ပြီးခဲ့သည့်နှစ်က တောင်ပြုန်းပွဲတော် ကျင်းပခွင့်မရသည့်အတွက် ယခုနှစ်တွင် ပွဲတော်ရက်မတိုင်ခင်ရက်များမှစ၍ ပန်းဆက်သူ၊ ကန်တော့ပွဲ လာရောက်ပူဇော်သူ များပြား

ပြီးခဲ့သည့်နှစ်က တောင်ပြုန်းပွဲတော် ကျင်းပခွင့်မရသည့်အတွက် ယခုနှစ်တွင် ပွဲတော်ရက်မတိုင်ခင်ရက်များမှစ၍ ပန်းဆက်သူ၊ ကန်တော့ပွဲ လာရောက်ပူဇော်သူ များပြား
Published 16 August 2018

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က တောင်ပြုန်းပွဲတော် ကျင်းပချိန်တွင် ပြည်တွင်၌ ကူးစက်မြန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုကြောင့် ပွဲတော်ကျင်းပခွင့်အား တိုင်းဒေသကြီးအစိုးရအဖွဲ့က ပိတ်ခဲ့သည့်အတွက် ကျင်းပခွင့်မရခဲ့သောကြောင့် ယခုနှစ်တွင် ပွဲတော်ရက်မတိုင် မီမှစတင်ကာ နန်းအရောက် ပန်းဆက်သူ၊ ကန်တော့ပွဲဆက်သူများ ပိုမိုများပြားလျက်ရှိကြောင်း သိရသည်။

နှစ်စဉ်တောင်ပြုန်းပွဲတော်ကို ဝါခေါင်လဆန်း ရှစ်ရက်မှ ၁၅ ရက်အထိ ကျင်းပလေ့ရှိရာ ပွဲတော်ရက်မှာ လာမည့် သြဂုတ် ၁၉ ရက်မှ ၂၆ ရက်အထိ ကျင်းပမည်ဖြစ်သော်လည်း လက်ရှိတွင် ယခင်နှစ်ပိတ်ခဲ့ရသည့် အခြေအနေများကြောင့် အကြိုလာရောက် ပန်းဆက်သူများမှာ ပြီးခဲ့သည့် ဒုတိယဝါဆို လပြည့်ကျော်မှ စတင်ကာ လာရောက်ဆက်သမှုများ ပြုလုပ်နေကြောင်း နန်းကြီးဝန်းကျင်ရှိ ကန်တော့ပွဲနှင့် ပန်းရောင်းသူများထံမှ သိရသည်။

“ပွဲတော်ရက်က မစသေးပေမယ့် အခုက အကြို လာရောက်တဲ့သူက အရင်ထက်များတယ်။ အရင်နှစ်တွေကလည်း အကြိုပန်းဆက်သူတွေရှိပေမဲ့ ဒီလောက်တော့ မစည်ဘူး။ မနှစ်က အခြေအနေအရက ပွဲစကျင်းပမယ့်ရက်မှာ ပိတ်ရတာဖြစ်တဲ့အတွက် နှစ်စဉ် အကြိုလာရောက်ဆက်တဲ့သူတွေပဲ ဆက်ခွင့်ရခဲ့ကြတော့ အခုနှစ်မှာ ပွဲမတိုင်ခင်ရောက်တဲ့သူက များလာတယ်။ အရင်ဆို ဝါခေါင်လဆန်း ငါးရက်လောက်ကနေ စစည်ပေမဲ့ အခုက ဒုတိယဝါဆိုလပြည့်ကျော် ကတည်းက စစည်နေပြီ” ဟု နန်းတောင်ဘက်တွင် ဆက်ပန်းရောင်းချသူတစ်ဦးက ပြောသည်။

လက်ရှိတွင် တောင်ပြုန်းပွဲတော်ရက် မဟုတ်သေးသော်လည်း အနီးဝန်းကျင်မြို့များမှ ပန်းဆက်သူများ၊ ပွဲလာသူများဖြင့် စည်ကားလျက်ရှိပြီး ပွဲတော်တွင်လာရောက် ရောင်းချသည့် အမှတ်တရပစ္စည်းသည်များနှင့် အညာရိုးရာ မုန့်သည်များလည်း စုံလင်နေပြီဖြစ်ကာ ယခင်ပွဲမတိုင်မီရက်များထက် ပိုမိုစည်ကား ရောင်းချရကြောင်း သိရသည်။

နှစ်စဉ် အလေ့အထအရ ပွဲတော်မတိုင်ခင်ရက်များတွင် မန္တလေးနှင့်အနီးဝန်းကျင်မြို့များမှ လာရောက်ပန်းဆက်လေ့ရှိပြီး ဝါခေါင်လဆန်းငါးရက်နေ့မှ စတင်ကာ လာရောက်သူ များပြားကြောင်း၊ ထို့နောက် ပွဲတော်စတင်ကျင်းပသည့် လဆန်းရှစ်ရက်တွင် လာရောက်သူများပြားကာ လာရောက်သူ အများဆုံးမှာ မင်းနှစ်ပါး ချိုးရေတော်သုံးပွဲ ကျင်းပသည့်ရက်ဖြစ်ပြီး ယင်းရက်တွင် မြန်မာနိုင်ငံအရပ်ရပ်မှ လာရောက်သူများနှင့် ဆိုင်ရာအဆက်အလိုက် လာရောက်သူများရှိကာ ယင်းနေ့တစ်ရက်ထည်းအတွင်း လူဦးရေ သိန်းချီလာရောက်ကြောင်း သိရသည်။

ယခုနှစ်တောင်ပြုန်းပွဲတော်ကို ယခင်နှစ်များအတိုင်း စည်ကားမှုရှိရန်နှင့် ပြီးခဲ့သည့်နှစ် ပွဲရပ်နားခဲ့သည့်အတွက် ဈေးသည်များ အဆင်ပြေစေရန် ဂေါပကအဖွဲ့မှ ကြပ်မတ်ဆောင်ရွက်ပေးခြင်းများ လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent