နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခံထားရသည့် သင်္ဘောကွေ့ကျေးရွာမှ ဇနီးမောင်နှံအား ငါးကြိမ်မြောက်ရုံးချိန်းတွင် တရားလိုလာရောက်ခြင်း မရှိသဖြင့် စစ်ဆေးမှု မလုပ်နိုင်ခဲ့ကြောင်းနှင့် အဆိုပါအမှု ရုပ်သိမ်းရန် လျှောက်ထားခြင်းကို တရားရုံးက ပယ်ချ

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခံထားရသည့် သင်္ဘောကွေ့ကျေးရွာမှ ဇနီးမောင်နှံအား ငါးကြိမ်မြောက်ရုံးချိန်းတွင် တရားလိုလာရောက်ခြင်း မရှိသဖြင့် စစ်ဆေးမှု မလုပ်နိုင်ခဲ့ကြောင်းနှင့် အဆိုပါအမှု ရုပ်သိမ်းရန် လျှောက်ထားခြင်းကို တရားရုံးက ပယ်ချ
Published 15 August 2018

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆို ခံထားရသည့် သင်္ဘောကွေ့ကျေးရွာမှ ဇနီးမောင်နှံအား ငါးကြိမ်မြောက်ရုံးချိန်းတွင် တရားလိုလာရောက်ခြင်း မရှိသဖြင့် စစ်ဆေးမှု မလုပ်နိုင်ခဲ့ကြောင်း နှင့် အဆိုပါ အမှုရုပ်သိမ်းရန် လျှောက်ထားခြင်းကို တရားရုံးက ပယ်ချခဲ့ကြောင်း သိရသည်။

၅၀၅ (ခ) ဖြင့် တရားစွဲဆို ခံထားရသည့် သင်္ဘောကွေ့ကျေးရွာမှ ဇနီးမောင်နှံဖြစ်သော ဦးထွန်းမြင့်ဦးနှင့် ဒေါ်ဥမ္မာကျော်တို့အား သြဂုတ် ၁၄ ရက်က မောင်တောမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့သော်လည်း တရားလို လာရောက်ခြင်း မရှိသဖြင့် စစ်ဆေးနိုင်ခြင်းမရှိဘဲ အဆိုပါ အမှုရုပ်သိမ်းပေးရန် ရှေ့နေက လျှောက်ထားခြင်းကို တရားရုံးက ပယ်ချခဲ့ပြီး သြဂုတ်၂၁ ရက်တွင် ထပ်မံရုံးချိန်းခဲ့ကြောင်း သိရသည်။

“ဒီကနေ့ ရုံးချိန်မှာလည်း အမှုကို မစစ်ဆေးနိုင်ဘူး။ တရားလိုရော၊ တရားလိုသက်သေရော ရုံးကိုမလာတဲ့ အတွက် အမှုကို မစစ်ဆေးနိုင်ခဲ့ဘူး။ ကျွန်တော်ကတော့ ရုံးချိန်းတိုင်းမှာ တရားလို မရောက်လာတဲ့ အမှုအတွက် အမှုကို ရုပ်သိမ်းပေးဖို့ လျှောက်တယ်။ အဲဒီလျှောက်ထားမှုကိုလည်း ရုံးကပယ်ချခဲ့တယ်။ သြဂုတ် ၂၁ ရက်ကို ထပ်မံရုံးချိန်းပါတယ်” ဟု အမှုကို လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေဦးအောင်ကျော်ညွှန့်က ပြောကြားသည်။

ဇူလိုင် ၂၃ ရက် ဒုတိယအကြိမ် ရုံးချိန်းတွင် ဒေါ်ဥမ္မာကျော်က အာမခံ လျှောက်ထားသော်လည်း ဇူလိုင် ၃၀ ရက် တတိယအကြိမ် ရုံးထုတ်တွင် ဒေါ်ဥမ္မာကျော်အတွက် အာမခံလျှောက်ထားမှု ပယ်ချခံခဲ့ရသည်။

အဆိုပါ ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆို ခံထားရသည့် မောင်တောမြို့တောင်ပိုင်းရှိ သင်္ဘောကွေ့ကျေးရွာသား သုံးဦးအနက် ဦးထွန်းမြင့်ဦးနှင့် ဒေါ်ဥမ္မာကျော်တို့အား ဇူ လိုင် ၉ ရက်က ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်းနှင့် ပထမအကြိမ်အဖြစ် ဇူလိုင် ၁၆ ရက်က မောင်တောမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့ကြောင်း သိရသည်။ လက်ရှိတွင် ဖမ်းဆီးခံထားရသူ ဦးထွန်းမြင့်ဦးနှင့် ဒေါ်ဥမ္မာကျော်တို့အား ဘူးသီးတောင် အကျဉ်းထောင်တွင် ထိန်းသိမ်းထားကြောင်း သိရသည်။

သင်္ဘောကွေ့ကျေးရွာသား သုံးဦးအား ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ) အရ ရာဇဝတ်မှုကို ကျူးလွန်ကြောင်းနှင့် စွဲချက်ရှိသည်ကို ထုချေရှင်းလင်းရန် ဇူလိုင် ၉ ရက် အရောက် လာရောက်ရန် မြို့နယ်တရားရုံးက ဇူလိုင် ၈ ရက် က သမ္မန်စာပေးပို့ခဲ့ပြီး ကျေးရွာအား ဇူလိုင် ၉ ရက်တွင် သက်ဆိုင်ရာက ဖြိုဖျက်ခဲ့သည်။

မောင်တောမြို့နယ် သင်္ဘောကွေ့ကျေးရွာအား ဇူလိုင် ၉ ရက်တွင် သက်ဆိုင်ရာက ရှင်းလင်းဖယ်ရှားမှုများ ပြုလုပ်ခဲ့ပြီး ကျေးရွာသားများအား အင်းဒင်ကျေးရွာသို့ ပြောင်းရွှေ့ပေးမည်ဟု ပြောဆိုခဲ့သော်လည်း ကျေးရွာသားများက လက်မခံဘဲ ကျောက်ပန်းတူကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့က မောင်တောမြို့နယ် သင်္ဘောကွေ့ကျေးရွာ မီးလောင်ပြင်နေရာတွင် ဥပဒေမဲ့ ဝင်ရောက် နေထိုင်သူများအတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး သွားလာရ လွယ်ကူသည့် မောင်တောမြို့နယ် အင်းဒင်ရဲစခန်း အရှေ့ဘက်တွင် ကျေးရွာသစ်မြေနေရာ ရွေးချယ်ပြီး ယာယီ အဆောက်အအုံများ ဆောက်လုပ်ပေးကာ အမြဲနေထိုင်နိုင်ရေးအတွက် အခိုင်အမာ အဆောက်အအုံ အလုံး ၁၀၀ တည်ဆောက်ပေးလျက် ရှိကြောင်း ဇူလိုင် ၁၂ ရက်က အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်မြို့နယ် အသီးသီးမှ ရွှေ့ပြောင်းလာသူများသည် မောင်တောမြို့နယ် တောင်ပိုင်း သင်္ဘောကွေ့ ကျေးရွာတွင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလက စတင်အခြေချ နေထိုင်ခဲ့ကြောင်း သိရသည်။

မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်တွင် ဥပဒေမဲ့ ဝင်ရောက် နေထိုင်သူများအား သက်ဆိုင်ရာက တရားဝင်ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ နေထိုင်မှုမပြုရန် တားမြစ်ခဲ့ပြီး လိုက်နာမှုမရှိပါက တည်ဆဲဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ကို အသိပေး အကြောင်းကြားခဲ့ကြောင်း၊ လိုက်နာဆောင်ရွက်မှု မရှိသဖြင့် ထပ်မံ၍ သတိပေးစာ နှစ်ကြိမ် ထုတ်ပြန်ခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၂၅ ရက်က သင်္ဘောကွေ့ကျေးရွာ မီးလောင်ပြင်နေရာမှ ပြောင်းရွှေ့လာသည့် အိမ်ထောင်စု ၃၇ စုကို သက်ဆိုင်ရာက အင်းဒင်ကျေးရွာသစ် မြေနေရာသို့ စနစ်တကျ ပြောင်းရွှေ့နေရာချထားပေးခဲ့ပြီး ဥပဒေမဲ့နေထိုင်သူ အိမ်ထောင်စု ၂၄ စုမှာ မပြောင်းရွှေ့ဘဲ ဆက်လက်နေထိုင်လျက် ရှိသဖြင့် သက်ဆိုင်ရာက ဥပဒေနှင့်အညီ ရှင်းလင်းဖယ်ရှားခဲ့ခြင်း ဖြစ်ကြောင်း အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။

 

Most Read

Most Recent