ခရိုအေးရှားလက်ရွေးစင်အသင်းမှ တိုက်စစ်မှူး မန်ဇူကစ် အနားယူ

ခရိုအေးရှားလက်ရွေးစင်အသင်းမှ တိုက်စစ်မှူး မန်ဇူကစ် အနားယူ
Published 15 August 2018

Photo: Getty Images

ခရိုအေးရှားအသင်းတိုက်စစ်မှူး မန်ဇူကစ်သည် လက်ရွေးစင်အသင်းမှ အနားယူပြီဖြစ်ကြာင်း ထုတ်ပြန်ကြေညာခဲ့သည်။

မန်ဇူကစ်သည် ပြီးခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ခရိုအေးရှားအသင်းကို သမိုင်းတစ်လျှောက် ဒုတိယ(ငွေတံဆိပ်ဆု)ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး၊ ပြင်သစ်အသင်းအား (၄-၂)ဂိုးဖြင့် ရှုံးနိမ့်သည့်ပွဲစဉ်တွင် (၁)ဂိုးသွင်းယူပေးထားသူ ဖြစ်သည်။

အသက် (၃၂)နှစ်အရွယ်ရှိ မန်ဇူကစ်သည် လက်ရွေးစင်အသင်းမှ အနားယူကြောင်း ယနေ့(အင်္ဂါနေ့)က လူမှုကွန်ရက်တွင် ကြေညာခဲ့ခြင်း ဖြစ်သည်။

မန်ဇူကစ်က "ကမ္ဘာ့ဖလားမှာ ငွေတံဆိပ်ဆုရခဲ့တာက ကျွန်တော့်ကို ခွန်အားတွေ ဖြစ်စေပါတယ်။ ဒါပေမဲ့ အဲဒါကပဲ ကျွန်တော့်ရဲ့  ခက်ခဲတဲ့ဆုံးဖြတ်ချက်ကို ပိုမိုလွယ်ကူစေခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ခဲ့တယ်။ သမိုင်းဝင်အောင်မြင်မှုကို ရရှိခဲ့တယ်။ ပရိသတ်တွေရဲ့ မယုံနိုင်လောက်တဲ့ အားပေးမှုကိုလည်း ရရှိခဲ့တယ်။ ဇာဂရက်မြို့နဲ့ ခရိုအေးရှားနိုင်ငံတစ်ဝန်းမှာ ကြိုဆိုခံခဲ့ရတာတွေက ကျွန်တော့်ဘဝမှာ အရေးပါဆုံးအမှတ်ရစရာတွေအဖြစ် ရှိနေမှာပါ။ ကမ္ဘာ့ဖလားမှာ ကျွန်တော်တို့အသင်း ဒုတိယရခဲ့တာကို ကျွန်တော် အလွန်ဂုဏ်ယူပါတယ်။ လက်ရွေးစင်အသင်းက အနားယူဖို့ အချိန်ကောင်းတော့ မဟုတ်သေးပါဘူး။ ဒါပေမဲ့ အခုအချိန်ဟာ ကျွန်တော့်အတွက် လက်ရွေးစင်အသင်းက အနားယူဖို့ အကောင်းဆုံးအချိန်လို့ ခံစားရပါတယ်။ ကျွန်တော်ဟာ ခရိုအေးရှားအသင်းအတွက် အကောင်းဆုံးပေးဆပ်ခဲ့ပြီးပါပြီ။ ခရိုအေးရှားဘောလုံးသမိုင်းမှာ အကြီးမားဆုံးအောင်မြင်မှုကို ရရှိအောင် ကျွန်တော် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်"ဟု ပြောကြားခဲ့သည်။

Photo: Getty Images

မန်ဇူကစ်သည် ခရိုအေးရှားလက်ရွေးစင်အသင်းအတွက် ၂၀၀၇ ခုနှစ်၊ နိုဝင်ဘာလက ကစားခဲ့သည့် မက်ဆီဒိုးနီးယားအသင်းနှင့်ပွဲတွင် စတင်ပွဲထွက်ခဲ့ပြီး ၂၀၀၈ ခုနှစ်၊ စက်တင်ဘာလတွင် ကစားခဲ့သည့် အင်္ဂလန်အသင်းအား (၄-၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သောပွဲစဉ်၌ စတင်ဂိုးသွင်းယူနိုင်ခဲ့သည်။

မန်ဇူကစ်သည် ခရိုအေးရှားလက်ရွေးစင်အသင်းအတွက် (၁၂)နှစ်တာကာလအတွင်း (၈၉)ပွဲပါဝင်ကစားခဲ့ပြီး (၃၃)ဂိုးအထိ သွင်းယူပေးနိုင်ခဲ့သလို ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း ခရိုအေးရှားလက်ရွေးစင်အသင်းအတွက် (၃)ဂိုးအထိ သွင်းယူပေးနိုင်ခဲ့သည်။

၎င်းသည် ၂၀၁၃ ခုနှစ် ခရိုအေးရှားတစ်နှစ်တာ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံရသူလည်း ဖြစ်သည်။ မန်ဇူကစ်က လက်ရွေးစင်အသင်းတွင် ကစားစဉ်ကာလတစ်လျှောက် အားပေးခဲ့သည့် ပရိသတ်များအားလုံးကို ကျေးဇူးတင်ကြောင်းလည်း ပြောကြားခဲ့သည်။

Most Read

Most Recent