ဆီဗီလာကွင်းလယ်လူ အန်ဇွန်ဇီအား ရိုးမားအသင်း ခေါ်ယူ

ဆီဗီလာကွင်းလယ်လူ အန်ဇွန်ဇီအား ရိုးမားအသင်း ခေါ်ယူ
Published 15 August 2018

Photo: AS Roma Twitter

ရိုးမားအသင်းသည် ဆီဗီလာအသင်းမှ ပြင်သစ်ကွင်းလယ်လူ အန်ဇွန်ဇီအား (၄)နှစ်စာချုပ်ဖြင့် ခေါ်ယူခဲ့ကြောင်း တရားဝင်ထုတ်ပြန်ခဲ့သည်။

ရိုးမားအသင်းသည် အသက် (၂၉)နှစ်အရွယ်ရှိ အန်ဇွန်ဇီ၏ ပြောင်းရွှေ့ကြေးကို တရားဝင်ထုတ်ပြန်ခဲ့ခြင်းမရှိသော်လည်း ပေါင်(၂၈.၅)သန်း ဝန်းကျင်ရှိသည်ဟု မီဒီယာများက ဖော်ပြခဲ့သည်။

အန်ဇွန်ဇီသည် ရိုးမားအသင်းတွင် ကျောနံပါတ် (၄၂)ကို ဝတ်ဆင်မည်ဖြစ်ပြီး တစ်ပတ်လစာ ပေါင်(၆၀၀၀၀) ရရှိမည်ဖြစ်ကြောင်း သိရသည်။

အန်ဇွန်ဇီက "ကျွန်တော့်ကို ကြိုဆိုခဲ့ကြတဲ့ ရိုးမားပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ ရိုးမားအသင်းရဲ့ ကစားသမားဖြစ်ခွင့်ရတဲ့အတွက် ကျွန်တော် အရမ်းပျော်နေပါတယ်။ ကျွန်တော့်အနေနဲ့ အကောင်းဆုံးကြိုးစားပြီး အသင်းကို ကူညီပေးသွားမှာပါ"ဟု ပြောကြားခဲ့သည်။

ရိုးမားအသင်း၏ အားကစားဒါရိုက်တာဖြစ်သူ မွန်ချီကလည်း "စတီဗင်(အန်ဇွန်ဇီ)ဟာ ခန္ဓာကိုယ်ကြံ့ခိုင်မှုရော နည်းစနစ်ပိုင်းပါ ကောင်းတဲ့ ကစားသမားဖြစ်ပါတယ်။ ဒါကြောင့်လည်း သူ့ကို ခေါ်ယူခဲ့တာပါ။ အန်ဇွန်ဇီ ရောက်ရှိလာတာကြောင့် အသင်းရဲ့ ကွင်းလယ်ဟာ ပိုကောင်းလာပြီး ပြိုင်ဆိုင်မှု ပိုရှိလာမယ်လို့ ထင်ပါတယ်"ဟု ပြောကြားခဲ့သည်။

Photo: AS Roma Twitter

အန်ဇွန်ဇီသည် ပရိုကစားသမားဘဝကို ပြင်သစ်ကလပ် အာမီယန်စ်အသင်းတွင် စတင်ခဲ့သူဖြစ်ပြီး အင်္ဂလန်ကလပ်များဖြစ်သည့် ဘလက်ဘန်းနှင့် စတုတ်စီးတီးအသင်းတို့တွင်လည်း ကစားခဲ့သူ ဖြစ်သည်။ ၎င်းသည် ၂၀၁၅ ခုနှစ်တွင် ဆီဗီလာအသင်းသို့ စတုတ်စီးတီးအသင်းမှ ပေါင်(၇)သန်းဝန်းကျင်ဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ခြေစွမ်းပြကစားနိုင်ခဲ့သဖြင့် ဥရောပထိပ်တန်းအသင်းများ၏ စိတ်ဝင်စားခြင်းကို ခံခဲ့ရသူ ဖြစ်သည်။

အန်ဇွန်ဇီသည် ဆီဗီလာအသင်းတွင် (၃)ရာသီတာကာလအတွင်း ပြိုင်ပွဲစုံ (၁၃၆)ပွဲတွင် (၈)ဂိုးသွင်းယူခဲ့ပြီး အသင်းနှင့်အတူ ၂၀၁၅-၁၆ ရာသီတွင် ယူရိုပါလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့သည်။

အန်ဇွန်ဇီသည် ပြင်သစ်လက်ရွေးစင်အသင်းအတွက်လည်း (၉)ပွဲပါဝင်ကစားပေးထားပြီး ၂၀၁၈ ကမ္ဘာ့ဖလားရ အသင်းတွင် ပါဝင်ခွင့်ရခဲ့သူလည်း ဖြစ်သည်။

Most Read

Most Recent