ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်တွင် ဖြစ်ပွားသော သေနတ်နှင့်ပစ်ခတ်မှုအား ပြည်နယ်ရဲတပ်ဖွဲ့မှ စုံခုံဖွဲ့စစ်ဆေးမည်

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်တွင် ဖြစ်ပွားသော သေနတ်နှင့်ပစ်ခတ်မှုအား ပြည်နယ်ရဲတပ်ဖွဲ့မှ စုံခုံဖွဲ့စစ်ဆေးမည်
Published 15 August 2018

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင် နမ့်စန်မြို့တွင် သြဂုတ် ၁၁ ရက် ညနေ ၆ နာရီခန့်က ဖြစ်ပွားခဲ့သော ရဲတပ်ဖွဲ့မှ မူး ယစ်ဆေးပြား ဖမ်းဆီးစဉ် သေနတ်လုသဖြင့် မှားယွင်းပစ်ခတ်မိလိုက်သောကြောင့် ပြည်သူတစ်ဦး သေဆုံးသွားသည့် အမှုတွဲကို ရှမ်း ပြည်နယ် ရဲတပ်ဖွဲ့ဦးစီး၍ စုံခုံဖွဲ့စစ်ဆေးသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ထံမှ သြဂုတ်လ ၁၄ ရက်တွင် သတင်းရရှိသည်။

ဖြစ်စဉ်မှာ နမ့်စန်မြို့တွင် သြဂုတ်လ ၁၁ ရက် ညနေပိုင်း ၆ နာရီခန့်တွင် မူးယစ်ဆေးပြား အပြား ၂၀၀ နှင့်အတူ ကျူးလွန်သူဟု ယူဆရသူ ညိုမြထွေး  ၃၂ နှစ် အမှတ်(၃) မက်မွန်မုန်းကျေးရွာ နေထိုင်သူကို သေဆုံးရသော အကြောင်းရင်းသိရှိစေရန် သေမှု သေခင်း ၁၆/၂၀၁၈ အရ ရေးဖွင့်ပြီး စခန်းမှူးမှ စစ်ဆေးနေကြောင်း၊ အစီရင်ခံစာလည်း တင်ထားပြီးဖြစ်ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး စန်းဝင်းက ပြောကြားသည်။

“အမှတ်စဉ် ၁၆ /၂၀၁၈ ပေါ့။ ပုဒ်မ မလိုဘူး။ ဘာကြောင့် သေလဲဆိုတာစစ်ဆေးမယ်။ စစ်ဆေးပေါ်ပေါက်ချက်ပေါ်မူတည်ပြီး တရားသူကြီး ဆုံးဖြတ်မယ်။ အဲဒီခါကျ ပြန်စစ်မယ်။ ရဲတပ်ဖွဲ့ကနေလည်း သေနတ်ပစ်ခတ်မှုဖြစ်တဲ့အတွက်ကြောင့် ပြည်နယ်စုံခုံ စစ်မယ်။ ဒါကတော့ ရဲလုပ်ငန်း၊ ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့ အညီစစ်မယ်” ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီးစန်းဝင်းက ပြောကြားသည်။

ထိုသို့ စုံခုံဖွဲ့စစ်ဆေးခြင်းကို ပြည်နယ်ညွှန်ကြားချက်အရ ခရိုင်အစီအစဉ်ဖြင့် စုံခုံဖွဲ့ စစ်ဆေးခြင်းဖြစ်ပြီး၊ အဆိုပါ ဖြစ်စဉ်ကို အထက်ဌာနချုပ်သို့ အဆင့်ဆင့် တင်ပြရသဖြင့် ဖုံးကွယ်၍ မရပါကြောင်း၊ အမှုဖြစ်စဉ်ရေးဖွင့်ခြင်း၊ ရဲလုပ်ထုံးလုပ်နည်း စုံခုံဖွဲ့ စစ်ဆေးခြင်းနှင့် တရားသူကြီးထံ တင်ပြမည့် ရဲမှတ်တမ်းများကိုလည်း သုံးခုလုံးစုံအောင်  စီမံပြုလုပ်ထားကြောင်း ဒုရဲမှူးကြီးစန်းဝင်းက ပြောသည်။

ထိုဖြစ်စဉ်မှာ မူးယစ်ဆေးဝါး ဖမ်းဆီးနေစဉ် သေဆုံးသူသည် ရဲထံမှ သေနတ်ကို လုယူသဖြင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခြင်းကြောင့် သေနတ်နှင့် ပစ်ခတ်လိုက်ခြင်းဟု ရဲတပ်ဖွဲ့က ပြောကြားထားခြင်းမှာ မြေပြင်အခြေအနေနှင့် လွဲမှားမှုရှိနေကြောင်း အခင်းဖြစ်ပွားစဉ် အစစ်ဆေးခံနေသော မျက် မြင်သက်သေတစ်ဦးက ပြောသည်။

“ရဲက ပစ်လိုက်တာဗျ။ ရုန်းရင်းဆန်ခတ်ဖြစ်တာ မဟုတ်ဘူးဗျ ။ ဒီမှာ ဆိုင်ကယ်ပေါ်က ထွက်လာချိန် ကျွန်တော်က ဟိုးအပေါ်မှာ၊ စစ်ဆေးနေချိန် ဒီကနေ လှမ်းပစ်တာပဲ။ ပစ်လိုက်တာနဲ့ ဆိုင်ကယ်ရော လူပါလဲသွားတယ်။ ပစ်တာတော့ တစ်ချက်ပဲ ပစ်တယ်။ သေလား မသေလားလဲ မသိရဘူး နည်းနည်းဝေးနေတယ်။ ကျွန်တော်လည်း အနားမှာ ရှိတယ်။ ကျွန်တော့်ကို အရင်ဆုံး စစ်တာပဲ။ သူက ထွက်မပြေးဘူးဗျ။ မိုးကလည်းရွာတော့ ဆိုင်ကယ်ကိုလည်း တဖြည်းဖြည်းပဲ မောင်းလာတယ်။ ဒီနားလောက်ကနေ လှမ်းပစ်လိုက်တယ်” ဟု ယင်းဖြစ်စဉ်ကို တွေ့ရှိသူ မျက်မြင်သက်သေတစ်ဦးက ပြောကြားသည်။

ထိုကိစ္စကို အဖြစ်မှန်အတိုင်း ပေါ်ပေါက်စေလိုကြောင်း၊ သေနတ်ပစ်ခတ်၍ သေဆုံးရာနေရာနှင့် အလောင်းထားရှိရာ နေရာမှာလည်း လွဲမှားမှုရှိပြီး အလောင်းကို မီးမရှို့စေဘဲ မြေမြှုပ်ပေးရန်သာ တောင်းဆိုခဲ့ကြောင်း သေဆုံးသူ၏ ဇနီးသည်ဖြစ်သူက ပြောကြားသည်။

 

Most Read

Most Recent