ဆန်ဈေးကြီးမှုနှင့် ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ညစ်ညမ်းစွာ ဆဲဆိုသူအား အာမခံမရဘဲ အမြင့်ဆုံးထောင်ဒဏ် သုံးနှစ်အထိ ချမှတ်နိုင်သည့် လူပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု/လုံခြုံမှုကာကွယ်ရေး ဥပဒေပုဒ်မ ၁၀ ဖြင့် အမှုဖွင့်ဖမ်းဆီး

ဆန်ဈေးကြီးမှုနှင့် ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ညစ်ညမ်းစွာ ဆဲဆိုသူအား အာမခံမရဘဲ အမြင့်ဆုံးထောင်ဒဏ် သုံးနှစ်အထိ ချမှတ်နိုင်သည့် လူပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု/လုံခြုံမှုကာကွယ်ရေး ဥပဒေပုဒ်မ ၁၀ ဖြင့် အမှုဖွင့်ဖမ်းဆီး
Published 16 August 2018

ဆန်ဈေးကြီးမှုနှင့် ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ညစ်ညမ်းစွာ ဆဲဆိုသူအား လူပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု/လုံခြုံမှုကာကွယ်ရေးဥပဒေပုဒ်မ ၁၀ ဖြင့် ကျောက်တန်းမြို့နယ်၊ တံတားနယ်မြေရဲစခန်းတွင် သြဂုတ် ၁၄ ရက်က အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

အဆိုပါ အမှုဖြစ်စဉ်မှာ သြဂုတ် ၁၂ ရက် နံနက် ၈ နာရီခန့်တွင် ကျောက်တန်းမြို့နယ်၊ တမံကြီးကုန်းကျေးရွာ နေထိုင်သူ တရားလို ဦး……(၆၃) နှစ်သည် ၎င်းနေအိမ်မှ ရွာ၏ တောင်ဘက်ရှိ အုန်းတောကွင်းသို့ ဝက်စာသွားယူစဉ် တစ်ရွာတည်းနေ စန်းဦး (၃၀) နှစ်၏ နေအိမ်ဘေး လမ်းပေါ်အရောက်တွင် စန်းဦးမှ ဆန်ဈေးကြီးမှုနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်အား ညစ်ညမ်းစွာ ဆဲဆိုနေကြောင်း ရဲတပ်ဖွဲ့သို့ တိုင်ကြားစာအရ သိရသည်။

ထို့သို့ ဆဲဆိုနေခြင်းအား ဦး….. (၆၃)နှစ်က တားမြစ်သော်လည်း မရသဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား ညစ်ညမ်းဆဲဆိုပြီး တရားလိုဖြစ်သူကိုလည်း မချေမငံပြောဆိုသူ စန်းဦး (၃၀) နှစ်အား အရေးယူပေးပါရန် သြဂုတ် ၁၄ ရက် ကျောက်တန်းမြို့နယ်၊ တံတားနယ်မြေရဲစခန်းသို့ တိုင်ကြားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှ ဆဲဆိုသူ စန်းဦး (၃၀) နှစ်အား ကျောက်တန်းမြို့နယ်၊ တံတားနယ်မြေရဲစခန်းမှ (ပ)၄၀/၂၀၁၈၊ လူပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု/လုံခြုံမှုကာကွယ်ရေး ဥပဒေပုဒ်မ ၁၀ဖြင့် အမှုဖွင့် အရေးယူခဲ့ကြောင်း သိရသည်။

နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ အခန်း (၅) ပုဒ်မ ၁၀ တွင် ပုဒ်မ ၇ ပါ တားမြစ်ချက်ကိုသော် လည်းကောင်း၊ ပုဒ်မ ၈ ပါ တားမြစ်ချက် တစ်ရပ်ရပ်ကိုသော် လည်းကောင်း ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ခြောက်လမှ အများဆုံး သုံးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ်သုံးသိန်းမှ အများဆုံး ကျပ် ၁၅ သိန်းအထိ ငွေဒဏ် ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ အခန်း (၄) ပုဒ်မ ၈ (စ)တွင် နိုင်ငံသားတစ်ဦး၏ ပုဂ္ဂိုလ်ဆိုင်ရာ၊ မိသားစုရေးရာကိစ္စများတွင် အဓမ္မ ဝင်ရောက် စွတ်ဖတ်ခြင်း သို့မဟုတ် လူတစ်ဦး၏ ဂုဏ်သိက္ခာနှင့် ထင်ပေါ်ကျော်ကြားမှုကို ပုတ်ခတ်ခြင်း သို့မဟုတ် ထိခိုက်စေရန် တစ်နည်းနည်းဖြင့် ဆောင်ရွက်ခြင်း မပြုရဟု ပြဋ္ဌာန်းထားသည်။

 

Most Read

Most Recent