လက်ရှိတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁ ဒသမ ၁၃၇ ဘီလျံကျော် ဝင်ရောက်ထားသော်လည်း ယခင်နှစ်ကာလတူ ဝင်ရောက်ခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုထက် ဒေါ်လာ ၂ ဒသမ ၅ ဘီလျံကျော် လျော့နည်း

လက်ရှိတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁ ဒသမ ၁၃၇ ဘီလျံကျော် ဝင်ရောက်ထားသော်လည်း ယခင်နှစ်ကာလတူ ဝင်ရောက်ခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုထက် ဒေါ်လာ ၂ ဒသမ ၅ ဘီလျံကျော် လျော့နည်း
Published 16 August 2018

သီလဝါ အထူးစီးပွားရေးဇုန်အတွင်း လာရောက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားသော နိုင်ငံခြားကုမ္ပဏီတစ်ခုအား တွေ့ရစဉ်

လက်ရှိအချိန်ထိ မြန်မာနိုင်ငံသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁ ဒသမ ၁၃၇ ဘီလျံကျော်အထိ ဝင်ရောက်ထားသော်လည်း ယခင်နှစ်ကာလတူတွင် ဝင်ရောက်ခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုထက် ဒေါ်လာ ၂ ဒသမ ၅ ဘီလျံကျော် လျော့နည်းနေကြောင်း သြဂုတ် ၁၄ ရက်က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ အခမ်းအနားမှ သိရသည်။

“၂၀၁၈ ခုနှစ် ဧပြီကနေ သြဂုတ်လအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/အတည်ပြုပေးခဲ့မှုမှာ လုပ်ငန်း ၆၁ ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၅၃၅ ဒသမ ၅၂၅ သန်း ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၉၆၆ ဒသမ ၅၇၅ သန်း ဖြစ်ပါတယ်။ အထူးစီးပွားရေးဇုန် ဥပဒေအရ သြဂုတ်လအထိ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၁၇၁ ဒသမ ၁၀၀ သန်း ဖြစ်ပါတယ်။ စုစုပေါင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁,၁၃၇ ဒသမ ၆၇၅ သန်း (၁ ဒသမ ၁၃၇ ဘီလျံ) ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြုပေးခဲ့မှုမှာ ၂၀၁၇ ခုနှစ် သြဂုတ်လဆန်းအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၁၂ ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၉၅၂ ဒသမ ၇၉၇ သန်းဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃၄၈၇ ဒသမ ၇၃၂ သန်း စီးဝင်ခြင်းဖြစ်သည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း အထူးစီးပွားရေးဇုန် ဥပဒေအရ သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၈၉ ဒသမ ၆၀၀ သန်း ခွင့်ပြုခဲ့ခြင်းဖြစ်သဖြင့် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃၆၇၇ ဒသမ ၃၃၂ သန်း စီးဝင်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ်စဉ် (၉/၂၀၁၇) အရ သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အစည်းအဝေး အမှတ်စဉ် (၁၂/၂၀၁၈) ကို သြဂုတ် ၁၀ ရက်က ကျင်းပခဲ့ရာ အဆိုပါ အစည်းအဝေး အမှတ်စဉ် (၁၂/၂၀၁၈)အပါအဝင် ရက်သတ္တပတ်အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အဆိုပြုလုပ်ငန်းငါးခု၊ အတည်ပြု လုပ်ငန်းသုံးခုနှင့် စုစုပေါင်းလုပ်ငန်းရှစ်ခု ခွင့်ပြုခဲ့ကြောင်း သိရသည်။ အဆိုပါ လုပ်ငန်းများအနက် အဆိုပြုလုပ်ငန်း ငါးခုနှင့် အတည်ပြုလုပ်ငန်းတစ်ခုတို့အား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီက အတည်ပြုလုပ်ငန်း တစ်ခု၊ တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီက အတည်ပြုလုပ်ငန်း တစ်ခု ဖြစ်သဖြင့် အဆိုပါ အစည်းအဝေးကာလအတွင်း စုစုပေါင်း လုပ်ငန်းရှစ်ခုက ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၉၂ ဒသမ ၈၁၆ သန်းကို ခွင့်ပြု အတည်ပြုပေးခဲ့သည်။

အဆိုပါ လုပ်ငန်းများက ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၅၆၅ ဦးကို ဖန်တီးပေးမည်ဖြစ်ပြီး ယခင်ခွင့်ပြုပြီး လုပ်ငန်းများမှ ပြည်တွင်းလုပ်သားအင်အား တိုးမြှင့်မှုမှာ ၁၃၂ ဦးဖြစ်သဖြင့် စုစုပေါင်း ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ၆၉၇ ဦးဖြစ်သည်။

အဆိုပါ ခွင့်ပြု၊ အတည်ပြုလုပ်ငန်းရှစ်ခုမှာ စက်မှုကဏ္ဍခြောက်ခု၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍမှတစ်ခုနှင့် ဟိုတယ်ကဏ္ဍမှ တစ်ခုဖြစ်ကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ခွင့်ပြုပေးရာတွင် လုပ်ငန်း၏ စီးပွားရေးတွက်ခြေကိုက်မှု၊ အလုပ်အကိုင်သစ်များ ဖန်တီးပေးနိုင်မှု၊ အမျိုးသားဝင်ငွေနှင့် အခွန်တိုးတက် ရရှိနိုင်မှု၊ ပြည်တွင်းပြည်ပ ဈေးကွက်အခြေအနေ၊ ပြည်တွင်းစားသုံးရန် လိုအပ်ချက်၊ နည်းပညာဆီလျော်မှု၊ တီထွင်ဆန်းသစ်မှု၊ နည်းပညာ လွှဲပြောင်းရရှိမှု၊ ပတ်ဝန်းကျင် ထိခိုက်မှုနှင့် လူမှုရေးထိခိုက်မှု ထိန်းသိမ်းကာကွယ်ရေး ဆောင်ရွက်မှုအစီအမံများ၊ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုဖြစ်ခြင်းနှင့် တည်ဆဲဥပဒေများကို လိုက်နာခြင်း စသည့်အချက်များကို အခြေခံ၍ စိစစ်ခြင်းဖြစ်သည်။

Most Recent