တောင်ကြီးမြို့တွင် အသက်မပြည့်သေးသော ခယ်မဖြစ်သူအား အကြိမ်ကြိမ် မုဒိမ်းကျင့်ရာမှ ကိုယ်ဝန်ရှစ်လရလာသည့်အတွက် ရဲစခန်းတွင် အမှုဖွင့်

တောင်ကြီးမြို့တွင် အသက်မပြည့်သေးသော ခယ်မဖြစ်သူအား အကြိမ်ကြိမ် မုဒိမ်းကျင့်ရာမှ ကိုယ်ဝန်ရှစ်လရလာသည့်အတွက် ရဲစခန်းတွင် အမှုဖွင့်
Published 16 August 2018

ရှမ်းပြည်တောင်ပိုင်း ချမ်းမြသာစည်ရပ်ကွက်တွင် နေထိုင်သော အသက်မပြည့်သေးသော ခယ်မဖြစ်သူအား အကြိမ်ကြိမ် မုဒိမ်းကျင့်ခဲ့ရာမှ ကိုယ်ဝန်ရှစ်လ ရလာသည့်အတွက် အစ်မဖြစ်သူက တရားလိုပြုလုပ်၍ ခင်ပွန်းဖြစ်သူအား အရေးယူပေးနိုင်ပါရန် တောင်ကြီးနယ်မြေ အမှတ်(၂) စခန်းတွင် အမှုဖွင့်ထားသည်ဟု နယ်မြေစခန်းမှူးထံမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ တောင်ကြီးမြို့၊ ချမ်းမြသာစည်ရပ်ကွက်တွင် နေထိုင်သော တရားလိုသည် ၂၀၁၄ ခုနှစ်တွင် ၎င်းတို့၏ မိဘများ မရှိတော့သည့်အတွက် ညီမဖြစ်သူကို ကိုးနှစ်အရွယ်၊ စတုတ္ထတန်းတက်ရောက်သည့် အချိန်မှစတင်ကာ နေအိမ်တွင် ကျွေးမွေးစောင့်ရှောက်ထားခဲ့ကြောင်း၊ တရားလို၏ ခင်ပွန်းဖြစ်သူ ဇော်ဝင်းမောင်က ၂၀၁၆ ခုနှစ်မှ စတင်၍ အလိုမတူဘဲ အကြိမ်ကြိမ် သားမယား ဆက်ဆံခဲ့ကြောင်း၊ ထိုသို့ဆက်ဆံရာတွင်လည်း ငြင်းဆန်လျှင် ရိုက်နှက်ပုတ်ခတ် သတ်ဖြတ်ပစ်မည်ဟု ခြိမ်းခြောက်သဖြင့် အလိုမတူဘဲ မုဒိမ်းပြုကျင့်ခံခဲ့ရကြောင်း၊ သူမ၏ ကိုယ်ဝန်အခြေအနေကို ရိပ်စားမိလာသဖြင့် နေအိမ်တွင် မနေချင်တော့ဘဲ ကိုယ်ပိုင်ကျောင်းတွင် နေထိုင်ချင်ကြောင်း ညီမဖြစ်သူက တောင်းဆိုသဖြင့် ၂၀၁၈ ခုနှစ် မေလပိုင်းတွင် ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ခုတွင် အပ်နှံထားခဲ့ရာမှ၊ သြဂုတ် ၁၂ ရက်တွင် ညီမဖြစ်သူ ဗိုက်ပူနေသည့်အတွက် ကိုယ်ဝန်လွယ်ထားရသည့်ဖြစ်စဉ်ကို ရိပ်မိသည့်အတွက် စိန်ဆေးရုံတွင် ညီမဖြစ်သူကို သွားရောက် စစ်ဆေးကြည့်ရာမှ ကိုယ်ဝန်ရှစ်လ လွယ်ထားနေရသည့် ဖြစ်စဉ်ကိုသိရှိပြီး ခင်ပွန်းဖြစ်သူ အကြိမ်ကြိမ် မုဒိမ်းကျင့်မှု ပေါ်ပေါက်လာရခြင်းကြောင့် အရေးယူပေးပါရန် တိုင်ကြားခြင်းဖြစ်ကြောင်း တောင်ကြီးနယ်မြေစခန်းမှူး ရဲအုပ်စိုးမိုးအောင်က ပြောကြားသည်။

အဆိုပါ ပြုကျင့်ခံရသူ မိန်းကလေးငယ်သည် ၁၃ နှစ် ၃ လ ၂ ရက်သာ ရှိသေးပြီး၊ ၂၀၁၄ ခုနှစ် စတုတ္ထတန်းကျောင်းသူဘဝတွင် မိဘများ မရှိတော့သည့်အတွက် အစ်မဖြစ်သူ၏ နေအိမ်တွင် နေထိုင်ခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ် ၆ တန်းနှစ်တွင် တစ်အိမ်တည်းနေ ခဲအိုဖြစ်သူ ဇော်ဝင်းမောင်က ခြိမ်းခြောက် ရိုက်နှက်ပြီး သားမယားပြုကျင့်ခဲ့ကြောင်း၊ တစ်ကြိမ် တစ်ကြိမ် ဆက်ဆံတိုင်း လက်မခံချင်သော်လည်း ရိုက်နှက်ခဲ့သဖြင့် အကြောက်တရားကြောင့် ပြန်မပြောရဲကြောင်း၊ လက်ရှိ အဋ္ဌမတန်းကျောင်းသူ အရွယ်ရောက်ချိန်အထိ ထိုသို့ သားမယားပြုကျင့်ခဲ့သည်မှာ နှစ်နှစ်ဝန်းကျင် ရှိခဲ့ကြောင်း၊ သူမတွင် ကိုယ်ဝန်ရှိလာသည်ကို ရိပ်မိသဖြင့် အပြင်ကျောင်းတွင် သွားထားရာမှ ကိုယ်ဝန်ရင့်လာချိန် အစ်မဖြစ်သူ သိရှိသွားခြင်းဖြစ်သည်ဟု စခန်းမှူးက ပြောကြားသည်။

အဆိုပါ မုဒိမ်းမှုကျူးလွန်သော ဇော်ဝင်းမောင် (၂၉) နှစ်ကို တောင်ကြီးနယ်မြေ ရဲစခန်း (ပ)၁၅၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ-၃၇၆ ဖြင့် သြဂုတ် ၁၂ ရက်တွင် အမှုဖွင့်သဖြင့် တရားခံကို ဖမ်းဆီး၍ ချုပ်မိန့်ရမန်ကိုလည်း တောင်းခံထားပြီးဖြစ်ကြောင်း၊ လက်ရှိတွင် တောင်ကြီးမြို့နယ်တရားရုံးသို့ တရားစွဲတင်နိုင်ရေးအတွက် ဆောင်ရွက်နေကြောင်း စခန်းမှူးက ပြောကြားသည်။

အဆိုပါ ကျူးလွန်သူသည် ချမ်းမြသာစည်ရပ်ကွက်တွင် NLD ပါတီဝင်ဟု ပြောဆိုနေကြခြင်းကို မဟုတ်မှန်ကြောင်း၊ ချမ်းမြသာစည်ရပ်ကွက်တွင် ပါတီဝင်အင်အား ခုနစ်ဦးသာရှိပြီး၊ ရပ်ကွက်ဥက္ကဋ္ဌ ဖြစ်သူမှာလည်း ကျန်းမာရေး မကောင်းတော့သဖြင့် ပါတီဖွဲ့စည်းပုံ ရွေးချယ်ခြင်းပြုလုပ်ရန် မကြာခင် စီစဉ်နေခြင်းဖြစ်ကြောင်း၊ အဆိုပါ ဇော်ဝင်းမောင်သည် ပါတီဝင်ထားခြင်းမရှိဘဲ၊ သက်သက်မဲ့ အပုပ်ချခြင်းသာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ချမ်းမြသာစည်ရပ်ကွက် အတွင်းရေးမှူး ဦးသန်းကျော်က ဆိုသည်။

Most Read

Most Recent