စက်ဘီးစီးလာသူက အမျိုးသမီးတစ်ဦးကို မဖွယ်မရာ ကိုင်တွယ်ပြီး ဆွဲကြိုးလုယက် ထွက်ပြေးမှု တောင်ဥက္ကလာပမြို့နယ်တွင် ဖြစ်ပွား

စက်ဘီးစီးလာသူက အမျိုးသမီးတစ်ဦးကို မဖွယ်မရာ ကိုင်တွယ်ပြီး ဆွဲကြိုးလုယက် ထွက်ပြေးမှု တောင်ဥက္ကလာပမြို့နယ်တွင် ဖြစ်ပွား
Published 16 August 2018

တောင်ဥက္ကလာပမြို့နယ်တွင် စက်ဘီးစီးလာသည့် အမျိုးသားက လမ်းလျှောက်လာသော အမျိုးသမီးကို မဖွယ်မရာ ကိုင်တွယ်ပြီး ဆွဲကြိုးလုယက် ထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း သြဂုတ် ၁၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ တောင်ဥက္ကလာပမြို့နယ်နေ မ....(၂၅ နှစ်)သည် သြဂုတ် ၁၄ ရက် ညနေ ၆ နာရီခန့်က ကမာရွတ်မြို့နယ်၊ လှည်းတန်းမှ ၎င်းနေထိုင်ရာ တောင်ဥက္ကလာပမြို့နယ်ရှိ အဆောင်တစ်ဆောင်သို့ ပြန်လာခဲ့ကြောင်း၊ ထိုသို့ ပြန်လာခဲ့ပြီး အဆောင်သို့ တောင်ဥက္ကလာပမြို့နယ် မြင်သာ ၄ လမ်းအတိုင်း လမ်းလျှောက်လာခဲ့ရာ အဆောင်အနီးအရောက်တွင် စက်ဘီးစီးလာသူ အမျိုးသားတစ်ဦးက ၎င်း၏အနီးသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ယင်းသို့ရောက်ရှိလာပြီးနောက် အဆိုပါ အမျိုးသားက မ.... ၏ ရင်သားကို ညှစ်ကာ လည်ပင်းတွင် ဆွဲထားသည့် ရွှေနှင့်ပလက်တီနမ်ရော စပ်ထားသော ဆွဲကြိုးကို လုယက်ပြီး စက်ဘီးကိုနင်း၍ ထွက်ပြေးခဲ့ကြောင်း သိရသည်။

“စုံစမ်းဆောင်ရွက်တော့ ကျူးလွန်သူက အရင်ကလည်းခိုးမှုနဲ့ ထောင်ကျခဲ့ဖူးတဲ့လူလို့ သိရတယ်။ ခုကျူးလွန်သူကို ဖမ်းမိပါပြီ” ဟု ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ကျူးလွန်သူမှာ တောင်ဥက္ကလာပမြို့နယ် (၁၄/၁) ရပ်ကွက်တွင်နေထိုင်၍ စက်ချုပ်သည့် အလုပ်လုပ်ကိုင်သော ကိုကိုအောင် (၂၃ နှစ်) ဆိုသူဖြစ်ကြောင်း သိရပြီး ၎င်းကို သက်ဆိုင်ရာရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးလျက်ရှိကာ ကိုကိုအောင်မှာ ၂၀၁၆ ခုနှစ်အတွင်းက တောင်ဥက္ကလာပမြို့နယ်အတွင်း ခိုးမှုကျူးလွန်သဖြင့် ထောင်ဒဏ်တစ်နှစ်နှင့် လေးလကျခံပြီး ပြန်လည်လွတ်မြောက်လာသူဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

Most Read

Most Recent