထိုကဲ့သို့ ညွှန်ကြားစာထုတ်ပြန်ရန် ပါတီဗဟိုအနေဖြင့် ညွှန်ကြားထားခြင်း မရှိကြောင်း NLD ပါတီ ဗဟိုပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

“လုံးဝမရှိပါဘူး။ လုံးဝမရှိပါဘူး။ ဒီလို ညွှန်ကြားထားတာ။ နောက်ပြီး ဒီညွှန်ကြားစာဆိုတဲ့ စာကိုယ်၌ကိုယ်ကလည်း အစစ်အမှန် ဟုတ်၊ မဟုတ် ကျွန်တော်တို့ မသိသေးပါဘူး။ ဒီဟာတွေဟာ ညွန်ကြားစရာလည်း မလိုပါဘူး”ဟု ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

ထို့ပြင် မည်သည့်ရည်ရွယ်ချက်ဖြင့် ညွှန်ကြားစာ ထုတ်ပြန်သည်ကို မသိရှိကြောင်း၊ ညွှန်ကြားစာသည် အတု-အစစ် ဖြစ်သည်ကိုလည်း သတင်းမရောက်သဖြင့် မသိနိုင်သေးကြောင်း၊ အဆိုပါ ညွှန်ကြားစာကိုလည်း မတွေ့သေးကြောင်း၊ ညွှန်ကြားစာ ထုတ်ပြန်ပါက ပါတီဗဟိုသို့ မိတ္တူပေးသင့်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

Most Read

Most Recent