<

ကလေးငယ်များ ဥာဏ်ရည်ဖွံ့ဖြိုးရန်နှင့် ကိုယ်ကာယဖွံ့ဖြိုးရန်အတွက် မိခင်နို့ရည်သည် အလိုအပ်ဆုံးဖြစ်ခြင်းကြောင့် နှစ်နှစ်အောက်ကလေးငယ်များအား မိခင်နို့ရည်သာ တိုက်ကျွေးသင့်ဟုဆို

သြဂုတ် ၁၅ ရက်က နေပြည်တော်ဒက္ခိဏသီရိမြို့ရှိ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဗဟိုဌာနတွင် ပြုလုပ်သော အခမ်းအနားကို တွေ့ရစဉ်

ကလေးငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးရန်နှင့် ကိုယ်ကာယဖွံ့ဖြိုးရန်အတွက် မိခင်နို့ရည်သည် အလိုအပ်ဆုံး ဖြစ်ခြင်းကြောင့် နှစ်နှစ်အောက် ကလေးငယ်များအား မိခင်နို့ရည်သာ တိုက်ကျွေးသင့်ကြောင်း မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါက်တာစန်းစန်းမြင့်အောင်က ပြောကြားသည်။

သြဂုတ် ၁၅ ရက်က နေပြည်တော် ဒက္ခိဏသီရိမြို့ရှိ မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဗဟိုဌာနတွင် ပြုလုပ်သည့် ၂၀၁၈ ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ အထိမ်းအမှတ် အခမ်းအနားတွင် ဒေါက်တာစန်းစန်းမြင့်အောင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“အာဟာရဆိုတာကတော့ လူတွေရဲ့ အခြေခံတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့်တော့ နှစ်နှစ်အောက် ကလေးတွေအတွက် အာဟာရ အရမ်းအရေးကြီးပါတယ်။ နှစ်နှစ်အောက် ကလေးမှာမှ သေချာမကျွေးမွေးနိုင်ဘူးဆိုရင်၊ မိခင်နို့ရည်ကို ကောင်းကောင်းမတိုက်ဘူးဆိုရင် ကလေးက ဘယ်လောက်ပဲ နောက်ပိုင်းမှာ ကျွေးကျွေး၊ ဒီလောက်အကျိုးမရှိတော့ဘူး။ နှစ်နှစ်မတိုင်ခင်ဆိုလို့ ရှိရင်တော့ ကိုယ်ကာယဖွံ့ဖြိုးမှု၊ ဉာဏ်ရည်ဖွံ့ဖြိုးမှုပေါ့။ အဓိကကတော့ ဉာဏ်ရည်ဖွံ့ဖြိုးမှုဟာ နှစ်နှစ်အောက် ကလေးမှာပဲ အများဆုံးကောင်းပါတယ်။ ဒါကြောင့်မို့လို့ ကလေးရက် ၁၀၀၀ ဆိုတဲ့ စကားလုံး ပေါ်လာတာပေါ့။ ကိုယ်ဝန်စရှိကတည်းကနေပြီးတော့ ကလေးနှစ်နှစ်အထိကိုတော့ ကောင်းကောင်းမွန်မွန် ကျွေးမွေးပြုစု စောင့်ရှောက်ဖို့ လိုပါတယ်။ အဲဒါလေးကို မိခင်တွေ အားလုံးသိသွားအောင် လုပ်သွားမှာပါ” ဟု ဒေါက်တာစန်းစန်းမြင့်အောင်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ အထိမ်းအမှတ် အခမ်းအနားများကို တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် ပြုလုပ်နေပြီး ယခုနှစ်၏ ဆောင်ပုဒ်မှာ မိခင်နို့ရည်ချိုမြမြ ရင်သွေးငယ်ဘ၀ စိတ်ချရဆိုသည့် ဆောင်ပုဒ်ဖြစ်ကြောင်း သိရသည်။

ဒေါက်တာစန်းစန်းမြင့်အောင်က “မြန်မာနိုင်ငံမှာက ယဉ်ကျေးမှုအရ မိခင်တိုင်း မိခင်တိုင်းက နို့ချိုတိုက်ကျွေးလေ့ ရှိပါတယ်။ ဒါပေမဲ့ အဲဒီလို နို့ချိုတိုက်ကျွေးတာက တိုက်ချင်သလို တိုက်တယ်။ တိုက်ရင်ပြီးရော စနစ်တကျတော့ မရှိဘူးပေါ့။ အန်တီတို့က သူတို့ကို မိခင်နို့ရည် တိုက်ကျွေးလို့ရှိရင် စနစ်တကျ ဘယ်လိုအကျိုးကျေးဇူး ရှိတယ်ဆိုတာကို သင်ပေးသွားမှာပါ။ အရင်တုန်း ခြောက်လအထိ မဟုတ်ဘဲနဲ့ ကျွေးချင်သလို ကျွေးခဲ့ကြတာပေါ့နော်။ အခုက မဟုတ်ဘူး ခြောက်လမတိုင်ခင် စို့လို့ရှိရင် မိခင်နို့ရည်တစ်ခုတည်းကနေ ကလေးအတွက် လုံလောက်ပါတယ်ဆိုတာ သုတေသန စာတမ်းတွေအရလည်း အများကြီး တွေ့ခဲ့ပြီးပြီ” ဟု ပြောကြားသည်။

မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဗဟိုဌာနတွင် ဖွင့်လှစ်ထားသည့် မေတ္တာစမ်းရေ ဆေးခန်းသို့ လာရောက်ပြသည့် ကိုယ်ဝန်ဆောင်များကို ၂၀၁၃ ခုနှစ်မှစ၍ အာဟာရယူနစ်များ လစဉ်ထောက်ပံ့လျက်ရှိကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ကမ္ဘာမိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ အထိမ်းအမှတ် အခမ်းအနားတွင် မေတ္တာစမ်းရေဆေးခန်းတွင် သုံးကြိမ်နှင့်အထက် လာရောက်ပြသပြီးသည့် ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များနှင့် ၎င်းတို့၏ ခင်ပွန်းများအား မိခင်နို့တိုက်ကျွေးခြင်းနှင့် ပတ်သက်သည့် မေးခွန်းများ မေးမြန်းခြင်း၊ ဖြေဆိုခြင်းများ ပြုလုပ်ပြီး ထူးချွန်စွာ ဖြေဆိုနိုင်သူများကို ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။

August 15, 2018














Copy Protected by Chetan's WP-Copyprotect.