ချယ်လ်ဆီးကွင်းလယ်လူ ဘာကာယိုကိုအား (၁)ရာသီအငှားဖြင့် အေစီမီလန်အသင်း ခေါ်ယူ

ချယ်လ်ဆီးကွင်းလယ်လူ ဘာကာယိုကိုအား (၁)ရာသီအငှားဖြင့် အေစီမီလန်အသင်း ခေါ်ယူ
Published 15 August 2018

Photo: AC Milan Twitter

အေစီမီလန်အသင်းသည် ချယ်လ်ဆီးကွင်းလယ်လူ ဘာကာယိုကိုအား (၁)ရာသီအငှားဖြင့် ခေါ်ယူခဲ့ကြောင်း တရားဝင်ထုတ်ပြန်ခဲ့သည်။

အေစီမီလန်အသင်းသည် ဘာကာယိုကို(၂၃ နှစ်)အား ပေါင်(၃၁)သန်းဖြင့် အပြီးသတ်ခေါ်ယူနိုင်သည်ဆိုသောအချက်ကိုပါ အငှားစာချုပ်တွင် ထည့်သွင်းချုပ်ဆိုခဲ့ကြောင်း သိရသည်။

အေစီမီလန်အသင်း၏ ထုတ်ပြန်ချက်တွင် "ချယ်လ်ဆီးအသင်းမှ ပြင်သစ်ကွင်းလယ်လူ ဘာကာယိုကိုအား ခေါ်ယူနိုင်ခဲ့ပြီဟု အေစီမီလန်အသင်းက ထုတ်ပြန်ကြောင်း၊ ဘာကာယိုကိုအား တစ်ရာသီအငှားဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး အပြီးသတ်ခေါ်ယူနိုင်သည်ဆိုသော အချက်ကိုပါ အငှားစာချုပ်စာချုပ်တွင် ထည့်သွင်းချုပ်ဆိုထားကြောင်းနှင့် ဘာကာယိုကိုအား သြဂုတ်လ (၁၇)ရက်တွင် မီဒီယာများနှင့် မိတ်ဆက်ပေးသွားမည်ဖြစ်ကြောင်း"ပါရှိသည်။

ဘာကာယိုကိုသည် ၎င်း၏ ပရိုကစားသမားဘဝကို ပြင်သစ်ကလပ် ရန်းစ်အသင်း၌ စတင်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် မိုနာကိုအသင်းသို့ ပြောင်းရွှေ့ခဲ့သည်။

ဘာကာယိုကိုသည် မိုနာကိုအသင်းတွင် ခြေစွမ်းပြနိုင်သောကြောင့် နာမည်ရလာခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လက ချယ်လ်ဆီးအသင်းသို့ ပေါင်သန်း (၄၀)ဖြင့် ပြောင်းရွှေ့ခဲ့သူ ဖြစ်သည်။

ဘာကာယိုကိုသည် ပြီးခဲ့သည့်ရာသီက ချယ်လ်ဆီးအသင်းတွင် ပြိုင်ပွဲစုံ (၄၃)ပွဲအထိ ကစားပေးခဲ့ကာ (၃)ဂိုး သွင်းယူနိုင်ခဲ့သူ ဖြစ်သည်။

သို့သော် ယခုရာသီတွင် နည်းပြ ဆာရီ ရောက်ရှိလာမှုနှင့်အတူ နာပိုလီကွင်းလယ်လူ ဂျော်ဂျင်ဟိုပါ ရောက်ရှိလာသည့်အတွက် ချယ်လ်ဆီးအသင်းက ဘာကာယိုကိုအား အေစီမီလန်အသင်းသို့ အငှားချခဲ့ခြင်း ဖြစ်သည်။

ရာသီသစ်အတွက် ပြင်ဆင်မှုများပြုလုပ်နေသည့် အေစီမီလန်အသင်းသည် ဟီဂွါအင်အပါအဝင် ကစားသမား (၈)ဦးအထိ ခေါ်ယူထားပြီး၊ ဘာကာယိုကိုသည် ယခုနှစ်အပြောင်းအရွှေ့တွင် အေစီမီလန်အသင်းသို့ ရောက်ရှိလာသည့် (၉)ဦးမြောက် ကစားသမား ဖြစ်သည်။

Most Read

Most Recent