ကမ္ဘာ့ရွှေဈေး ဆက်တိုက်ကျဆင်းနေသော်လည်း ဒေါ်လာဈေးကြောင့် ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၅၀၂၀၀ ဝန်းကျင်အထိ မြင့်တက်

ကမ္ဘာ့ရွှေဈေး ဆက်တိုက်ကျဆင်းနေသော်လည်း ဒေါ်လာဈေးကြောင့် ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၅၀၂၀၀ ဝန်းကျင်အထိ မြင့်တက်
Published 16 August 2018

ကမ္ဘာ့ရွှေဈေးသည် သြဂုတ် ၁၅ ရက်တွင် ၁၁၈၇ ဒေါ်လာဝန်းကျင်အထိ ဆက်လက် ကျဆင်းသွားသော်လည်း ဒေါ်လာဈေးကြောင့် ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၅၀၂၀၀ ဝန်းကျင်အထိ မြင့်တက်ခဲ့ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ပြည်တွင်းရွှေဈေးသည် ပြီးခဲ့သည့် ၂၀၁၇ ဇူလိုင် ၂၁ ရက်မှ စတင်ကာ ကျပ် ၉၀၀၀၀၀ အထက်ရောက်ခဲ့ပြီး ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ စံချိန်တင်ဈေးနှုန်းများအဖြစ် သြဂုတ်လအတွင်းနှင့် စက်တင်ဘာလလယ်အထိ ဆက်တိုက်မြင့်တက်ခဲ့ကာ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ၉၅၇၃၀၀ ဖြင့် စံချိန်တင်ထားသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် ၉၃၇၀၀၀၊ ဇန်နဝါရီ ၉ ရက်တွင် ၉၃၈၀၀၀ ဝန်းကျင် ဖြစ်ပေါ်နေသော ရွှေဈေးသည် ဇန်နဝါရီ ၂၅ ရက်တွင် ၉၅၅၇၀၀ အထိ မြင့်တက်ခဲ့ကာ ဇွန် ၆ ရက်တွင် ၉၃၂၉၀၀၊ ဇွန် ၂၇ ရက်တွင် ၉၃၇၀၀၀၊ ဇူလိုင် ၃ ရက်တွင် ၉၃၄၁၀၀၊ ဇူလိုင် ၂၆ ရက်တွင် ကျပ် ၉၅၀၅၀၀၊ သြဂုတ် ၁၅ ရက်တွင် ကျပ် ၉၅၀၂၀၀ ဝန်းကျင် ဖြစ်ပေါ်ခဲ့သည်။

ပြီးခဲ့သည့်သုံးလက ရွှေဈေးကိုပြန်ကြည့်ပါက မေလအတွင်း ပြည်တွင်းရွှေဈေးနှုန်း အနိမ့်ဆုံးနှုန်း ကျပ် ၉၃၁၈၀၀ (မေ ၂၁ ရက်)၊ အမြင့်ဆုံးနှုန်း ကျပ် ၉၄၂၂ ၀၀ (မေ ၁ ရက်)၊ ဇွန်လအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးဈေးနှုန်း ကျပ် ၉၃၁၇၀၀ (ဇွန် ၅ ရက်)၊ အမြင့်ဆုံးဈေးနှုန်း ကျပ် ၉၃၉၅၀၀ (ဇွန် ၁၅ ရက်)၊ ဇူလိုင်လအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးနှုန်း ကျပ် ၉၃၄၁၀၀ (ဇူလိုင် ၃ ရက်)၊ အမြင့်ဆုံးနှုန်း ကျပ် ၉၅၀၅၀၀ (ဇူလိုင် ၂၆ ရက်) တို့ ဖြစ်သည်။

ကမ္ဘာ့ရွှေဈေးနှုန်းကို ပြန်ကြည့်ပါက ၂၀၁၇ ခုနှစ်ဧပြီလမှစ၍ အတက်အဆင်း ကြမ်းလျက်ရှိပြီး လတစ်လအတွင်း အမြင့်ဆုံးနှင့် အနိမ့်ဆုံးနှုန်းသည် ဒေါ်လာ ၃၀ ခန့်မှ ဒေါ်လာ ၇၀ ခန့်အထိ ကွာခြားခဲ့သည်။ လအလိုက် ဖြစ်ပေါ်ခဲ့သော အနိမ့်ဆုံးနှင့် အမြင့်ဆုံး ကမ္ဘာ့ရွှေဈေးနှုန်းများမှာ ဇွန်တွင် ၁၂၅၂-၁၂၉၉၊ ဇူလိုင်တွင် ၁၂၁၁-၁၂၅၇ ဝန်းကျင် ဖြစ်ပေါ်ခဲ့ပြီး ကွာဟချက် ဒေါ်လာ ၃၀ ဝန်းကျင်မှ ၅၀ ကျော်အထိ ရှိခဲ့သည်။ ကမ္ဘာ့ရွှေဈေးသည် ဇွန်လဆန်းမှစ၍ အကျပိုင်းသို့ ရောက်လာပြီး သြဂုတ် ၁၅ ရက်တွင် ၁၁၈၇ ဒေါ်လာဝန်းကျင်အထိ ကျဆင်းခဲ့သည်။

Most Read

Most Recent