မြဝတီ-ကော့ကရိတ် ဒေါနတောင်ကျော်လမ်းတွင် ကုန်တင်ယာဉ်တစ်စီး အရှိန်လွန်တိမ်းမှောက်ပြီး ဆိုင်ကယ်နှစ်စီးအား တိုက်မိကာ လေးဦးဒဏ်ရာရ

မြဝတီ-ကော့ကရိတ် ဒေါနတောင်ကျော်လမ်းတွင် ကုန်တင်ယာဉ်တစ်စီး အရှိန်လွန်တိမ်းမှောက်ပြီး ဆိုင်ကယ်နှစ်စီးအား တိုက်မိကာ လေးဦးဒဏ်ရာရ
Published 16 August 2018

ကုန်တင်ယာဉ်တစ်စီး အရှိန်လွန်တိမ်းမှောက်မှု ဖြစ်ပွားပြီးနောက် တွေ့ရစဉ်

ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် ဒေါနတောင်ကျော် အာရှလမ်းသစ် နတ်စင်ကွေ့ကုန်းဆင်း Slow ခုံး၊ မိုင်တိုင် 155 KM နှင့် 156 KM ကြားတွင် သြဂုတ် ၁၄ ရက် ည ၈ နာရီခွဲခန့်က ၁၄ ဘီး ကုန်တင်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ရာ ရှေ့မှ ဆိုင်ကယ်နှစ်စီးအား တိုက်မိသဖြင့် ဆိုင်ကယ်စီးလာသူလေးဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ကော့ကရိတ်မြို့မ ရဲစခန်းမှ သိရသည်။

ကရင်ပြည်နယ် ကော့ကရိတ်ရဲခန်း၏ အရှေ့တောင်ဘက် ခုနစ်မိုင်ခန့်အကွာ နတ်စင်ကွေ့ကုန်းဆင်း၊ Slow ခုံးများရှိသည့်နေရာတွင် ယာဉ်တိုက်မှုဖြစ်ကာ တိမ်းမှောက်သွားခဲ့ကြောင်း သတင်းအရ ကော့ကရိတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးလင်းလင်းအောင်၊ မြို့မရဲစခန်းမှူး ဒုရဲမှူးထူးအောင်ရွှေ၊ ယာဉ်ထိန်းရဲတပ်စု (၇၁) မှ ရဲအုပ်သန်းနိုင်ရွှေနှင့် ရဲတပ်ဖွဲ့ဝင်များ၊ သင်္ဃန်းညီနောင်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက အခင်းဖြစ်ပွားရာသို့ ချက်ချင်းသွားရောက် စစ်ဆေးခဲ့ကြကြောင်း သိရသည်။

သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ၏ စစ်ဆေးချက်အရ မြဝတီဘက်မှ ယာဉ်မောင်းဝေဖြိုး (ခ) ဖြိုးဝေလင်း(၃၄) နှစ်သည် ၁၄ ဘီး ကုန်တင်ယာဉ်ပေါ်တွင် မားမားခေါက်ဆွဲခြောက်၊ လစ်ပိုအချိုရည်နှင့် ကလေးသောက် နို့ရည်ဘူးတို့ကို တင်ဆောင်မောင်းနှင်လာစဉ် အဆိုပါကုန်းဆင်း Slow ခုံးနေရာအရောက်တွင် ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ အရှေ့မှ ဆိုင်ကယ်နှစ်စီးအား ဝင်တိုက်ပြီးနောက် တိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။

ကုန်တင်ယာဉ် အရှိန်လွန် တိမ်းမှောက်သွားခြင်းကြောင့် ခရီးသည်အမျိုးသမီးနှစ်ဦး တင်ဆောင်မောင်းနှင်နေသော လားရာတူ ဆိုင်ကယ်အား အမိုးပတ်တူပြုတ်ကျခြင်း၊ ကုန်ပစ္စည်းများ ပြုတ်ကျပိမိခြင်းတို့ကြောင့် ဆိုင်ကယ်ယာဉ်မောင်း ဇော်မိုး ခြေသလုံးကျိုး၊ စုတ်ပြတ်ဒဏ်ရာရရှိပြီး မပိုးဥမှာ ဝဲချိုဇောင်းနှင့် နဖူးရောင်၊ ရင်ဘတ်နာကျင်သည့် ဒဏ်ရာရရှိခဲ့ကာ မမိုးမိုးမှာ ခြေသလုံး ဒဏ်ရာရရှိခဲ့သလို ကော့ကရိတ်ဘက်မှလာသော ဆိုင်ကယ်အား ဝင်တိုက်မိ၍ ဆိုင်ကယ်မောင်းသူ မောင်ငယ်၊ အောင်မြေရွှွေဘုံ ရပ်ကွက်နေသူမှာ ဒဏ်ရာရရှိသွားသဖြင့် ကော့ကရိတ်မြို့မှ ပုလဲဖြူလူမှုကယ်ဆယ်ရေးအဖွဲ့နှင့် သင်္ဃန်းညီနောင်လူမှုကယ်ဆယ်ရေးအဖွဲ့တို့က ဒဏ်ရာရလူနာများအား မြဝတီခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်ကာ တိုက်မှုဖြစ်ပွားခြင်းကြောင့် ဆိုင်ကယ်နှစ်စီးနှင့် မော်တော်ယာဉ် ပျက်စီးဆုံးရှုံးမှုမှာ ကျပ်သိန်း ၁၂၀ ခန့် ရှိကြောင်း သိရသည်။

သို့ဖြစ်၍ ယာဉ်အားပေါ့ဆစွာ မောင်းနှင်မှုကြောင့် လူလေးဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ခြင်းကြောင့် ယာဉ်မောင်းဖြိုးဝေလင်း (ခ) ဝေဖြိုး (၃၄) နှစ်(ဘ) ဦးသန်းတင်၊ ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်နေသူအား အမှုဖွင့် အရေးယူပေးရန် ယာဉ်ထိန်းရဲတပ်စု (၇၁) မှ ရဲအုပ်သန်းနိုင်ရွှေက တရားလိုပြုလုပ် တိုင်တန်းသဖြင့် ကော့ကရိတ်မြို့မရဲစခန်းမှ ယာဉ်(ပ) ၄၅/ ၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၃၃၈ တို့ဖြင့် အမှုဖွင့် အရေးယူ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent