ဟုမ္မလင်းမြို့နယ်ရှိ မင်းယားကုန်းကျေးရွာ မူလတန်းကျောင်း ဟောင်းနွမ်းပျက်စီးနေသော်လည်း ဆက်လက် အသုံးပြုနေရပြီး ကျောင်းသားကျောင်းသူများ ထိခိုက်ဒဏ်ရာရမည်ကို စိုးရိမ်နေရ

ဟုမ္မလင်းမြို့နယ်ရှိ မင်းယားကုန်းကျေးရွာ မူလတန်းကျောင်း ဟောင်းနွမ်းပျက်စီးနေသော်လည်း ဆက်လက် အသုံးပြုနေရပြီး ကျောင်းသားကျောင်းသူများ ထိခိုက်ဒဏ်ရာရမည်ကို စိုးရိမ်နေရ
Published 16 August 2018

မင်းယားကုန်းကျေးရွာ အခြေခံပညာ မူလတန်းကျောင်းအား တွေ့ရစဉ်

ဟုမ္မလင်းမြို့နယ် ပုရစ်ဖာနိုင်းအုပ်စုရှိ မင်းယားကုန်းကျေးရွာ မူလတန်းကျောင်း ဟောင်းနွမ်းပျက်စီးနေသော်လည်း ဆက်လက် အသုံးပြုနေရပြီး ကျောင်းသားကျောင်းသူများ ထိခိုက်ဒဏ်ရာရမည်ကို စိုးရိမ်နေရကြောင်း သိရသည်။

မင်းယားကုန်းကျေးရွာ အခြေခံပညာ မူလတန်းကျောင်းတွင် ကျောင်းသားဦးရေ ၆၀ ကျော်ခန့် တက်ရောက်နေပြီး ကျောင်းဆောင် တစ်ဆောင်တည်းရှိကာ အမိုးအကာအရံများ ပျက်စီးနေကြောင်း မင်းယားကုန်းကျေးရွာ အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းအကျိုးတော်ဆောင် ကော်မတီဝင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

"KG အတွက် အဆောင်အသေးလေး တစ်ဆောင်တော့ ရှိတယ်။ ကျန်တဲ့ အတန်းတွေကတော့ အခုအဆောင်မှာပဲ အကုန်ပေါင်းပြီး သင်နေရတာပေါ့။ ဒီကျောင်းဆောင်က နဂိုက ဇရပ်။ ဇရပ်ကိုမှ ဘုန်းကြီးကနေ ဦးစီးပြီးတော့ အငှားနဲ့ စာသင်တယ်ပေါ့နော်။ ပြီးတော့ တွဲဘက်ကျောင်းကနေ မူလတန်းကျောင်း ဖြစ်လာတာပေါ့။ တဖြည်းဖြည်းနဲ့ ကျောင်းသားဦးရေ များလာတော့ ကျောင်းဆောင်ကို နှစ်ခါပြန်ပြင်ပြီး ချဲ့ထားတာပေါ့။ သွပ်တွေကလည်း အပေါက်တွေနဲ့ ဆိုတော့ အခုလို မိုးရာသီဆိုရင် အဆင်မပြေဘူး။ မိုးယိုတာပေါ့။ ကျောင်းဆောင်က ကျဉ်း၊ ကျောင်းသားက များပြီး မိုးရွာရင် ပြောင်းရွှေ့ပြီး စာသင်ရတော့ ဆရာတွေရော ကလေးတွေရော ခက်ခဲတယ်။ မိုးမိတယ်။ လေပါရင် မိုးပက်တာလည်း ရှိတယ်။ ကျောင်းဆောင်က လူတစ်ရပ်ကျော်မြင့်ပြီး ဘေးတွေမှာလည်း အကာတွေ မရှိတော့ ကလေးတွေအတွက် ပြုတ်ကျမှာတို့ စိုးရိမ်ရ အန္တရာယ်များတာပေါ့။ အရင်နှစ်ကဆိုရင် ကလေးတစ်ယောက် လှေခါးကနေ ဆင်းနေတုန်း လှေခါးကျိုးကျပြီး ပြုတ်ကျဖူးတယ်။ အခုလည်း တချို့ကြမ်းခင်းနေရာတွေက ဆွေးနေတော့ ကိုယ့်ဘာသာကိုယ်ရော ရွာထဲက တတ်နိုင်တဲ့လူဆီက ပျဉ်လေးအလှူခံ ရွာက လက်သမားခေါ်ပြီး ဖာထေးထားရတယ်" ဟု မင်းယားကုန်းကျေးရွာ မူလတန်းကျောင်း အကျိုးတော်ဆောင် ကော်မတီဝင်တစ်ဦးမှ ပြောကြားသည်။

မင်းယားကုန်းကျေးရွာ အခြေခံပညာ မူလတန်းကျောင်းအား တွေ့ရစဉ်

မင်းယားကုန်းကျေးရွာ အခြေခံပညာ မူလတန်းကျောင်းတွင် ကျောင်းတွင်း ပရိဘောဂများလည်း လုံလောက်မှု မရှိသည့်အပြင် ရွာသားများမှလည်း ထောက်ပံ့နိုင်ခြင်း မရှိကြောင်း သိရသည်။

"ကျောင်းသား စာသင်ခုံနဲ့ ဆရာစားပွဲတွေလည်း အပြည့်အစုံမရှိဘူး။ စာသင်ခုံတွေဆိုရင် အဟောင်းတွေကိုပဲ ပြင်ပြီး သုံးနေရတာ ရွာက အိမ်ခြေ ၅၀ ကျော်ရုံလောက်ပဲရှိပြီး ရွာသားတွေကလည်း တစ်နေ့လုပ် တစ်နေ့စားပဲ များတယ်။ ဒါကြောင့်ကျောင်းကို ပြင်ဆောက်ဖို့ရော အသစ်ဆောက်ဖို့ရော မတတ်နိုင်ကြဘူး။ ကျောင်းဆောင်သစ် ဆောက်လုပ်ပေးဖို့ မနှစ်ကတည်းက တင်ထားပါတယ်၊ ဒီလ ၇ လပိုင်းမှာ ကျမယ်လို့ ကြားပေမယ့် မကျလာဘူး၊ ၃ လပိုင်းလောက်မှ ကျမယ်လို့ ပြန်ကြားတယ်" ဟု ကျောင်းအကျိုးတော်ဆောင် ကော်မတီဝင်မှ ဆက်လက် ပြောကြားသည်။

မင်းယားကုန်းကျေးရွာ အခြေခံပညာ မူလတန်းကျောင်းအား တွေ့ရစဉ်

ဟုမ္မလင်းမြို့နယ်အတွင်း အခြေခံပညာ မူလတန်းကျောင်းပေါင်း ၃၀၀ ကျော်ခန့်ရှိပြီး ပြုပြင်ဆောက်လုပ်ပေးရန် လိုအပ်နေသည့်ကျောင်းများ များစွာရှိနေကြောင်း ဟုမ္မလင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးညွန့်၏ ပြောကြားချက်အရ သိရသည်။

မင်းယားကုန်းကျေးရွာ အခြေခံပညာ မူလတန်းကျောင်းအား တွေ့ရစဉ်

"ဟုမ္မလင်းမြို့နယ်အတွင်းမှာ ကျောင်းပေါင်း ၃၀၀ ကျော်ရှိတယ်။ ပြုပြင်ဆောက်လုပ်ပေးဖို့ လိုနေတဲ့ကျောင်းတွေ အများကြီး။ ဒီလိုကျောင်းတွေကို ပြုပြင်ပေးဖို့ အသစ်ဆောက်လုပ်ပေးဖို့ နှစ်တိုင်းတော့ ၂၀ ကျော်လောက် လျှောက်ပေးနေတာ။ မနှစ်ကတော့ အများဆုံးပဲ။ မနှစ်ကဆိုရင် ဟုမ္မလင်းမြို့နယ်အတွင်း ကျောင်းပေါင်း ၂၀ ကျော် ၃၀ လောက် ပါတယ်။ ကျောင်းက များတော့ အစိုးရဘက်ကလည်း တခါတည်းနဲ့ အပြီးတော့ မချပေးနိုင်ဘူးပေါ့။ တစ်နှစ်ချင်း တစ်နှစ်ချင်း ချပေးနေတယ်။ ကျန်တဲ့ကျောင်းတွေလည်း ဆက်လျှောက်ပေးထားတယ် ကျလာမှာပါ" ဟု ဦးမျိုးညွန့်မှ ပြောကြားသည်။

Most Read

Most Recent