<

မြောက်ဦးဖြစ်စဉ်အတွင်း ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံတက် ကုသနေချိန် ပုဒ်မ ၆ (၁) ဖြင့် တရားစွဲဆို ဖမ်းဆီးခံထားရသော လူငယ်ရှစ်ဦး၏ (၁၇) ကြိမ်မြောက်ရုံးချိန်းတွင် စွဲချက်တင်မတင် လျှောက်လဲရမည် ဖြစ်သော်လည်း ကော်မရှင် စစ်ဆေးချက် မရသဖြင့် ရုံးချိန်းပြောင်း

ဖမ်းဆီးခံထားရသော လူငယ်ရှစ်ဦးအား ၁၃ ရက်နေ့ ရုံးထုတ်တွင် တွေ့ရစဉ်

ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ဖြစ်ပွားခဲ့သော လူစုလူဝေးဖြစ်စဉ်အတွင်း သေနတ်ပစ်ဖောက်ရာမှ ဒဏ်ရာရရှိသဖြင့် စစ်တွေပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေချိန် ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေး အက်ဥပဒေပုဒ်မ ၆ (၁) ဖြင့် တရားစွဲဆို ဖမ်းဆီးခံထားရသော လူငယ်ရှစ်ဦး၏ သြဂုတ် ၁၃ ရက်က (၁၇) ကြိမ်မြောက် ရုံးထုတ်ခဲ့သော်လည်း တရားလိုပြ သက်သေတစ်ဦးဖြစ်သည့် ရှေးဟောင်းသုတေသနဌာနမှ ဦးညိမ်းလွင်အား ကော်မရှင်ဖြင့် စစ်ဆေးရန် ပေးပို့ထားသည့် စစ်ဆေးချက် အကြောင်းပြန်စာ မရောက်သဖြင့် စွဲချက်တင်သင့် မတင်သင့် နောက်ရုံးချိန်းသို့ ပြောင်းလဲခဲ့ရပြီး သြဂုတ် ၂၃ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့ကြောင်း သိရသည်။

“ဒီနေ့ဟာ တကယ်တော့ စွဲချက်တင်သင့် မတင်သင့် လျှောက်လဲချက်ပေးရမှာ ဖြစ်ပေမယ့် အဲဒါမဖြစ်တော့ဘူး။ တချို့ သက်သေတွေကို စစ်ဆေးတာ တရားမ၀င်ဘူး၊ သူတို့နယ်မြေ မဟုတ်ဘူးလို့ပြောတယ်။ ပြန်လည် စစ်ဆေးမယ်လို့ တရားရုံးက ပြောပါတယ်။ အခုလိုမျိုး ကြန့်ကြာနေတာ အချိန်ဆွဲထားတယ်လို့မြင်တယ်။ ကျွန်တော်တို့မှာ ဘာအပြစ်မှ မရှိပါဘူး။ တချို့က ကျန်းမာရေး မကောင်းဘူးလို့ ပြောလို့ရတယ်။ ကျောမှာ ကျည်တစ်လုံး ထုတ်လို့ မရသေးဘူး။ အပြင်မှာ လွတ်လပ်စွာ ဆေးကုသခွင့်ရချင်တယ်။ ချိုင်းထောက်နဲ့ သုံးယောက်ရှိတယ်။ အခုအထိ ချိုင်းထောက်နဲ့ သွားနေရဆဲပါ။ ကျွန်တော့်မှာဆိုရင် လက်တစ်ဖက် ကွေးလို့ဆန့်လို့ မရသေးဘူး။ ထောင်ထဲမှာတော့ ဆေးတစ်လုံးသောက်ဖို့အတွက် သိပ်ပြီးအခက်အခဲ ရှိပါတယ်။ အပြင်မှာ ကုသခွင့်ရချင်ကြတယ်။ နောက်လာမယ့် ၂၃ ရက်မှာ စာရောက်ရင် စစ်ဆေးမယ်လို့တော့ ပြောပါတယ်” ဟု အဖမ်းခံရသည့် လူငယ်များထဲမှ လူငယ်တစ်ဦးက ပြောကြားသည်။

ယင်းအမှုအတွက် တချို့သော တရားလိုပြ သက်သေများသည် ဝေးလံသော နေရာများသို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင်နေရသည့်အတွက် တရားခွင်သို့ လာရောက်ရန် မဖြစ်နိုင်သဖြင့် ကော်မရှင်နှင့် စစ်ဆေးရန် တင်ပြထားကြောင်း၊ သို့သော်လည်း တချို့သော စစ်ဆေးချက်များ တရားရုံးသို့ မရောက်လာသေးသည့် အတွက် စွဲချက်တင်သင့် မသင့် လျှောက်လဲရန် အချိန်ကြန့်ကြာနေခြင်း ဖြစ်ကြောင်း ယင်းအမှုကို လိုက်ပါဆောင်ရွက်နေသူ ဦးထွန်းအောင်ကျော်က ပြောကြားသည်။

ဇန်န၀ါရီ ၁၆ ရက်က မြောက်ဦးမြို့တွင် စာပေဟောပြောပွဲပြုလုပ်ရန် ပြင်ဆင်ထားသော်လည်း စာပေဟောပြောပွဲ မကျင်းပဖြစ်ဘဲ ပျက်ခဲ့သည့်အတွက် လူစုလူဝေး ဖြစ်ပေါ်ပြီးနောက် ရဲစခန်းနှင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့သို့ ရောက်ရှိခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက သေနတ်ပစ်ဖောက်ခဲ့သည့် အတွက် ခုနစ်ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကလေးတွေထဲမှာတော့ ချိုင်းထောက်နဲ့ သွားနေရတာက သုံးယောက်ပေါ့။ စတီးရိုး ထည့်ထားတယ်လို့ ပြောတယ်။ ကျန်တဲ့ငါးယောက်ကတော့ ကျန်းမာရေး အခြေအနေကတော့ ကောင်းမွန်တယ်လို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့။ ဒီကလေးတွေက မသေကောင်း မပျောက်ကောင်းပေါ့။ ပစ်ခတ်ခံခဲ့ရပြီး ဆေးရုံမှာ တက်ရောက်ကုသမှု ခံယူနေစဉ် အတွင်းမှာပဲ တရားခံအနေနဲ့ စစ်ဆေးခံနေရတယ်။ ဆိုတော့ ဘာပဲပြောပြော အမှုကို အတတ်နိုင်ဆုံး ကျေကျေလည်လည် ဖြစ်စေချင်ပါတယ်။ ကျွန်တော်တို့ အကျိုးဆောင်ဘက်ကပေါ့။ ဘာလို့လဲဆိုတော့ ကလေးတွေကလည်း ငယ်ရွယ်တဲ့ကလေးတွေ ဖြစ်တယ်။ ဒဏ်ရာတွေရပြီး ဆေးရုံလည်း တက်ရတယ်။ တရားစွဲလည်း ခံရသေးတယ်ဆိုတော့ ပိုပြီးနစ်နာတယ်လို့တော့ မြင်ပါတယ်” ဟု ရှေ့နေဦးတင်ညိုက ပြောကြားသည်။

 

August 14, 2018














Copy Protected by Chetan's WP-Copyprotect.