လီဗာပူးလ်နည်းပြ ကလော့ပ်မှာ ဗိုလ်လုပွဲအရှုံးနှင့်ယဉ်ပါးသူဖြစ်ကြောင်း ရာမို့စ် ဝေဖန်ပြောကြား

လီဗာပူးလ်နည်းပြ ကလော့ပ်မှာ ဗိုလ်လုပွဲအရှုံးနှင့်ယဉ်ပါးသူဖြစ်ကြောင်း ရာမို့စ် ဝေဖန်ပြောကြား
Published 15 August 2018

ရီးယဲလ်မက်ဒရစ်အသင်းခေါင်းဆောင် ရာမို့စ်က လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်မှာ ဗိုလ်လုပွဲအရှုံးနှင့်ယှဉ်ပါးသူဖြစ်ပြီးမိမိတို့အသင်း အားပထမဆုံးရှုံးနိမ့်ခဲ့ခြင်းမဟုတ်ကြောင်း ဝေဖန်ပြောကြားခဲ့သည်။အသက်(၃၂)နှစ်ရှိ စပိန်လက်ရွေးစင်အသင်းခေါင်းဆောင် ရာမို့စ်သည် ပြီးခဲ့သည့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် လီဗာပူးလ်အသင်းတောင်ပံတိုက်စစ်ကစားသမား ဆာလာကို ပခုံးဒဏ်ရာရရှိစေခဲ့သူဖြစ်ပြီး ယင်းပွဲမှဖြစ်ရပ်အတွက် ကလော့ပ်၏ ပြင်းပြင်းထန်ထန်ဝေဖန်ပြစ်တင်ခြင်းကိုခံခဲ့ရသူသည်။သို့ရာတွင် ရာမို့စ်က မိမိမှာ ပြိုင်ဘက်ကစားသမားအား ထိခိုက်စေလိုသည့်ရည်ရွယ်ချက် မရှိဘဲ ကလော့ပ်၏ဗိုလ်လုပွဲရလဒ်များကသာ ယင်းရှုံးပွဲကိုသက်ရောက်စေခဲ့ကြောင်း အက်သလက်တီကိုအသင်းနှင့်ကစားမည့် ဥရောပစူပါဖလားပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

Photo: Getty Images

ရာမို့စ်က '' အဲဒီပွဲဟာ သူ့အတွက် ပထမဆုံးရှုံးပွဲမဟုတ်ပါဘူး။ သူ့အနေနဲ့ ဒီရှုံးပွဲအတွက် တောင်းပန်စကား ပြောချင်တာမျိုးတော့ ရှိကောင်းရှိပါလိမ့်မယ်။ ကျွန်တော်တု့ိအသင်းက ကစားသမားအများစုဟာ ပြီးခဲ့တဲ့နှစ်တွေမှာ ထိပ်တန်းအဆင့်အောင်မြင်မှုတွေကို ရယူနိုင်ခဲ့ကြပါတယ်။ သူ့အနေနဲ့ ကျွန်တော်တို့လို စွမ်းဆောင်နိုင်ခဲ့တယ်လို့ ပြောနိုင်ဖို့ မသေချာပါဘူး။ အဲဒီပွဲက ဖြစ်ရပ်အပေါ် ဝေဖန်သုံးသပ်မှုတွေအမျိုးမျိုးရှိပေမယ့် သူ့အသင်းက ကစားသမားအပေါ် စိုးရိမ်ပူပန်ခွင့် သူ့မှာရှိပါတယ်။ သူ့ရဲ့ဝေဖန်မှုတွေကိုတိတ်ဆိတ်ဖို့ တစ်နှစ်တာအကောင်းဆုံးနည်းပြဆုအတွက် ကျွန်တော် သူ့ကို မဲပေးခဲ့ပါတယ်'' ဟုပြောကြားခဲ့သည်။

Photo: Getty Images

လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်သည် ပြီးခဲ့သည့်ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ရီးယဲလ်အား ရှုံးနိမ့်ခဲ့ခြင်းမှာ နည်းပြသက်တမ်းတစ်လျှောက် (၆)ကြိမ်မြောက် ဗိုလ်လုပွဲရှုံးပွဲဖြစ်လာခဲ့ပြီး ဒေါ့မွန်အသင်းကို ကိုင်တွယ်စဉ်ပထမဆုံးကစားရသည့် ဂျာမန်ပိုကယ်ဖလားဗိုလ်လုပွဲ (၁)ကြိမ်သာ အနိုင်ရခဲ့ဖူးသည်။ ယင်းနောက် ဒေါ့မွန်နည်းပြအဖြစ် ကိုင်တွယ်ခဲ့သည့် ၂၀၁၂ ခုနှစ်ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ဘိုင်ယန်မြူးနစ်ကို လည်းကောင်း၊ လီဗာပူးလ်နည်းပြအဖြစ် ကိုင်တွယ်ခဲ့သည့် ၂၀၁၆ ခုနှစ်ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် ဆီဗီလာကိုလည်းကောင်း၊ ပြီးခဲ့သည့်ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ရီးယဲလ်မက်ဒရစ်ကိုလည်းကောင်း အသီးသီးရှုံးနိမ့်ခဲ့ခြင်းအပါအဝင် နည်းပြဘဝတွင် ဗိုလ်လုပွဲရှုံးပွဲ (၆)ပွဲအထိရှိလာခဲ့ပြီဖြစ်သည်။

Photo: Getty Images

ရီးယဲလ်မက်ဒရစ်အသင်းသည် ယနေ့ညတွင် ဥရောပစူပါဖလားဗိုလ်လုပွဲအဖြစ် ပြီးခဲ့သည့်ရာသီ ယူရိုပါလိဂ်ချန်ပီယံ အက်သလက်တီကိုအသင်းနှင့် အက်စ်တိုးနီးယားနိုင်ငံ၊ တယ်လင်မြို့ရှိ A.Le Coq Arena ကွင်း၌ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent