ဗီလာရီးယဲလ်ကွင်းလယ်လူ ချီရီရှက်ဗ်အား ဗလင်စီယာအသင်း (၁)ရာသီအငှားဖြင့် ခေါ်ယူ

ဗီလာရီးယဲလ်ကွင်းလယ်လူ ချီရီရှက်ဗ်အား ဗလင်စီယာအသင်း (၁)ရာသီအငှားဖြင့် ခေါ်ယူ
Published 15 August 2018

Photo: Marca

ဗလင်စီယာအသင်းသည် ဗီလာရီးယဲလ်အသင်းမှ ရုရှားကွင်းလယ်လူ ချီရီရှက်ဗ်အား (၁)ရာသီအငှားဖြင့် ခေါ်ယူခဲ့ကြောင်း သိရသည်။

ဗလင်စီယာအသင်းသည် အသက် (၂၇)နှစ်အရွယ်ရှိ ချီရီရှက်ဗ်ကို အငှားဖြင့် ခေါ်ယူရန်ရာတွင် အပြီးသတ်ခေါ်ယူခွင့် ရှိ၊ မရှိဆိုသည့် အချက်ကိုမူ ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

ချီရီရှက်ဗ်သည် ပြီးခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အိမ်ရှင်ရုရှားအသင်းအတွက် ခြေစွမ်းပြကာ (၄)ဂိုးအထိ သွင်းယူပေးပြီး၊ အသင်းကို ကွာတားဖိုင်နယ်အထိ ပို့ဆောင်ပေးနိုင်ခဲ့သူ ဖြစ်သည်။

ဗလင်စီယာအသင်း၏ ထုတ်ပြန်ချက်တွင် "ချီရီရှက်ဗ်အား တစ်ရာသီအငှားစာချုပ်ဖြင့် ခေါ်ယူရန် ဗီးလာရီးယဲလ်အသင်းနှင့် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း"ပါရှိသည်။

ချီရီရှက်ဗ်သည် ရီးယဲလ်မက်ဒရစ်အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး၊ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်က ဗလင်စီယာအသင်းတွင် အငှားစာချုပ်ဖြင့် လာကစားဖူးသူ ဖြစ်သည်။ ၎င်းသည် ယင်းနှစ်က ဗလင်စီယာအသင်းအတွက် ပြိုင်ပွဲစုံ (၈)ပွဲတွင် (၃)ဂိုးအထိ သွင်းယူပေးနိုင်ခဲ့သည်။

ရီးယဲလ်မက်ဒရစ်အသင်းနှင့် ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို စတင်ခဲ့သူ ချီရီရှက်ဗ်သည် စပိန်ကလပ်များဖြစ်သည့် ဆီဗီလာ၊ ဗီလာရီယဲလ်စသည့် အသင်းများတွင် ကစားဖူးသူလည်း ဖြစ်သည်။ ၎င်းသည် ပြီးခဲ့သည့်ရာသီက ဗီလာရီးယဲလ်အသင်းတွင် ပြိုင်ပွဲစုံ (၃၂)ပွဲကစားခဲ့ရာ (၃)ဂိုး သွင်းယူပေးနိုင်ခဲ့သည်။

ဗလင်စီယာအသင်းသည် ရာသီသစ်အတွက် ပြင်ဆင်မှုများ ပြုလုပ်နေပြီး ချီရီရှက်ဗ်အပြင် နာမည်ကြီးကစားသမားများဖြစ်သည့် ဂါမဲရိုး၊ ဘက်ရှူအာယီ၊ ကွန်ဒေါ့ဘီယာစသည့် ကစားသမားများကို
ခေါ်ယူထားကြောင်း သိရသည်။

Most Read

Most Recent