လယ်ယာမြေ၊ ဥယျာဉ်ခြံမြေများကို ကိုယ်ကျိုးရှာ ရောင်းစား၊ ငှားစားနေမှုများအား အဂတိတိုက်ဖျက်ရေးဥပဒေ၊ ဝန်ထမ်း ဥပဒေများဖြင့် မည်သူ့မျက်နှာမျှ မထောက်ဘဲ အရေးယူသင့်ဟုဆို

လယ်ယာမြေ၊ ဥယျာဉ်ခြံမြေများကို ကိုယ်ကျိုးရှာ ရောင်းစား၊ ငှားစားနေမှုများအား အဂတိတိုက်ဖျက်ရေးဥပဒေ၊ ဝန်ထမ်း ဥပဒေများဖြင့် မည်သူ့မျက်နှာမျှ မထောက်ဘဲ အရေးယူသင့်ဟုဆို
Published 15 August 2018

လယ်ယာမြေ ၊ ဥယျာဉ်ခြံမြေများကို ကိုယ်ကျိုးရှာ ရောင်းစား၊ ငှားစားနေမှုများအား ယင်းနှင့်သက်ဆိုင်သည့် စီမံခန့်ခွဲမှု ကော်မတီ၊ စည်ပင်သာယာရေးကော်မတီ၊ လယ်ယာမြေ စီမံခန့်ခွဲမှုကော်မတီ (ကော်သုံးကော်) ၏ တာဝန်မကျေ၊ လျော့ရဲမှုများနှင့် အဂတိမကင်းသည့်လုပ်ရပ်များသည် တရားဥပဒေစိုးမိုးမှု မရှိခြင်းကြောင့်ဖြစ်ပြီး ငြိစွန်းသည့်သူများအား အဂတိတိုက်ဖျက်ရေးဥပဒေ၊ ဝန်ထမ်းဥပဒေများဖြင့် မည်သူ့မျက်နှာမျှမထောက်ဘဲ အရေးယူသင့်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦးက ပြောကြားသည်။

နေပြည်တော်၌ သြဂုတ် ၁၄ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် မွန်ပြည်နယ်မဲဆန္ဒနယ် အမှတ် ၈ မှ ဦးမျိုးဝင်းက မြန်မာနိုင်ငံတွင် လယ်ယာဥယျာဉ်ခြံမြေများကို စည်းကမ်းမဲ့စွာ အကွက်ဖော်ရောင်းစားနေကြခြင်းတို့ကြောင့် စိုက်ပျိုးမြေများ အလျင်အမြန်လျော့နည်းလာခြင်း၊  မြို့ပေါ်နှင့်ကျေးရွာများတွင် နောင်တစ်ချိန်လိုအပ်ပါက အသုံးပြုနိုင်ရန် ချန်လှပ်ထားသော မြေလွတ်များပျောက်ဆုံး ကုန်ခြင်းစသည်တို့နှင့် အဓိကသက်ဆိုင်သော စီမံခန့်ခွဲမှုကော်မတီ၊ စည်ပင်သာယာ ရေးကော်မတီနှင့် လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီ အဆင့်ဆင့်(ကော်သုံးကော်)တို့၏ လျော့ရဲပြီး အဂတိတရားမကင်းသည့် လုပ်ဆောင်ချက်များကို ထိရောက်စွာ ထိန်းညှိပေးနိုင်မည့် အစီအမံတစ်ခုကို အလျင်အမြန် ရေးဆွဲပြဋ္ဌာန်း အကောင်အထည်ဖော်ပေးပါရန် အဆိုအား ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၂) မှ ဦးဌေးဦးက ဆွေးနွေးစဉ် ယင်းကဲ့သို့ပြောကြားခဲ့သည်။

“မလုပ်သင့်၊ မလုပ်ထိုက်တာ မလုပ်ဖို့ အတိအလင်း တားမြစ်ထားတဲ့အရာတွေကို လုပ်ဆောင်တာဟာ ရာဇဝတ်မှု ဖြစ်ပါတယ်။ တရားဥပဒေ မစိုးမိုးလို့ မကြောက်မရွံ့ လုပ်နေကြတာ ဖြစ်ပါတယ်။ တရားဥပဒေ စိုးမိုးမှုမရှိတာ ဖြစ်ချင်တိုင်း ဖြစ်နေတာဟာ နေရာတော်တော်များများနဲ့ ဌာနတော်တော်များများ ဖြစ်နေတာဖြစ်ပါတယ်။ အမှားကြာတော့ သူတို့ကိုယ်သူတို့ အမှန်လို့ထင်ပြီးတော့ မူလငါတို့ရဲ့လုပ်ပိုင်ခွင့်၊ ငါတို့ရဲ့ ရပိုင်ခွင့်ထင်ပြီးတော့ လုပ်စားနေတာဖြင့် ခေါက်ရိုးကျိုးနေတယ်လို့ စကားတောင်တွင်နေပြီ ဖြစ်ပါတယ်။ ဒီလိုနေရာတစ်ခုချင်း ဌာနတစ်ခုချင်း လိုက်ပြီးတော့ အခုလို အဆိုတွေတင်ပြီးတော့ ကျွန်တော်တို့ လုပ်နေရမယ်ဆိုရင် ဆန်စဉ်ရာ ကျည်ပွေ့လိုက်သလိုဖြစ်ပြီး လိုက်လို့ကို ဆုံးတော့မှာ မဟုတ်ပါဘူး။ ဒါတွေကို ပြင်နိုင်ဖို့ဆိုရင် တရားဥပဒေတွေ ရှင်သန်လာအောင် စိုးမိုးလာအောင် တရားဥပဒေတွေ လေးစားလိုက်နာလာအောင်လုပ်တဲ့ နည်းလမ်းရှိပါတယ်။ အဲဒါကတော့ မိမိတို့ လုပ်ဆောင်ခဲ့မှုအတွက် မိမိတို့တာဝန်ယူပြီးတော့ ငြိစွန်းတဲ့ ရာဇဝတ် ဥပဒေတွေ၊ အဂတိတိုက်ဖျက်ရေး ဥပဒေတွေ စည်းမျဉ်းစည်းကမ်းတွေနဲ့ ဝန်ထမ်းဥပဒေတွေနဲ့ ဘယ်သူမျက်နှာမှ မထောက်ဘဲ တိတိကျကျ တာဝန်ရှိသူတွေ အရေးယူရင် နောင်လာနောက်သားတွေအနေနဲ့ ဥပဒေရဲ့အင်အား ဥပဒေရဲ့စည်း နှောင်အားကို လက်တွေ့သိမြင်သိရှိ ကြောက်ရွံ့ လေးစားလာတာနဲ့အမျှ တရားဥပဒေစိုးမှု ပြန်လည်မြှင့်တင်လာမှာ ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတကြီးနဲ့ အတိုင်ပင်ခံလည်း ယခုလို တရားဥပဒေစိုးမိုးမှု မြှင့်တင်လာတာ တွေ့ရပါတယ်” ဟု ဦးဌေးဦးက ဆွေးနွေးခဲ့သည်။

ထို့ပြင် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၃) မှ ဒေါက်တာကျော်သန်းထွန်း(ကန်တုန်) က နိုင်ငံ၏ ရာခိုင်နှုန်း ၇၀ သော တောင်သူများသည် ယနေ့အချိန်တွင် မြေမဲ့ယာမဲ့အခြေအနေများကို ခံစားနေရကြောင်း၊ မြေမရှိသည့်ဘဝတွင် ရပ်တည်ကာ အခက်အခဲများနှင့် ရင်ဆိုင်နေကြရကြောင်း၊ ယင်းသို့ဖြစ်ရသည့် အကြောင်းအရင်းများထဲတွင် တစ်ချိန်က နှုတ်မိန့်ဖြင့် လယ်ယာမြေများကို သိမ်းဆည်းပြီး စီမံကိန်းဆောင်ရွက်ရန် သိမ်းယူခဲ့ခြင်းများသည်လည်း ပါဝင်ကြောင်း၊ ပြည်သူများ၏ လယ်ယာမြေများကို အလွယ်တကူသိမ်းယူခဲ့ကြကြောင်း၊ နှုတ်မိန့်ဖြင့် အလွယ်တကူသိမ်းယူပြီး စီမံကိန်းများ မအောင်မြင်သည့်အခါတွင် သိမ်းယူခံခဲ့ရသည့် မူလပိုင်ရှင်တောင်သူများထံ ပြန်လည်ရောက်ရှိခြင်းမရှိဘဲ မြေလွတ်မြေလပ် မြေရိုင်းများအမည်ခံပြီး ကုမ္ပဏီကြီးများကို လက်သင့်ရာချထားပေးခဲ့ကြောင်း၊ ပြင်ဦးလွင်ဒေသတွင် ယင်းကဲ့သို့ဖြစ်ရပ်များရှိခဲ့ပြီး နောက်ပိုင်းတွင် လူကြိုက်များသည့် အိမ်ခြံမြေကွက်များအဖြစ် ပြန်လည်ရောင်းစားမှုများရှိခဲ့ကြောင်း၊ ယင်းသို့ဖြစ်ရခြင်းကြောင့် နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအားကို ချည့်နဲ့ယိုင်နဲ့သွားစေပြီး ဆင်းရဲတွင်းထဲကျ ရောက်စေခြင်းသည် အစိုးရဝန်ထမ်းကြီး /ငယ်များ၏ အဂတိလိုက်စားမှုများနှင့် ပတ်သက်နေပြီး လွှတ်တော်ကိုယ်စားလှယ်များမှ ထောက်ပြသည့်အခါတွင် အုပ်ချုပ်ရေးကို ဝင်ရောက်စွက်ဖက်သည်ဟု ပြောဆိုကြကြောင်း၊ သဘောရိုးဖြင့် လုပ်ဆောင်ပါက အရေးယူခံရခြင်းမရှိစေရဟု ပြဋ္ဌာန်းထားချက်သည် ဥပဒေ၏ အားနည်းချက်ဖြစ်နေသည်ကို တွေ့ရှိရကြောင်း ဆွေးနွေးခဲ့သည်။

 

Most Read

Most Recent